Saturday, February 9, 2019

(ချစ်စပေါ်ကြပါစေ) မျိုးမြင့်ချို

0 comments
(ချစ်စပေါ်ကြပါစေ)
ဒီမှာက ဗယ်လင်တိုင်းမှမဟုတ်ပါဘူး ထူးခြားတဲ့နေတိုင်းကို Commercialized လုပ်ထားတာပါ။ ဘာမှ မထူးခြားဘူးဆိုလည်း National Coffee Day တို့ National Candy Day တို့ National Cookies Day တို့လုပ်ပြီး အရောင်းမြှင့်တင်ကြ ကြော်ငြာကြတာပါ။ အရာရာကို ကော်မာရှယ်လ်ဇာတ်သွင်းထားတာပါ။
February 9, ဒီနေ့ဆိုတာဟာ National Pizza Day လုပ်ထားတာပါ။ မရင်နှစ်တယောက် ပီဇာစားချင်တယ်ဆိုလို့ သူ့အမေသင်းသင်းက နေ့လည်က ပီဇာဟတ်မှာသွားဝယ်တာ ခါတိုင်း ၉ ဒေါ်လာတန်ကို ၅ ဒေါ်လာနဲ့ ရခဲ့ပါတယ်။

အားလုံးဟာ စီးပွားရေးပါ။ အမေရိကန် လူကြီးတွေပြောသလိုပေါ့ ခရစ္စမတ်စ်မှာ ဂျီးဆပ်စ်တောင် ရောင်းတန်းဝင်ပစ္စည်း ဖြစ်သွားပြီတဲ့။ မကြာခင်မှာ Saint Valentine's Day လာပါတော့မယ်။ ပန်းတွေ လက်ဆောင်တွေ ချောကလက်တွေ ကဒ်ပြားလေးတွေ လက်မလည်အောင် ရောင်းနေကြရပါပြီ။ စာတိုက်တွေလည်း ပါဆယ်ထုတ်တွေ သယ်မနိုင်အောင် ဝေကြပါပြီ။
စီးပွားရေးသမားက စီးပွားရှာသလို ချစ်သူတွေကလည်း အပြန်အလှန်လက်ဆောင်တွေပေးကြ ချစ်သဝဏ်တွေပါးကြ ချစ်ခွန်းတွေဖလှယ်ကြ ချစ်တုန့်တင်ကြပေါ့လေ။ ချစ်သူမရှိသေးသူတွေကလည်း ချစ်သူကြင်သူရှာကြပြုကြပေါ့။

အိမ်ထောင်သက် ၆၈ နှစ်ရောက်မှ ကွယ်လွန်သွားတဲ့ ကျနော့်ယောက္ခမဘွားတော်ကို သူ့ခင်ပွန်းဘိုးတော်က မြေး မြစ် တီ တွတ်တွေရှေ့မှာ ပါးပြင်ကို ဖွဖွလေး မွှေးမွှေးပေးရင်း၊ လက်ဆောင်လေးပေးရင်း၊ ဇွန်းလေးနဲ့ ဗယ်နဲလားအရသာ အိုက်စ်ကရင်မ်းခွံ့ကျွေးတော့ ကျနော်တို့ လက်ခုပ်တွေတီး အပြုံးတွေ အိမ်လုံးပြည့်အောင်ပွင့် အပျော်တွေဝေ့ပြီး ဝေးကနဲအော် ကြည်နူးခဲ့ရတာကို အမှတ်ရတယ်။ ခုတော့ ဘွားတော် မရှိရှာတော့ဘူး။ မနှစ်က လွန်ပါပြီ။ ဘွားတော်ကွယ်လွန်တော့ ဘိုးတော်က ခုဆို ၉၁ နှစ် မုဆိုးဖိုကြီးအဖြစ်နဲ့ တယောက်တည်းအိမ်မှာ ကျန်ခဲ့ရှာတာပါ။ သူလည်း သူ့ချစ်သူကို ဗယ်လင်တိုင်းစ်ဒေးမှာ အောက်မေ့လွမ်းဆွတ်နေမှာ သေချာပါတယ်။ ကျနော်တို့လည်း စိတ်ထိခိုက်ကြေကွဲကြရပါတယ်။

ကျနော့်အဖို့ကတော့ ဗယ်လင်တိုင်းစ်နေ့ဟာ ပျော်မွေ့ကြည်နူးဖွယ်ရာမှန်ပေသိ ကိုယ်တွေ ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့ဘဝနဲ့လည်း အဟပ်ကကွာ ငွေကုန်ကြေးကျကလည်းရှိ၊ ရှက်သလိုခံစားမှုကလည်းဖြစ်ဆိုတော့ ဘာသိဘာသာ ဗယ်လင်တိုင်းစ်နေ့အဖြစ်နေမိနေတုန်းပါ။ ကျနော့်ဇနီးကိုတော့ မနက် အိပ်ယာကအထ အိပ်မှုံစုံမွှားနဲ့ Happy Valentine's Day လို့တော့ နှစ်စဉ်ဝတ်မပျက်ပြောရင်း အနမ်းတပွင့်ခြွေနေကျပါ။

စိတ်ထဲမတော့ ဗယ်လင်တိုင်းစ်ဟာ ချစ်စရာနေ့တနေ့ပါ။ တနည်းပြောရရင် အချစ်နေ့ပါ။ ဒါကိုမှ တဏှာပေမတို့ဘာတို့ဆိုပြီး ဃယာဝါသကိစ္စ သက်သက်လောက်ပဲကွက်မြင် အဲ့သလောကပဲ ကွက်ဆင်ယင် ကျင်းပတယ်ဆိုရင်တော့ ခုလောက်နှစ်မြို့နိုင်ပါ့မလားလို့ တွေးမိတာလည်းအမှန်ပါ။ သဘာဝမို့ မလွဲမရှောင်သာ ရှိနေမယ့်ကိစ္စပဲလေလို့ ဖော့တွေးပစ်ဖို့တော့လည်း မရက်ဘူး။ နောက်ဆက်တွဲ အချစ်ပြဿနာတွေ လူမှုရေးပြဿနာတွေမပေါ်အောင် ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာ ဖိုမ ၂ ဘက်စလုံးက ကြိုကြိုတင်တင် ကာကာကွယ်ကွယ် ညှိညှိနှိုင်းနှိုင်းလုပ်နိုင်မယ်ဆို ကိစ္စနည်းမှာပါ။ မလွဲသာမရှောင်ကိစ္စပေါ်ခဲ့ရင်လည်း တာဝန်ယူမှုရှိရှိ ချစ်ခြင်းမေတ္တာပြည့်ပြည့်နဲ့ စုံစုံမက်မက်ရှိကြတယ်ဆို ကောင်းပါတယ်။

အမုန်းစကားတွေဖြန့်ချိ၊ သတ်ဖြတ် လုယက်ဖို့လှုံ့ဆော်၊ သွေးချောင်းစီး လူသတ်ပွဲကြီးတွေလုပ်ဖို့ ကြောက်ခမန်းလိလိသွေးထိုးတာကသာ စက်ဆုပ်ရွံရှစရာကောင်းသလို အန္တရာယ်လည်းကြီးတာပါ။ ချစ်သူတွေချစ်ကြလို့ ကမ္ဘာမြေ ဘေးသင့်မသွားပါဘူး။ ဒီလောက် အချိန်နဲ့အမျှ စစ်ပွဲတွေ လုယက်ဖျက်ဆီး လူ့အသက်ဘဝတွေ သွေးချောင်းစီးနေတဲ့ မချိမဆန့်ကမ္ဘာမြေမှာ ချစ်သူတွေချစ်ကြလို့ အနည်းဆုံး အချိန်လေးတချိန်ချိန် မိသားစုလေးတစုစု ချစ်သူမောင်နှံလေးတဖော်ဖော် တနေရာရာမှာ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ကြည်လေးဖြစ်ရတယ်ဆို ပီတိသောမနဿဖြစ်စရာ မဟုတ်လားခင်ဗျာ။
ချစ်သူတွေ မေတ္တာသက်ဝင်ကြပါစေ။ မချစ်ကြသေးသူတွေ ချစ်စပေါ်ပါစေ။ ကမ္ဘာမြေ အေးချမ်းပါစေ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၉၊ ၂ဝ၁၉

0 comments:

Post a Comment