လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၃)
(၄) ‘ဝ’တွေပြောတဲ့
‘ဝ’သမိုင်း
အနာဂတ်မျှော်လင့်ချက်နဲ့
အတိတ်အပေါ်သံယောဇဉ်အကြား ဘယ်လိုများဆက်စပ်မှုရှိပ်ါသလဲ။ လူတွေဟာ မျှော်လင့်ချက်သိပ် ကင်းမဲ့လာရင်
ကိုယ့်အတိတ်သမိုင်းကြောင်းကို မေ့ဖျောက်ဖို့ကြိုးစားတတ်တယ်ဆိုတာ တကယ်ဘဲလား။
ကျွန်တော်နဲ့ရင်းနှီးနေတဲ့
ဝရဲဘော်လေးတွေနဲ့ စကားလက်ဆုံကျတဲ့အခါတွေမှာ သူတို့ရဲ့အတိတ်သမိုင်းအကြောင်းပြောကြတာကို
တစွန်းတစ သိခွင့်ရခဲ့တယ်။ ဝတွေဆင်းသက်လာတာနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတွေလဲအများကြီးရှိတယ်။ ကျိုင်းတုံရာဇဝင်မှာတော့ ဝတွေ ဟာ ဗူးသီးကနေ ပေါက်ဖွားလာတယ်လို့ရေးတယ်။ ဝတွေဟာ အရှေ့ဖက်အဝေး တနေရာကလာတယ်လို့ပြောနေကြတဲ့ ဟိုမိုင်း နယ်သားတချို့က လွဲရင် တော်တော်များများကတော့ သူတို့ဝလူမျိုးတွေဟာ ယင်းဖန်မြို့နယ်(ဝိန်းငင်းမြို့နယ်) ပတ်ကတေ့ရွာအနီးက ကျောက်ဂူကြီးထဲကနေ စတင်ပေါက်ဖွားပြီး တခြားနေရာကို ပြန့်နှံ့ရောက်ရှိ သွားတယ်လို့ပြောကြတယ်။ တခြားလူမျိုးသစ်တွေနဲ့ မျိုးနွယ်သစ်တွေပေါက်ဖွားလာတဲ့ အချိန်တွေမှာ အဲဒီပက်ကတေ့ကျောက်ဂူကြီးက ဟိန်းသံနဲ့ သူတို့ကိုသတိပေးတတ်တယ်။ ဒီလိုဟိန်းသံ ကြားရင် ဝတွေဟာ သူတို့ကို တိုက်ခိုက်နှင်ထုတ်မယ့် ရန်သူလူမျိုးသစ်တွေ ကျောက်ဂူကြီးထဲက ထွက်မလာနိုင်အောင် လေးတွေမြား တွေနဲ့ ဂူထဲကို လှမ်းပစ်တတ်ကြ တယ်စသဖြင့်ပြောတာတွေလဲ ကြားရတယ်။

မြေငလျင်လှုပ်တာတောင်
အဲဒီ ပတ်ကတေ့ ကျောက်ဂူကြီးနဲ့ဆက်စပ်နေတယ်။ ကျောက်ဂူကြီးထဲမှနေထိုင်သူတွေဆီက ဘာလှုပ်ရှုားမှုမှ
မတွေ့ရင်ဖြစ်စေ ဘာသံမှမကြားရင်ဖြစ်စေ ကမ္ဘာစောင့်နတ်ကြီးက သူတို့အသက်ရှင်သေးသလားသိရအောင်
ကမ္ဘာလုံးကြီးကိုလှုပ်ကြည့် တတ်တယ်။ အဲသလို လှုပ်တော့မှ ဂူထဲမှာအိပ်မောကျနေတဲ့
လူတွေဟာ ကမ္ဘာစောင့်နတ်ကြီးကို သူတို့အသက်ရှင်နေ သေးကြောင်း သိအောင်လို့ အိုးတွေခွက်တွေ
တီးခတ်ပြီး အသံပေးကြတယ်။ ဒါကြောင့် ခုချိန်ထိ မြေငလျင်လှုပ်ရင် ဝတွေဟာ အသံ
မျိုးစုံပေးနေတုန်း ဖြစ်ပါတယ်။ သူတို့ဟာ ငလျင်လှုပ်ရင်သာမက နေကြတ်လကြတ်ရင်လဲ
အသံမျိုးစုံပေးကြ၊ သေနတ်တွေပစ်ဖောက်ကြ လုပ်ကြတယ်။
တစ်ညနေ
ပန်ဆန်းဈေးထဲရောက်နေတုံး သေနတ်တွေတဒိုင်းဒိုင်းပစ်ကြတာကို
ကျွန်တော်ကြုံခဲ့ဘူးတယ်။ နေကြတ် တာကြောင့် သေနတ်တွေပစ်ကြတာတဲ့လေ။ သေနတ်သံတွေက
တိုက်ပွဲတွေဘာတွေ ဖြစ်နေပြီလားလို့တောင်ထင်ရတယ်။
ရန်ကုန်တက္ကသိုလ်
မနုဿဗေဒဌာန ပါမောက္ခ ဒေါ်တင်ရီကတော့ အဲဒီပတ်ကတေ့ရွာနားက စကန်းလိကျောက်ဂူကြီးကို
မိသားစုလိုက် အုပ်ဖွဲ့နေထိုင်တဲ့ ရှေးကျတဲ့လူမှုအဖွဲ့အစည်းတစ်ခု
အခြေချရာနေရာတစ်ခုအဖြစ် ခန့်မှန်းထားပါတယ်။ ဝလူမျိုးတွေဟာ ဝတောင်တန်းပေါ်မှာ
လှည့်လည်သွားလာပြီး သစ်သီးသစ်ဖုတွေအမဲလိုက်တာတွေလုပ်တဲ့ Local group
ဒေသအကွက်အလိုက် နေထိုင်တဲ့အဆင့်ကနေပြီး အချင်းချင်းတွေ့ဆုံပူးပေါင်းတဲ့ Band
အုပ်စု လေးတွေအဖြစ်အတည်တကျနေထိုင်တဲ့စနစ်ကို တက်လှမ်းလာတယ်။ နောက်တော့မှ Band
အုပ်စုကလေးတွေကနေ မျိုးတူစု Tribe အဆင့်ကိုတက်လှမ်းသွားပြီးအကြီးအကဲတွေဘာတွေ နဲ့
အုပ်ချုပ် တာတွေလုပ်လာတယ်လို့ ခန့်မှန်းခဲ့တယ်။
ဒါဆိုရင်
အဲဒီ Local group တွေ ဘယ်ကရောက်လာကြသလဲ။ ခုနကပြောခဲ့တဲ့ ပတ်ကတေ့ရွာ
စကန်းလိဂူကြီးထဲက မွေးဖွားလာကြတာလား။ အမှန်တော့ မွန်ခမာအုပ်စုထဲက ဝ
ပလောင်အုပ်စုခွဲမှာပါတဲ့ ဝလူမျိုးတွေ ဟာ ခရစ်နှစ်၁၂၄၅ ခုမတိုင်မှီအထိ ယဉ်ကျေးပြီး လယ်ယာစိုက်ပျိုး
ရေးကျွမ်းကျင်တဲ့ ကျိုင်းတုန်တဝိုက်မှာ ကိုယ့်ထီးကိုယ့်နန်းနဲ့နေထိုင်ဖူးတဲ့
ဗုဒ္ဓဘာသာအဆုံးအမကို ခံယူဘူးတဲ့ လူမျိုးတစ်မျိုးဘဝကနေ သမိုင်းဦးကာလကို
ပြန်လည်နောက်ဆုတ်ခဲ့ရတဲ့ လွမ်းမောဘွယ် သမိုင်းတစ်ခုရဲ့ပိုင်ရှင်တွေဖြစ်နေတယ်။
လူသူမနီးတဲ့
မြင့်မားမတ်စောက်တဲ့တောင်တန်းတွေ ရှေးဦး သစ်တောကြီးတွေထဲကို ကျိုင်းတုန်ပြန့်ကနေ
သူတို့ရောက်ရှိလာပုံက အေးအေးလူလူ ပျော်ပွဲစားထွက်လာခြင်းမဟုတ်။ စစ်ရှုံးသူဘဝနဲ့
ရန်သူတကောက်ကောက် လိုက်နေတာကလွတ်အောင် အသက်လု ပြေးလာရတာဖြစ်ပါတယ်။
ကိုယ့်ဆွေမျိုးတစ်စု တနိုင်တပိုင် သယ်လို့ရသလောက်သယ်လာတာဖြစ်လို့ ပြေးနေရင်း
စားစရာပြတ်
ကုန်ကြတယ်။ ကလေးတွေ သက်ကြီးရွယ်အိုတွေ တိုးလို့တွဲလောင်းနဲ့ တောကြီးမျက်မဲထဲမှာ ပုန်းလိုက်၊ဆက်သွားလိုက်နဲ့အတော် ခရီးဖင့်ကြတယ်။ တောင်ကြောတစ်ခုကို ခက်ခက်ခဲခဲတက်လို့ တောင်ထိပ်ရောက်ပြီထင်ပေမဲ့ နောက်ထပ် ဒီထက်မြင့်တဲ့ တောင် ကြောကြီးခံနေလို့ ထပ်တက်ကြရပြန်တယ်။ အတက်အဆင်းပေါင်းများစွာကို ဖြတ်လာပြီးတဲ့အခါမှာတော့ ရန်သူလက်လှမ်းမမှီတဲ့
သံလွင်မြစ်နဲ့ နမ့်ခါမြစ်အကြား တောင်မြင့်ကြီးတွေရှိရာ ကော့ညှက်လှာလိုင်ဒေသကို သူတို့ရောက်သွားကြတယ်။

သူတို့ဟာ
စစ်ရန်ဘေးကလွတ်လာပေမဲ့ စားစရာမရှိတဲ့ဘေးကိုရင်ဆိုင်လာကြတယ်။ အသက်မွေးဖို့အတွက်
ကိုယ့်မိသားစုအုပ်စု
အလိုက် အမဲလိုက်တာ သစ်သီးသစ်ဖုရှာတောလေးတွေလုပ်ပြီး မသေရုံတမယ်အသက်ဆက်ကြရတယ်။ နောက်ဆုံးမှာ ဝတ်စရာရှား
ပါးလာတဲ့အတွက် သစ်ခေါက်နဲ့အရှက်လုံရုံမျှသာ ဖုံးနိုင်တဲ့အဆင့်ရောက်လာကြတယ်။ သူတို့အတွက် တစ်နေ့ဆိုတဲ့အချိန်ကာလဟာ
တစ်ရက်စာ စားစရာရှာဖို့တောင်မလောက်ဘူး။ မိုးတွေနေ့စဉ်ရက်ဆက် အဆက်မပြတ်ရွာနေပြီဆိုရင် စားစရာထွက်ရှာလို့တောင်မရ
တော့ဘူး။ သဘာဝရဲ့ကြမ်းတမ်းခက်ခဲမှုနဲ့ ရာသီဥတုရဲ့ထုထောင်းနှိပ်စက်မှုတွေကို အလူးအလဲရင်ဆိုင်ရင်း သူတို့ဟာ တောတွင်းသား
အရိုင်းအစိုင်းဘဝကို တဖြည်းဖြည်းရောက်သွားကြတယ်။

ယဉ်ကျေးမှုတွေ
စာပေအရေးအသားတွေ ဗုဒ္ဓဘာသာအဆုံးအမတွေဟာလဲ သေဆုံးကုန်ပြီဖြစ်တဲ့
မိဘဘိုးဘွားတွေနဲ့အတူ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ကုန်တယ်။ သူတို့တတွေဟာ
ဒ်ီနေ့အတွက် စားစရာဘာများရနိုင်မလဲဆိုတဲ့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက်ကလွဲပြီး
တခြားဘာကိုမှ မစဉ်းစားနိုင်တော့ဘူး။ ကျိုင်းတုန်ဒေသနဲ့တခြားနေရာတွေမှာ
ပြန့်နှံ့နေတဲ့ သူတို့ရဲ့ ဆွေမျိုးတွေနဲ့လုံးဝအဆက်ပြတ်သွားသလို သူတို့ရဲ့သမိုင်းနဲ့လဲ
ပုဒ်မတွေခြားပစ်လိုက်ကြတယ်။
သူတို့ဆင်းသက်ပေါက်ဖွားလာတာကိုလဲ
ပတ်ကတေ့ရွာနားက စကန်းလိကျောက်ဂူကြီးလို့ဘဲခံယူပြီး ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်ပစ်
လိုက်ကြတယ်။ ကိုယ့်ကိုယ်ကို ဒီနေရာမှာမွေး ဒီနေရာမှာဘဲကြီးတယ်လို့ဘဲသတ်မှတ်လိုက်ကြတယ်။ လူဆိုတာ အနာဂတ်မျှော်လင့်ချက် နည်းလာတာနဲ့အတူ အတိတ်သမိုင်းတွေနဲ့လဲ တဖြည်းဖြည်းကင်းကွာသွားတတ်တာပဲလေ။
လိုက်ကြတယ်။ ကိုယ့်ကိုယ်ကို ဒီနေရာမှာမွေး ဒီနေရာမှာဘဲကြီးတယ်လို့ဘဲသတ်မှတ်လိုက်ကြတယ်။ လူဆိုတာ အနာဂတ်မျှော်လင့်ချက် နည်းလာတာနဲ့အတူ အတိတ်သမိုင်းတွေနဲ့လဲ တဖြည်းဖြည်းကင်းကွာသွားတတ်တာပဲလေ။
ဝတောင်တန်းဟာ
နှစ်ပေါင်း ၅ဝဝ လောက်အဲသလို အထီးကျန်တံခါးပိတ်နေရာက အင်္ဂလိပ်လက်အောက်မှာ
နိုင်ငံခြားသားအနည်းငယ် ရောက်လာတယ်။ နိုင်ငံခြားတပ်တွေကိုတော့ သူတို့နယ်ထဲအဝင်မခံဘဲ
ရရာလက်နက်နဲ့ခုခံခဲ့ကြတယ်။ ဝနယ်လူ့အဖွဲ့အ အစည်းကလဲ Tribe မျိုးတုစုအဆင့်ကနေ
Confederacy မိတ်ဖက်အဖွဲ့အဆင့်နဲ့ ပဒေသရာဇ်အစောပိုင်းအဆင့်ကို တဖြည်းဖြည်းဝင်ရောက်လာတယ်။
စော်ဘွားနဲ့မြို့စားစနစ်တွေနဲ့အတူ
Tribe မျိုးရိုးတူအုပ်စုတွေ အရောရောအထွေးထွေးဖြစ်နေချိန်မှာ မြန်မာနိုင်ငံ
လွတ်လပ်ရေးရလာပြီး ရှမ်းပဒေသရာဇ်တွေရဲ့လွှမ်းမိုးမှုတွေနဲ့ ကိုမင်တန်တရုတ်ဖြူတပ်တွေအခြေချမှုတွေတိုးလာတယ်။
ဒီစနစ်တွေဟာ စစ်တပ်တွေ၊ ရဲတွေ၊ ကာကွယ်ရေးတွေ၊ ကိုမင်တန်တပ်တွေ၊
ထောက်လှမ်းရေးတွေကိုလက်ကိုင်ထားပြီး ဝပြည်သူတွေကို ဖိနှိပ်နေတဲ့အတွက် ဝနယ်ဟာ
အမေ့ပျောက်ခံဒေသကြီး ဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာ ဒီဖိနှိပ်မှုတွေကို တော်လှန်ဖို့ ဝပြောက်ကျား
သူပုန်တွေပေါ်လာတယ်။ သူတို့ဟာ တစည်းတလုံးထဲဖြစ်ဖို့နဲ့ ရန်သူကို
ခေတ်မှီအတွေးအခေါ်နဲ့ဦးဆောင်တိုက်ခိုက်နိုင်ဖို့ဆိုပြီး ဗကပ ကို
စိတ်ရင်းနဲ့ဖိတ်ခေါ်ခဲ့ကြပြီး ပဒေသရာဇ် တပိုင်းအာဏာကိုဖြိုချကာ လွတ်မြောက်ဒေသထူထောင်ခဲ့ကြတယ်။
၁၉၇၂ မှာတော့ ဝနယ်တစ်ခုလုံးနီးပါးလွတ်မြောက်ရုံမက ဗမာတစ်ပြည် လုံး လွတ်မြောက်ရေး
ဗမာပြည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးရဲ့ ပင်မအား ထားရာအမာခံအင်အားစုဖြစ်လာခဲ့တယ်။
၁၉၈၉ ဧပြီလ ၁၇ မှာတော့ သူတို့ဟာ ဗကပ ဦးဆောင်မှုကိုမခံယူတော့ဘဲ သီးခြားဝအာ
ဏာပိုင်နယ်မြေတစ်ခုကိုထူထောင်လိုက်ကြတယ်။
၁၉၈၉
ဧပြီအရေးအခင်းနောက်ပိုင်းမှာ ဝတပ်တွေအကြား ဘယ်အလံထူမလဲ၊ ဘယ်လမ်းကို
လိုက်မလဲဆိုတဲ့မေးခွန်းပေါ်လာတယ်။ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့
ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် နိုင်ငံတော်အစိုးရနဲ့လက်တွဲဖို့စဉ်းစားပြီး
၁၉၈၉ မေလ ၁၈ ရက်မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုရယူသလို အဲဒီနှစ် နိုဝင်ဘာ ၁၂
ရက်နေ့မှာ နဝတအတွင်းရေးမှူး ၁ နဲ့ လားရှိုးမှာ ဆွေးနွေး ခဲ့ကြတယ်။ ဒီဆွေးနွေးပွဲမှာ
ဝခေါင်းဆောင်ဦးကျောက်ညီလိုင်က ဝတပ်များဆက်လက်ထားရှိရေး၊ ဝနယ်ကို ပြည်နယ်အဆင့်ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ပေးရေး၊ နယ်မြေဖွံ့ဖြိုးရေးများ အပြည့်အဝရရေးတွေတင်ပြခဲ့ပြီး နဝတဘက်မှ
“သူတို့အစိုးရဟာ ကြားဖြတ်အစိုးရသာဖြစ်လို့ နိုင်ငံရေးကိစ္စဆွေးနွေးလိုပါက
နောက်တက်မည့်နိုင်ငံရေးအစိုးရနဲ့ဆွေးနွေးစေလိုကြောင်း၊ နိုင်ငံတော်မှာ တပ်မတော်နဲ့ရဲတပ်ဖွဲ့တစ်ခုတည်း
သာရှိလို့ ဝတပ်ကိုလဲ ရဲတပ်ဖွဲ့အဖြစ် တရားဝင်ဖွဲ့ခွင့်သာပေးနိုင်ကြောင်း၊ ရဲတပ်ဖွဲ့အင်အားကိုလဲ
တခြားအပစ်ရပ်အဖွဲ့များကို အင်အား၁ဝဝဝ ခွင့်ပြုခဲ့ပေမဲ့ ဝအဖွဲ့ကိုတော့ ၁၅ဝဝ
အထိအထူးအခွင့်ရေးပေးဖွဲ့စည်းပေးမည်ဖြစ်ကြောင်း။ ကျန်ဝတပ်ဖွဲ့များကိုတော့
ဦးကျောက်ညီလိုင်တို့ရဲ့ အစီအစဉ်အတိုင်းဆောင်ရွက်ပါ၊ ဆက်ထားနိုင်စွမ်းရှိက
ဦးကျောက်ညီလိုင်တို့ ဆန္ဒအရဆက်ထားပါ” စသဖြင့်ပြောကြားခဲ့တယ်လို့ သိရတယ်။
အဲဒီဆွေးနွေးပွဲမှာ
ဗကပကခွဲထွက်ပြီးနောက် သူတို့တပ်တည်မြဲရေးအတွက် ကြီးစွာပူပန်ခဲ့ရကြောင်း၊
တပ်ကိုဖျက်သိမ်းလိုက်ရင် အောက်ခြေ က ကျေနပ်မည်မဟုတ်သလို လူထုကလဲ
ကျေနပ်မည်မဟုတ်ကြောင်းများ ဦးကျောက်ညီလိုင်က ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြီး အကူအညီ
တောင်းပေမဲ့ နဝတဘက်ကတော့ ခင်ဗျားတို့ကျွေးနိုင်ရင်ဆက်ထားလေဆိုတဲ့သဘောမျိုးနဲ့တုန့်ပြန်ခဲ့တာ
တွေ့ရတယ်။ ဝပြည်နယ်ကိစ္စမှာလဲ စနစ်တကျမှတ်တမ်းတင်ပြီး နောက်အစိုးရကို
တိတိကျကျလွှဲအပ်သွားပါမယ်ဆိုပြီးဖြေကြားခဲ့ပြန်တယ်။
နောက်ပိုင်းမှာတော့
အားလုံးသိကြတဲ့အတိုင်း ထိုင်းနယ်စပ် လွယ်မော်မူးယစ်ဆေးမှောင်ခိုအဖွဲ့ကြီးကို
ဖြိုချဖို့ နဝတဟာ ဝတပ်ဖွဲ့ တွေကို အသုံးပြုတယ်။ ဝတွေကလဲ ဝတပ်တွေကျွေးဖို့ဆိုပြီး
မူးယစ်ဆေးလုပ်ငန်းတွေ ပေါ်ပေါ်ထင်ထင်လုပ်လာတယ်။ မန္တလေး နဲ့ လားရှိုးမြို့တွေဟာ မူးယစ်ဆေးလမ်းကြောင်းကြီးဖြစ်လာတယ်။
ဝအဖွဲ့ကိုလဲ မူးယစ်ဆေးအဖွဲ့အဖြစ် ကမ္ဘာကသတ်မှတ်လာခဲ့တယ်။ ၁၉၉ဝ ပြည့်လွန် ကာလထိုင်းနယ်စပ်မှာတိုက်တဲ့
တိုက်ပွဲတွေမှာ ဝတပ်သား အဆုံးအရှုံးဟာ ဗကပခေတ်နှစ် ပေါင်း ၂ဝ ကာလအတွင်း
တိုက်ပွဲကြီးငယ်တွေမှာ ကျဆုံးတဲ့ အရေအတွက်ထက် ၂ ဆကျော်တယ်လို့တောင် ဆိုကြတယ်။
ဗကပကြောင့်စစ်တိုက်ရတယ်ဆိုပြီး
အပြစ်ပုံချခဲ့တဲ့ ဝတွေဟာ နဝတတိုက်တဲ့ ဘိန်းဖြူစစ်ပွဲမှာ မကြုံစဘူး အကျအဆုံးတွေနဲ့
တန်ဖိုးပေးဆပ် လိုက်ရတယ်။ သူတို့တကယ် လိုချင်တဲ့ နိုင်ငံရေးဆွေးနွေးမှုအဆင့်ကတော့
မရေမရာဂတိလေးတစ်ခုသာရပြီး အလှမ်းဝေးနေခဲ့တယ်။
ဝလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ဟာ
အပစ်ရပ်စာချုပ်ကိုဖက်တွယ်ရင်း နှစ်ပေါင်း ၂ဝလောက် မြန်မာ့နိုင်ငံရေးနဲ့ ဝေးနိုင်သမျှဝေးဝေး
နေထိုင်ခဲ့ပုံဟာ ဟိုအရင် နှစ်ပေါင်း ၅ဝဝ လောက် အမှောင်ထုထဲမှာ
တံခါးပိတ်ပြီးကိုယ့်ကိုယ်ကို အသက်ရှင်ဖို့ကာကွယ်ခဲ့ကြပုံနဲ့တောင် တူနေတယ်။ သူတို့ရှေ့မှာ
ရွေးရမဲ့လမ်းကြောင်းကတော့ အရင်နှစ်ပေါင်း၂ဝ ဗကပနဲ့လမ်းခွဲပြီးနောက်ပိုင်း
ပေါ်ထွက်လာတဲ့ မေးခွန်းတွေဘဲ ဖြစ်ပါတယ်။ ပြင်ပနဲ့တံခါးပိတ်ပြီး
မြို့စားနယ်စားဘိန်းကုန်သယ်တွေကြီးစိုးတဲ့လမ်းလား၊ ဝပြည်သူတွေ တန်းတူမှုရှိတဲ့
လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ခံစားနိုင်မဲ့
တစ်ပြည်လုံးနဲ့လက်တွဲပြီးလုပ်ဆောင်မဲ့ စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်စနစ်လမ်းလားဆိုတဲ့
မေးခွန်းဘဲ ဖြစ်ပါတယ်။ တကယ်က ဒီမေးခွန်းဟာ ဗကပတွေကို ဖယ်ရှားမပစ်ခင်ကထဲက
ဗကပခေတ်မှာသန္ဓေတည် ခဲ့တဲ့ ဗကပကိုယ်တိုင်လဲ ရင်ဆိုင်ခဲ့ရတဲ့
မေးခွန်းလို့လဲဆိုနိုင်တယ်။ ဗကပဟာ ၁၉၈ဝ ခုများနောက်ပိုင်းမှာ သူ့တပ် သူ့ဒေသကို
စနစ် တကျမတည်ဆောက်နိုင်တော့ဘဲ တစတစ အသွေးအရောင်ပြောင်းနေတာကို
တားဆီးနိုင်စွမ်းမရှိခဲ့လို့လဲ အခုလိုအဖြစ်ဆိုးမျိုးကြုံ တွေ့ခဲ့ရတယ်လို့
ဆိုနိုင်ပါတယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ
ကူးယူဖော်ပြပါသည်
0 comments:
Post a Comment