Thursday, February 7, 2019

တိုင်းပြည်နှင့်ပြည်သူကိုအလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ် (၅)

0 comments
တိုင်းပြည်နှင့်ပြည်သူကိုအလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ် (၅)

အရှေ့တောင်အာရှကို အရှေ့ဥရောပနှင့်လည်းကောင်း၊ ဘော်လ်ကန်နိုင်ငံများနှင့်လည်းကောင်း တထပ်တည်းထားပြီး စဉ်းစားလုပ်ဆောင် နေသောအမေရိကန် ရှိနေပါသည်။ ဥရောပနှင့်အာရှ မတူပါ။ အရှေ့ဥရောပတို့၊ ဘော်လ်ကန်တို့နှင့် အရှေ့တောင်အာရှ မတူပါ။ ဤသည်ကို အမေရိကန် မသိပါ။ အရှေ့ဥရောပနိုင်ငံများ၊ ဘော်လ်ကန်နိုင်ငံများ၏သမိုင်းကြောင်း ပြန်ကြည့်ပါ။ ရုရှအင်ပါယာ၊ အော်တိုမန်အင်ပါယာ၊ သြစထရိုဟန်ဂေရီအင်ပါယာ၊ ပရပ်ရှားအင်ပါယာ၊ ပြင်သစ်အင်ပါယာတို့ တလှည့်စီသိမ်းပိုက်ခံရသောနိုင်ငံများ ဖြစ်ပါသည်။ အရှေ့တောင် အာရှမှာ ထိုသို့သောအတွေ့အကြုံမရှိပါ။ ရှိသည့်အတွေ့အကြုံမှာ ခေတ်သစ်အတွေ့အကြုံဖြစ်ပါသည်။ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်၊ အမေရိကန်၊ ဒတ်ခ်ျ၊ ဂျပန်တို့၏ကိုလိုနီကျွန်ပြုခံရသည့် အတွေ့အကြုံများဖြစ်ပါသည်။ အာရှမှ ဂျပန်တနိုင်ငံတည်းသာပါသည်ကို သတိပြုပါ။ သိပ်လည်းကြာကြာ ကျွန်ပြုခွင့် ရမသွားပါ။

ဤမတူညီမှုသည် အခရာအကျဆုံးမတူညီမှု ဖြစ်ပါသည်။ (၂၁)ရာစုတွင် နောက်တဖန် ကျွန်ပြုမခံရရေးအတွက်ပါ (ဗကပ)က စဉ်းစားပြီး NLD-SPDC ဆွေးနွေပွဲ အောင်မြင်စေလိုခြင်းဖြစ်ပါသည်။ ကာယကံရှင်များကျေနပ်လျှင် ပြီးပါသည်။ (ဗကပ)က ဝင်ရှုပ်မည် မဟုတ်ပါ။
ထိုင်း-ဗမာအရေးတွင် တတိယထုတ်ပြန်ချက် ထုတ်ရပါသည်။ ဤသည်မှာလည်း NLD-SPDC ဆွေးနွေးပွဲ လမ်းချော်မသွားစေလို၍ ဖြစ်ပါသည်။ ထိုင်း-ဗမာအရေးပေါ်ခြင်းမှာ စတုတ္ထမျိုးဆက်စစ်အုပ်စု လောင်းလျာများ၏ဖန်တီးမှုဖြစ်ပါသည်။ သဘာဝကျကျ ဖြစ်လာသည့် အရေး မဟုတ်ပါ။ သဘာဝကျကျဖြစ်မည်ဆိုလျှင် ခပ်စောစောက ဖြစ်ရပါမည်။ ယခု NLD နှင့်ဆွေးနွေးနေသည့်အခါကျမှ ပေါ်လာခြင်းဖြစ်၍ မရိုးသားပါ။

NLD ကို အပြီးအပိုင်ဖျက်သိမ်း ချေမှုန်းတော့မည်ဟူသော သတင်းထွက်ခဲ့သည်နှင့် ဆက်စပ်ကြည့်ရန်လည်း လိုပါသည်။ ဤသတင်းသည် ကောလာဟလမဟုတ်ကြောင်း ဗိုလ်သာကျော်က ဗိုလ်သန်းရွှေထံပေးစာတွင် အတည်ပြုထားပါသည်။ တစညစစ်ဗိုလ်များမှာ တတိယ စစ်အုပ်စု၏ အကြီးအကဲများ ဖြစ်ပါသည်။ တပ်နှင့်ကင်းကွာနေသူများလည်း မဟုတ်ပါ။ အတွင်းသိများ ဖြစ်ပါသည်။ သူတို့ကိုယ်တိုင်က အတည်ပြုထားသဖြင့် “NLDဖျက်သိမ်းရေး” သတင်းသည် ကောလာဟလမဟုတ်ကြောင်း ထင်ရှားသွားပါသည်။ ကွန်မြူနစ်ပါတီက ဗိုလ်သာကျော်၊ ဗိုလ်ထွန်းတင်တို့ထံ အိတ်ဖွင့်ပေးစာရေးထားပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ တစညဥက္ကဌ ဗိုလ်သာကျော်သို့ အိတ်ဖွင့်ပေးစာ၁၃၊ ၁ဝ၊ ၂ဝဝဝ ရက်စွဲတပ်ထားသည့် ဗိုလ်သန်းရွှေ (နအဖဥက္ကဌ)ထံသို့ ဗိုလ်သာကျော် (တစညဥက္ကဌ) မှ ပေးစာကို ဖတ်ရပါသည်။ လျှို့ဝှက်ဟုသတ်မှတ်ထားသော်လည်း မလျှို့ဝှက်လိုကြောင်း သိသာပါသည်။ တစညပါတီထွက်လာသင့်ပြီဟု ကျွန်တော်တို့ပြောခဲ့သည်မှာ ကြာပါပြီ။ ယခုထွက်လာသဖြင့် ကြိုဆိုပါသည်။ ထွက်လာသည့်ရက်စွဲကိုကြည့်သောအခါ နအဖနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ “စကားပြောပွဲ” စသည့်အချိန်နှင့် တိုက်ဆိုင်နေသည်ကိုတွေ့ရပါသည်။ ရေးထားသည့်အာဘော်ကို ကြည့်သော အခါလည်း “လိပ်ပြာမသန့်”၊ “သမိုင်းတရားခံ”အဖြစ်မခံနိုင်ဟုဆိုထားသဖြင့် ဤ “စကားပြောပွဲ”ဖြစ်စေရန် သူတို့လည်း တွန်းဆော်ပေး နေပါသည်ဟု တိုင်းပြည်သို့အသိပေးလိုဟန် ရှိပါသည်။ ကျွန်တော်တို့သည် ဗိုလ်နေဝင်းထံသို့ မသေမီ တိုင်းပြည်အတွက် ကောင်းမှုတခုတော့ လုပ်သွားစေချင်ကြောင်း စာရေးဖူးပါသည်။ နအဖနှင့် NLD စေ့စပ်ဆွေးနွေးပွဲဖြစ်မြောက်အောင် သူ၏အရှိန်အဝါကိုသုံးပြီး သူ့တပည့် သားမြေးများကို တွန်းပေးပါက တိုင်းပြည်အတွက်ကောင်းမှုတခုပြုခြင်းဟု ကျွန်တော်တို့ယူဆမည်ဖြစ်ကြောင်း စာရေးခြင်းဖြစ်ပါသည်။
ယခုလည်း တစညတွင်းမှ တပ်မှူးကြီး(ဟောင်း)များသို့ အောက်ပါအတိုင်းအကြံပေးလိုပါသည်။ တစညအနေနှင့် တပ်မတော်ပြိုကွဲမည်ကို စိုးရိမ်နေကြောင်း အထင်အရှားတွေ့ရပါသည်။ NLD နှင့်တစည ကွဲနေခြင်းသည် တပ်မတော်ပြိုကွဲခြင်း၏ပြရုပ်ဟု ဆိုထားပါသည်။ ကျွန်တော်တို့ သဘောတူပါသည်။ (၄၈ - ၄၉)ကလည်း ဤသို့ပင်ပြိုကွဲဖူးပါသည်။ ထိုကိစ္စကိုတော့ တစညကထည့်မပြောပါ။ ဗိုလ်နေဝင်း အလိုမကျဖြစ်မှာကို စိုးရိမ်၍ ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့နားလည်ပါသည်။ တစညက ဗိုလ်ဇော်ထွန်းလိုလူတွေ နအဖထဲမှ ထပ်မံပေါ်ထွက် လာမည်ကို စိုးရိမ်နေကြောင်း အထင်အရှားတွေ့ရပါသည်။ စိုးရိမ်ထိုက်ပါသည်။ နအဖစစ်အုပ်စုမှာ အခြောက်တိုက်ဘဝင်မြင့်နေပါသည်။ ဗိုလ်သာကျော်တို့လည်း တွေ့မိလိမ့်မည်ထင်ပါသည်။ ရှေ့ကစစ်အုပ်စုဟောင်းများ မလုပ်နိုင်ခဲ့တာတွေ သူတို့လုပ်နိုင်သည်ဟုအထင်ရောက်ပြီး ဘဝင်မြင့်ကြခြင်း ဖြစ်ပါသည်။ စစ်အေးခေတ်ကုန်ဆုံးခြင်းဆိုသော အကြောင်းအချက်ကို သူတို့ထည့်မတွက်ကြပါ။ ထိုသို့ထည့်မတွက် သောကြောင့် စစ်အေးလွန်ခေတ်၏အကျိုးကျေးဇူး ယာယီခံစားရခြင်းကိုအဟုတ်ကြီးထင်နေပြီး စစ်အေးလွန်ခေတ်ကပေးလာမည့်အန္တရာယ်ကို မမြင်နိုင်ကြတော့ပါ။

(၉ဝ)ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခြင်းသည် ပြည်တွင်းရေးသက်သက်ဖြစ်ပါသည်။ ထိုငြင်းပယ်ခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံတကာ့ ခွင်တွင် အထီးကျန်ဖြစ်ရပါသည်။ နောက်ဆုံးတွင် ဗိုလ်ဇော်ထွန်းလိုပုဂ္ဂိုလ်မျိုး ပေါ်ရပါသည်။ ယခုမူ ပြည်ပရေး (ထိုင်းနှင့် ပါးစပ်စစ်တိုက်ခြင်း) ကို လုပ်လာပါသည်။ ဤဘဝင်မြင့်လုပ်ရပ်ကြောင့် တိုင်းပြည်ဒုက္ခတွေ့ပါလိမ့်မည်။ တစညပါတီအစိုးရိမ်ဆုံးဖြစ်သော တပ်မတော်ပြိုကွဲရေးနှင့် ရပ်နေမည့်ကိစ္စမဟုတ်ပါ။ တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်ကြီးပါ ကပ်ပါလာပါလိမ့်မည်။ တစညဥက္ကဌဗိုလ်သာကျော်အပါအဝင် ဗိုလ်ထွန်းတင် စသော  တစညခေါင်းဆောင်စုသည် ခေတ်အမျိုးမျိုးကိုဖြတ်သန်းဖူးကြပါသည်။ တချက်မှားရုံဖြင့် တိုင်းပြည်မည်သည့်ဘဝ ကျရောက်နိုင်သည် ကို သိကြပါသည်။ ထို့ကြောင့် လက်ရှိစစ်အုပ်စုကို အချိန်မီပြုပြင်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။
(ကျွန်တော်တို့ပြောရေးဆိုခွင့်ရှိသူ၏ ထိုင်း-ဗမာအရေးနှင့်ပတ်သက်သည့်ထုတ်ပြန်ချက် ပူးတွဲပေးလိုက်ပါသည်)
ကျန်းမာ၍ တိုင်းပြည်အကျိုးသည်ပိုးနိုင်ကြစေကြောင်း ဆုမွန်ကောင်းတောင်းပါသည်။
၁၃၆၃ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁ဝ ရက်။ ၂ဝဝ၁ ခုနှစ်၊ ဂျွန်လ၊ ၃ဝ                        
ဗမာပြည်ကွန်မြူနစ်ပါတီတွင်းမှ သင်တို့၏တိုက်ဖော်တိုက်ဖက်ဟောင်းများ။

တတိယစစ်အုပ်စုလက်ထက်တွင် မာရှယ်လောဖြင့်အုပ်ချုပ်ခြင်းကြောင့် စစ်အုပ်စုလက်ထဲမှာ “တိုက်ရာပါ”ပစ္စည်းများ စုပုံရောက်ရှိနေသည်။
ပထမစစ်အုပ်စုလက်ထက်ကပစ္စည်း (BEDC) ကအစ၊ ဒုတိယစစ်အုပ်စု လက်ထက်ကပစ္စည်းများ(ဆိုရှယ်လစ်အရင်းအနှီးများ) အလယ်၊ တတိယစစ်အုပ်စု လက်ထက်ပွားပစ္စည်းများ UMEH မှအစ စစ်တပ်ပိုင် အဆင့်မြင့်ကျောင်းများအထိ)အဆုံး အလွန်များပြားပါသည်။
နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာ၊ လူမှုရေးအာဏာများကို အထိန်းအကွပ်မရှိ လုပ်ပိုင်ခွင့်ရနေသဖြင့် ဤအရာများကို လက်မလွှတ်ချင် ကြပါ။ တတိယစစ်အုပ်စု SPDC က NLD နှင့်ဆွေးနွေးပွဲတွင်လျှော့ပေးသွားမည်ကိုစိုးရိမ်သောစတုတ္ထမျိုးဆက်သစ်က ထိုင်း-ဗမာအရေးကိုဖန်တီးခြင်း ဖြစ်ပါသည်။

SPDC သည် ကတိခံဝန်ချက်ပေးပြီး တက်လာရသည့်အစိုးရ ဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ရေး၊ အခြေခံဥပဒေရေးဆွဲရေးကတိများ ပေးထား ရပါသည်။ မတင်မကျဖြစ်နေသော “အမျိုးသားညီလာခံ”ကလည်း ရှိနေသေးသည်။ ထို့အပြင် ပြည်တွင်းပြည်ပအကျပ်အတည်းများကို လက်တွေ့ခံစားနေရသူများ ဖြစ်သည်။ ထို့ကြောင့် NLD နှင့် စကားပြောပွဲကို ကြိတ်ပြီးလုပ်နေရသည်။ ထိုသို့ ကြိတ်ပြီးလုပ်သောအခါ မည်သို့ ဖြစ်နေသည်၊ မည်သည့်အချက်များပြောနေကြသည်ကို သိလိုကြသည်မှာမဆန်းပါ။

ပြည်သူကသိလိုသည်မှာ တိုင်းပြည်၏ရှေ့ရေးအတွက်ဖြစ်သည်။ စစ်အုပ်စုလောင်းလျာများသိလိုသည်မှာ သူတို့ရှေ့ရေးအတွက်ဖြစ်သည်။ မတူပါ။ NLD ကို ဘာတွေလျှော့ပေးနေသလဲ၊ တို့အတွက် ဘာကျန်သလဲ၊ တို့အစိုးရ တက်လုပ်ဖို့အလှည့်ကို ပိတ်ပစ်ခဲ့ပြီလား။ စစ်တန်းလျား ပြန်ရတော့မှာလား စသဖြင့် သူတို့စိတ်လောနေသည်။ SPDC မှာ ရှေ့တွင်ပြည်သူ၊ နောက်တွင် စတုတ္ထမျိုးဆက်လောင်းလျာ၊ ဤနှစ်ခုကြား အကျဉ်းအကျပ်ထဲ ရောက်နေပါသည်။ SPDC ကို ကတိအတိုင်း လုပ်ပါ။ နောက်မဆုတ်နဲ့ဟု ကွန်မြူနစ်ပါတီကသတိပေးသည့်အနေနှင့် ထိုင်း-ဗမာအရေး ထုတ်ပြန်ချက်ကို ထုတ်လိုက်ခြင်းဖြစ်သည်။ SPDC သည် စတုတ္ထစစ်အုပ်စုလောင်းလျာများ အလိုကျမလုပ်ဟု အတပ်မပြောနိုင်ပါ။ နောက်ပြန်လှည့်သွားနိုင်ပါသည်။ စကားပြောပွဲသို့အရောက် တံဖျာတလှည့် ထမ်းပိုးကျည်းတလှည့်သုံးပြီး အရောက်ပို့ထားရခြင်းဖြစ်သည်။ နောက်ပြန်လှည့်သွားလျှင် အဆိုးဆုံးဖြစ်ပြီး တိုင်းပြည်ကံဆိုးမိုးမှောင် ကျပါလိမ့်မည်။

အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးအတွက်လည်း ပြင်ထားရပါမည်။

ထိုင်းဝန်ကြီးချုပ်၏ဗမာပြည်ခရီးအောင်မြင်ခြင်းသည် အဆိုးဆုံးသို့မရောက်သေးဟု အဓိပ္ပာယ်ရပါသည်။ သို့သော် စိတ်မချရပါ။ ကမ္ဘာ့စနစ် သစ်လွန်ပွဲက ရှိနေသည်။ ASEAN ကလည်း ကွန်မြူနစ်ရော၊ ပဒေသရာဇ်ရော၊ စစ်အစိုးရရော၊ ယိုင်နဲ့နဲ့ဒီမိုကရေစီရော စုပေါင်းစပ်ပေါင်း အဖွဲ့ဖြစ်သည်။ အဖွဲ့၏ကြံ့ခိုင်မှု မရှိပါ။ သူ့သမိုင်းကလည်း အပြောင်းအလဲများလှသည်။ (၂၁)ရာစုတွင် ငြိမ်းချမ်း၍ တည်ငြိမ်သောဗမာပြည် ဖြစ်ပေါ်စေလိုသည့်စေတနာဖြင့် (ဗကပ)က အရာရာကို ချဉ်းကပ်ပါသည်။ သို့သော် လက်တွေ့ဘဝကိုလည်း အာရုံပြုပါသည်။ အကောင်းဆုံး (NLD နှင့် SPDC အပေးအယူမျှခြင်း)ကိုမျှော်လင့်၊ အဆိုးဆုံး (SPDC က နောက်ပြန်ဆုတ်ပြီး စတုတ္ထစစ်အုပ်စုအတွက် ‘တက်လမ်း’ ဖွင့်ပေးခဲ့ခြင်း)အတွက်လည်း ပြင်ဆင်ပါသည်။

0 comments:

Post a Comment