ပဉ္စမံတပ်သား/သူ့လူကိုယ့်ဘက်သား
(ဇော်ဇော်အောင်)
အရေးကိစ္စတစ်ခုမှာ
တစ်ဖက်ကနေတယ်၊ ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်ကို အားပေးတဲ့သူဆိုတဲ့အဓိပ္ပာယ်နဲ့လည်း
သုံးလာတယ်။ ကျွန်တော်တို့ အခု အခြေအနေနဲ့ပြောရမယ်ဆိုရင်
. . . ဒီမိုကရေစီကိုလိုလားဟန်ဆောင်ပြီး ဒီမိုကရေစီစကား များများပြောပြီး၊
တိတ်တဆိတ်ကျိတ်ပြီး ဒီမိုကရေစီပျက်စီးရာပျက်စီးကြောင်းလုပ်တဲ့သူတွေဟာ . .
.ပဉ္စမံတပ်သား Fifth Columnist တွေပဲ ဖြစ်ပါတယ် . . .
ပဉ္စမံတပ်သား။ အရေးကိစ္စတစ်ခုကို အများအကျိုးအတွက်
အများ စုပေါင်းဆောင်ရွက်ကြရာမှာ သူ့လူကိုယ့်ဘက်သားလုပ်ပြီး ဝင်ရောက်
ဖျက်ဆီးတဲ့လူကို ခေါ်တယ်။ သူ့လူကိုယ့်ဘက်သားဆိုတဲ့စကားက သဘောမိတယ်။ လူကတော့
သူ့လူပဲ၊ ဒါပေမယ့် ကိုယ့်ဘက်မှာ နေတယ်။ ကိုယ့်လူဟန်ဆောင်ပေးတယ်။ ပြီးတော့ မသိအောင်
ကပျက်ယဖျက်လုပ်တယ်။ အနှောင့်အယှက်ပေးတယ်။ နောက်ဆုံး လုပ်ငန်းကြီး တစ်ခုလုံးကိုလုပ်မရအောင်
ဖျက်ဆီးတယ်။
ဒီလိုလူတွေဟာ ပရိယာယ်ကြွယ်တယ်။ ပါးနပ်တယ်။
လူရည်လယ်တယ် ခေါ်ရမှာပေါ့။ သူတို့ဟာ ရန်သူဘက်က(ဝါ)တစ်ဖက်ကဖြစ်တယ် ဆိုတာ
မရိပ်မိအောင် မသိအောင်နေတယ်။ အနေအထိုင် သိပ်သည်းတယ်။ စကား ကြွယ်တယ်။ တစ်ဖက်ကို
ဘယ်လောက်မုန်းတီး ဆန့်ကျင်ကြောင်း (အမှန်တော့ အဲ့ဒီ တစ်ဖက်ဟာသူ့ဘက်) ဒီဘက်ကို
ဘယ်လောက်လေးစားချစ်ခင်ကြောင်း (အမှန်တော့ ဒီဘက်ဆိုတာ သူနဲ့ဆန့်ကျင်ဘက်) တွေကို
အာဘောင်အာရင်းသန်သန် ပြောတတ်တယ်။
အဲဒီလိုလူမျိုးတွေဟာ မျက်နှာချင်းဆိုင်
တိုက်ခိုက်နေရတဲ့ရန်သူထက် ပိုကြောက်စရာ ကောင်းတယ်။ အဲ့ဒီ သူ့လူ ကိုယ့်ဘက်သား
ပဉ္စမံတပ်သားဆိုတာ အလွန် အန္တရာယ်ကြီးပါတယ်။
ပဉ္စမံတပ်သားဆိုတဲ့စကားကို ဘယ်သူ စတင်
ပြန်ဆိုသုံးစွဲခဲ့သလဲ မသိပါ။ စိတ်အထင်တော့ ဟိုတုန်းက သတင်းစာဆရာကြီး
တစ်ယောက်ယောက်၊ ဂျာနယ်လစ်ကြီး တစ်ယောက်ယောက် ဖြစ်လိမ့်မယ်ထင်ပါတယ်။ လေးစားဖို့
ကျေးဇူးတင်ဖို့ကောင်းပါတယ်။ နိုင်ငံကြီးတွေမှာတော့ အရေးပါတဲ့ စကားလုံးအသစ်တစ်လုံး
ထွက်ပေါ် လာတယ်ဆိုရင် ဘယ်တုန်းက ဘယ်သူက စသုံးခဲ့တယ်ဆိုတာ အဘိဓာန်ကြီးတွေမှာ
မှတ်တမ်းတင်ထားတတ်ကြတယ်။ ကျောင်းသုံးအဘိဓာန်မျိုးမှာတော့ မဟုတ်ဘူးပေါ့။ OED လို
အဘိဓာန်ကြီးတွေမှာ တွေ့ရတတ်တယ်။ ကျွန်တော်တို့ဆီမှာလည်း တစ်နေ့တော့ ဖြစ်လာမှာပေါ့။
ဒီစကားလုံး ဖြစ်ပေါ်လာပုံအကျဉ်းလောက်ပြောရရင်
. . .
၁၉၃၆ ခုနှစ် ဝန်းကျင်လောက်မှာဖြစ်တဲ့
စပိန်နိုင်ငံ ပြည်တွင်းစစ်အဖြစ်ပျက်က စပြောရမယ်။ နောင်အခါ အာဏာရှင်အဖြစ်ကျော်ကြားလာတဲ့
ဖရန်ကို အမျိုးသားရေးဝါဒီတွေနဲ့ စပိန် ဘုရင့်နိုင်ငံတော်နဲ့ ပဋိပက္ခဖြစ်ကြတယ်။
ဖရန်ကိုရဲ့အမျိုးသားရေးဝါဒီတပ်တွေကိုဦးစီးတဲ့ စစ်သူကြီး Mola မိုလာဆိုတာ ရှိတယ်။ ဒီစကားလုံးက
စစ်သူကြီး မိုလာ စတင်သုံးစွဲခဲ့တဲ့စကားလုံးဖြစ်တယ်။ စပိန် နေပြည်တော် Madrid ကို
စစ်သူကြီး မိုလာက ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်တယ်။ စစ်ကြောင်းကြီးလေးကြောင်းနဲ့ ဝိုင်းရံတိုက်ခိုက်တယ်။
အပြင်မှာ စစ်ကြောင်းကြီး လေးကြောင်း ဝိုင်းထားသလို၊ အထဲမှာလည်း ''ပဉ္စမမြောက်စစ်ကြောင်းကြီး
Fifth Column" ရှိနေတယ်လို့ မိုလာကဆိုတယ်။ စစ်ကြောင်းကြီးဆိုတာ Column လို့
ခေါ်တယ်။
ရန်သူ့မြို့တော်အတွင်းမှာပဲ
စစ်ကြောင်းကြီးတစ်ခုလောက်များပြားတဲ့ သူလျှိုတွေဒလန်တွေ မြှုပ်နှံထားတယ်လို့
ဆိုလိုတာ ဖြစ်တယ်။ နောက်ပိုင်းမှာတော့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို
သစ္စာဖောက်ပြီး ရန်သူကို အားပေးအားမြှောက်လုပ်သူလို့လည်း အဓိပ္ပာယ် တွင်လာတယ်။
အရေးကိစ္စတစ်ခုမှာ တစ်ဖက်ကနေတယ်၊ ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်ကိုအားပေးတဲ့သူဆိုတဲ့
အဓိပ္ပာယ်နဲ့လည်း သုံးလာတယ်။
ကျွန်တော်တို့ အခုအခြေအနေနဲ့ ပြောရမယ်
ဆိုရင် . . . ဒီမိုကရေစီကိုလိုလား ဟန်ဆောင်ပြီး၊ ဒီမိုကရေစီ စကား များများ
ပြောပြီး၊ တိတ်တဆိတ် ကျိတ်ပြီး ဒီမိုကရေစီ ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့သူတွေဟာ
. . . ပဉ္စမံတပ်သား Fifth Columnist တွေပဲ ဖြစ်ပါတယ်။
ရင်ဆိုင်တွေ့နေရတဲ့ ရန်သူထက် ပို
ကြောက်စရာကောင်းပါတယ်။
နောက်ကျောကို ဓားနဲ့ထိုးတယ်ဆိုတဲ့စကား
ရှိတယ်။ ပဉ္စမံတပ်သားတွေက နောက်ကျောလည်း ဓားနဲ့ထိုးတယ်၊ တွေ့ရာကြုံရာ နေရာမရွေး
လစ်ရင် လစ်သလို ဓားနဲ့ထိုးမယ့်လူတွေ ဖြစ်တယ်။ သိပ် သတိထားရပါမယ်။ အထူးသဖြင့်
နိုင်ငံရေးမှာ လှုပ်ရှားမှုပြင်းထန်လာတဲ့အချိန်တိုင်း ရှုပ်ထွေးတဲ့အခြေအနေကို
အခွင့်ကောင်းယူပြီး ပဉ္စမံတွေ လှုပ်ရှားတတ်ကြတယ်။
သိပ်မကြာသေးခင်ကပဲ ဆောင်းပါးတစ်စောင်
ဖတ်လိုက်ရတယ်။ ၂၂-၈-၂ဝ၁၂ နေ့ထုတ် Newday News သတင်းဂျာနယ်မှာ ဖြစ်ပါတယ်။ ဆောင်းပါးရှင်ထွန်းဇော်ဌေးရဲ့
'မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းမှာ'ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။
အခု ကျွန်တ်ာပြောနေတဲ့ ပဉ္စမံတပ်သားအန္တရာယ်နဲ့
သက်ဆိုင်နေပါတယ်။ ဆောင်းပါးရှင်ဟာ နိုင်ငံရေးအတွေ့အကြုံရှိတဲ့သူ တစ်ယောက်ပါပဲ။
ကွယ်လွန်သူ ဒဿနိကပါမောက္ခ ဦးသိန်းဇံ (ဆရာနန္ဒာသိန်းဇံ)ရဲ့ တပည့်ရင်းတစ်ယောက်လို့
သိရတယ်။
၈၈ လှုပ်ရှားမှုကြီးအတွင်းက သူ့ဆရာ နန္ဒသိန်းဇံက
သူ့ကိုခေါ်ပြီး စာရွက်တစ်ရွက် ပေးတယ်၊ အရစ္စတိုတယ် Aristotle ရဲ့ကျမ်းစာထဲက
ကောက်နုတ် စာသားတစ်ပုဒ်ဖြစ်တယ်။ သူ့တပည့်ရင်း(ဆောင်းပါးရှင်ထွန်းဇော်ဌေး)ကို
ဒီစာရွက်ပေးလိုက်ခြင်းဟာ လတ်တလော ဖြစ်ပွားနေတဲ့လှုပ်ရှားမှုမှာ ပညာရှင်တစ်ယောက်အနေနဲ့
ထည့်ဝင်သည်ပိုးအကျိုးပြု contribute လုပ်လိုက်တာပါပဲ။
အဲဒီကောက်နုတ်ချက်စာရွက်မှာ ရေးထားတာက
''လူထုအုံကြွမှုတစ်ခုပေါ်ပေါက်လာပြီဆိုရင် တစ်ဖက်က လူတွေဟာ အာရုံပြောင်း သွားအောင်
မဟုတ်မမှန် လုပ်ကြံသတင်းတွေ ဖြန့်တယ်၊ ပမာအားဖြင့် ရေတွင်းရေကန်တွေမှာ အဆိပ်
ခတ်ထားတယ်၊ ဘယ်နေရာမှာ ဆူပူမှုတွေ၊ လုယက်မှုတွေ ဖြစ်နေတယ်။ လူထု အကာအကွယ်မဲ့ပြီး
အချိန်မရွေး ဒုက္ခရောက်သွားမယ်၊ လုံခြုံမှုတွေ မရှိတော့ဖူး စသည်ဖြင့် ဝါဒဖြန့်တယ်။
နေရာအနှံ့အပြားမှာ ပြဿနာတွေ အခက်အခဲတွေ မဖြစ်ဖြစ်အောင် ဖန်တီးတတ်ကြတယ်၊ ဘယ်နေရာမှာဖြင့်
လူတွေ ခေါင်းဖြတ်သတ်နေကြပြီ၊ မကြုံဘူးအောင် ရက်စက်နေကြပြီ စသည်ဖြင့်လည်း
ကြောက်အောင် ခြောက်တတ်ကြတယ်။ အုပ်စိုးသူတွေဟာ ပြည်သူလူထုရဲ့အုံကြွမှု
အကြောင်းရင်းတွေကို ဖြေရှင်းမပေးနိုင်တဲ့အတွက် လူထုကို အာရုံပြောင်း လမ်းကြောင်းလွှဲပေးတာမျိုးပဲ
ဖြစ်တယ်။ ဒါတွေဟာ တစ်ဖက်ကလူတွေရဲ့ ပဉ္စမံနည်းလမ်းတွေ ဖြစ်ပါတယ်။
ဆရာနန္ဒာသိန်းဇံ(ကျွန်တော်တို့ကတော့
ဇံကြီးလို့ ခေါ်တယ်) ရဲ့ တာဝန်ကျေမှုတစ်ခု ဖြစ်တယ်လို့ ထင်ပါတယ်။
အတွေ့အကြုံအရပြောရရင် ဆိုကြပါစို့၊
စီတန်းလှည့်လည် ဆန္ဒပြပွဲဆိုပါတော့။ အေးအေးချမ်းချမ်း စနစ်တကျ တန်းစီချီတက်ကြတယ်၊
ကြွေးကြော်သံကပ်ပြားတွေ ထောင်ပြီး ကိုင်လာကြတယ်၊ ကြွေးကြော်သံတွေ အတိုင်အဖောက်
ကြွေးကြော်လာကြတယ်။ စုရပ် တစ်နေရာ ရောက်တဲ့အခါ စကားပြောမယ်၊ အဆိုတင်သွင်းမယ်၊
ထောက်ခံမယ်၊ ဆုံးဖြတ်ချက် ချမယ်၊ ပြီးရင် ကြွေးကြော်သံတွေနဲ့ရုပ်သိမ်း လူစုခွဲမယ်။
ဒါဟာ ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ် ချီတက်ပွဲ၊ ဆန္ဒပြပွဲပါပဲ။
အဲဒီမှာ တန်းစီသူတွေနဲ့အတူလိုက်ပါလာတဲ့
သူ့လူကိုယ့်ဘက်သား ပဉ္စမံတွေက မဖွယ်မရာ အော်ဟစ်တာတို့၊ ဘေးက ရပ်ကြည့်နေတဲ့ လူတွေကို
မဖွယ်မရာလုပ်ပြတာတို့၊ ရန်ဖြစ်တာတို့၊ ဘေးမှာရပ်ထားတဲ့ မော်တော်ကား၊ လမ်းဘေးဈေးဆိုင်ကလေးတွေကို
ကန်ကျောက်တာ၊ အုတ်ခဲနဲ့ထုတာ၊ ဖျက်ဆီးတာ၊ နောက်ဆုံးအဆင့်ဈေးဆိုင်တွေကို ဝင်လုယက်တာတွေ
လုပ်တတ်ကြတယ်။ ဆန္ဒပြပွဲ စီတန်းလှည့်လည်ပွဲကို သရုပ်ပျက်အောင် လုပ်တာပဲ။
ရှင်းရှင်းလေးပဲ၊
အဲဒီလိုလုပ်တဲ့သူတွေဟာ များသောအားဖြင့်
အခကြေးငွေပေးပြီးခေါ်ထားတဲ့ . . . ကလေကချေ၊ အခြေမဲ့အနေမဲ့လူတွေ ဖြစ်တတ်ကြတယ်၊
မာ့စ်ဝါဒရဲ့ဖခင်ကြီး ကားလ်မာ့စ် Karl Marx
က . . . ဒီလိုလူမျိုးတွေကို Lumpen လူတန်းစားလို့ခေါ်တယ်၊ လူ့လောကကို
ဘာမှကောင်းကျိုး မပေး၊ ဖျက်ဆီးတတ်တဲ့ ကလေကချေလူတန်းစားတွေ ဖြစ်တယ်၊ မာ့စ်ကတော့
လူ့လောကရဲ့အမှိုက်တွေလို့တောင် ခေါ်ခဲ့တယ်၊ တော်လှန်ရေးကိုဖျက်ဆီးမယ့်လူတွေလို့
သတ်မှတ်ခဲ့ဖူးတယ်။
ကျွန်တော်တို့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ
မှာလည်း ဒီလို ပဉ္စမံတပ်သားတွေ ရှိနိုင်တယ်။ ရှိနေတယ်၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို
အခု ပြောခဲ့သလို အတွင်းကဝင်ပြီး သရုပ်ပျက်အောင်လုပ်တော့ တစ်ဖက်က အကွက်ဝင်သွားတယ်။
ဘာအကွက်လည်းဆိုရင် . . . မင်းတို့ ဆန္ဒပြပွဲတွေဟာ စည်းမရှိ ကမ်းမရှိ ပရမ်းပတာတွေ၊
လူအများအနှောင့်အယှက် ဖြစ်တယ်၊ စည်းကမ်းထိန်းသိမ်းရမယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့
ဆန္ဒပြချင်ရင် လျှောက်လွှာတင်ခွင့်ပြုမိန့်တောင်းရမယ်၊ လူ ဘယ်နှယောက်ပါမယ်၊
ဘာတွေပြောမယ်၊ ကြွေးကြော်သံတွေ ရေးတင် ရမယ်၊ စီတန်းလှည့်လည်ရင်လည်း ဘယ်လမ်းက
သွားမယ်၊ ဘယ်မှာဆုံးမယ် စသည်ဖြင့် အသေးစိပ်စည်းကမ်းတွေ ထုတ်လာတယ်၊ ချုပ်ချယ်လာတယ်။
ပညာသားပါပါနဲ့ နှိပ်ကွပ်ပိတ်ဆို့ လာတတ်တယ်၊
တကယ်တော့ လူတိုင်းလူတိုင်း လွတ်လွတ်လပ်လပ်
ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိတယ်။ (အပိုဒ် ၂ဝ၊ အပိုဒ်ခွဲ ၁) လူတိုင်း လူတိုင်းဟာ
မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသခွင့် ရှိတယ်။ (အပိုဒ် ၁၉) လို့ ကုလသမဂ္ဂ
လူ့အခွင့်အရေးကြေငြာစာတမ်းမှာပါပြီး ဖြစ်ပါတယ်။
ပိုဆိုးတာက ပိုအန္တရာယ်ကြီးတာက ဒီလို
ရှိပါတယ်။ ဆိုကြပါစို့။ စကားပမာ ပြောတယ်လို့ပဲ သဘောထားပါ။ ကျွန်တော်တို့ ဒီမိုကရေစီ
ဘက်တော်သား၊ ဒီမိုကရေစီအင်အားစုတွေထဲမှာ အတွေ့အကြုံများတဲ့သူတွေ ရှိတယ်။
နိုင်ငံရေးမှာ ၁ ၊သမ္ဘာ ၂၊ ဝါ ကြီးတဲ့သူတွေ ရင့်ကျက်သူတွေ ရှိတတ်ကြပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီအကြောင်း ကောင်းကောင်း ပြောတတ်တယ်။ များများ
ပြောကြတယ်။ ကျယ်ကျယ်လောင်လောင် ပြောတတ်ကြတယ်။ အဟောအပြောမှာ ရှေ့တန်းရောက်တယ်။
တကယ့်အရေးကြုံလာရင်၊ ကျဉ်းထဲကျပ်ထဲ ကျလာရင် သူတို့မရှိတော့ဘူး။ အခြေအနေကောင်းရင်
ပြန်ပေါ်လာပြီး ဒီမိုကရေစီအတွက် ဘယ်လိုလုပ်မယ် ဘယ်လိုကိုင်မယ် မိုးတစ်လုံး
လေတစ်လုံးပြောကြပြန်ရော။ အဲဒီလို လူတွေက ပိုအန္တရာယ် ကြီးတယ်။
ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာနေပြီး
သိမ်သိမ်မွေ့မွေ့ ပါးပါးနပ်နပ်နဲ့ ကိုယ့်လမ်းကြောင်း မသွေဖည်သွားအောင်
လုပ်တတ်ကြတယ်။ သမ္ဘာကလည်း ရင့်နေပြီ၊ ဝါကလည်း ကြီးလှပြီ။ အဟောကောင်းအပြောကောင်း
(မကောင်းလည်း စကားတွေ အများကြီးပြောတတ်) တဲ့ သူတွေဖြစ်တဲ့အတွက် ရိုးသားတဲ့ဒီမိုကရေစီဘက်သားတွေ
နားယောင်သွားတတ်ကြတယ်။ လမ်းကြောင်းမှားအောင် ပါးပါးကလေး လုပ်တတ်ကြတယ်။
ဒီလို ပုဂ္ဂိုလ်တွေလည်း ပဉ္စမံတွေပဲ။ ပိုတတ်တော့၊
ပိုကျွမ်းကျင်တော့၊ ပို ကောက်ကျစ်တော့ ကိုယ့်ဘက်မှာ အထိနာတယ်ဆိုတာ သတိပြုမိဖို့
လွန်စွာ အရေးကြီးပါကြောင်း ။ ။
0 comments:
Post a Comment