Monday, February 4, 2019

လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ) (၁)

0 comments
လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)
(၁) ခရမ်းရောင်တောင်တန်းများ
ဟောသလို ပုစဉ်းရင်ကွဲသံလေးတွေသိပ်သိပ်သည်းသည်းကြားလာရင် မျက်ရည်တွေအလိုလိုဝဲလာတော့တာဘဲ။ နွေဦးပေါက်လာတာနဲ့ ပုစဉ်းရင်ကွဲသံလေးတွေက ဟိုအပင်ပေါ်ကလဲကြားရ ဒီအပင်ပေါ်ကလဲကြားရ။ နေ့လည်နေ့ခင်းဆို ပိုဆိုးသေးတယ်။ စမ်းချောင်းလေးမှာ ရေဆင်းသောက်လိုက် တဒီးဒီးမြည်ရင်း ရေမှုန်လေးတွေပန်းထုတ်လိုက်လုပ်နေကြတာ ပျော်စရာတတစ်ခုဖြစ်နေတယ်။

ပုစဉ်းရင်ကွဲသံလေးတွေကိုကြားတိုင်း မျက်ရည်ဝဲလာတာဟာ ဝမ်းနည်းလို့လား ဝမ်းသာလို့လား လွမ်းလို့လား။ ကျွန်မခွဲပြီးမပြောတတ်တော့ ဘူး။ အသေအချာပြောနိုင်တာက အဲဒီပုစဉ်းရင်ကွဲမြည်သံလေးတွေက သူ... သူမှုတ်တဲ့ ရွမ်းသံလေးနဲ့ သိပ်တူနေလို့ဖြစ်ပါတယ်။ သူမှုတ်တဲ့ ရွမ်းသံလေးက ပုစဉ်းရင်ကွဲတွေလို ညမှာတိတ်သွားတာမျိုးမဟုတ်ဘဲ ညရောက်လေပိုမြည်လေလေ။ လသာတဲ့ညတွေဆိုရင် သူဟာ ကျွန်မတို့အိမ်ဘေးနားအထိ ရောက်လာပြီး ဝါးနဲ့လုပ်ထားတဲ့ သူ့ရဲ့ရွမ်းကလေးကို ခပ်အေးအေးလေးမှုတ်နေတော့တာဘဲ။

ရွမ်းကလေးကို သူ့စိတ်ကြိုက်အသံထွက်အောင် ဝါးပြားလေးကို ပါးစပ်မှာတေ့လိုက် လျှာခင်တံလေးပေါ် ပျားဖယောင်းလေးကိုပြင်လိုက်နဲ့ ကြိုးစားပမ်းစားလုပ်ထားလေတော့ အသံတုန်ပုံက သူများတွေနဲ့မတူဘဲ နားထဲမှာအေးအေးလေးနဲ့ နားထောင်လို့ကောင်းနေတယ်။ သူ့ရွမ်းအသံလေးကိုကြားရတဲ့ ပထမဆုံးညကဆိုရင် ကျွန်မရင်တွေ တဒိတ်ဒိတ်ခုန်နေတော့တာဘဲကွယ်။ ဒီအသံလေးကြောင့် ငယ်ငယ်က အမေ့ရင်ခွင်ထဲကို ပြန်ရောက်သွားသလိုလို၊ ရေခပ်သွားတုံးက ဝါးဘိုးကျည်တောက်ကြီးနဲ့ချော်တွေလဲလို့ ရှက်ခဲ့ရတုံးကလို ပါးတွေ ပူနွေးလာသလိုလို၊ ဒီလိုနဲ့ အမေ့ရင်ခွင်မှာအိပ်ပျော်သလိုပျော်ခဲ့တယ်။ ကြည့်စမ်း ကျွန်မပြန်နိုးလာတော့လဲ သူ့ရဲ့ရွမ်းသံလေးက ရှိနေတုံး။

ကျွန်မလဲ ဒီအသံလေးကို အလိုလိုခင်တွယ်လာတယ်။ အသံလေးက ကြာလေ နားထောင်လို့ပိုကောင်းလာလေ။ အမေပြောတဲ့ပုံပြင်တွေကို အဲဒီအသံလေးက ပြန်ပြောပြနေလိုက်တာကွယ်။

ဝါးပြားသေးသေးနဲ့လုပ်ထားတဲ့ ရွမ်းသံလေးက ကျွန်မကို ဒီလောက်တောင် ဖမ်းစားသတဲ့လား။ ရက်အတိအကျ မမှတ်မိတော့တဲ့ည
တစ်ညမှာ ကျွန်မတို့အိမ်ကို ကာလသားတစ်သိုက် တက်လာကြတယ်။ မီးဖိုတစ်ဖက် ဧည့်သည်ထိုင်တဲ့ဘက်မှာ သူတို့ထိုင်ကြတော့အိမ် ရှင်ကျွန်မလဲ အမေနဲ့အတူ မီးဖိုဒီဘက်ခြမ်းမှာထိုင်ရင်း ဧည့်ခံရတယ်လေ။ ဒီအဖွဲ့ထဲမှာ ရွမ်းသံလေးပိုင်ရှင်မုချပါမယ်ဆိုတာတွေးမိတော့ ကျွန်မ ရင်တွေတဒိတ်ဒိတ်ခုန်လာပြန်တယ်။ သူဘယ်သူလဲဆို သိပ်သိချင်ပေမဲ့ ရဲရဲမရှာရဲပြန်ဘူးလေ။ ဒီအုပ်စုထဲမှာ သူ ရှိကိုရှိရမယ်။ သူပါလာလို့ ကြားနေကျ ရွမ်းသံလေးတိတ်နေတာပေါ့။ သူတို့ပြန်သွားပြီးနောက်မှ အဲဒီရွမ်းသံလေးပြန်ပေါ်လာတယ်ဆိုတော့ သူပါလာတာ ပိုသေခြာသွားပြီ။

ဒါပေမဲ့ ကျွန်မကြာကြာမစောင့်လိုက်ရ။ သူတစ်ယောက်ထဲ ညတစ်ညမှာအိမ်ကိုရောက်လာပြီး မီးဖိုဘေးမှာလာထိုင်တယ်လေ။ အဲဒီညက မီးဖိုဘေးမှာ သူနဲ့ကျွန်မ နှစ်ယောက်ထဲဘဲရှိတယ်။ ကျွန်မတို့ထုံးစံကလဲ ရှမ်းတွေလိုဘဲ မိဘမောင်ဘွားတွေဟာ သမီးဖြစ်သူဆီ လူပျို ဧည့်သည်လာရင် ရှောင်ပေးကြတဲ့ထုံးစံ။ သားသမီးချင်းမေတ္တာမျှရင်လဲ မိဘတွေက သဘောတူတဲ့ဓလေ့။ ဧည့်ခံတဲ့သူက ဧည့်သည်ကို လဖက်ရည်ခါး တစ်ပန်းကန်ပြီးတစ်ပန်းကန် ငှဲ့ပေးရသလို ဧည့်သည်သောက်နေတဲ့ ဆေးတံထဲက ဆေးမှုန့်တွေကုန်သွားရင်လဲ တစ်ဆုံပြီး တစ်ဆုံဖြည့်ပေးရတယ်လေ။ အဲဒီညက လဖက်ရည်ခါးငှဲ့လို့မပြီးသလို ဆေးတံလဲ ထည့်လို့ကိုမပြီးတော့ဘူး။

မီးဖိုကမီးရှိန်ကျသွားလိုက် မီးတွေပြန်ထိုးလိုက်ဘဲ လုပ်နေရတယ်။ ကိုယ်တော့်ဆီက ဘာစကားသံမှထွက်မလာဘူး။ ကျွန်မကို မကြာခဏ ခိုးကြည့်နေတဲ့ သူ့မျက်လုံးတွေက စူးကနဲ။

အဲသလို အတိတ်ကြီး တိတ်နေရာက သူ့ဆီက လည်ချောင်းရှင်းသံလိုလို စကားသံမပီမသ ထွက်လာတယ်။ နောက်ထပ်ပြောလိုက်တဲ့ စကားကတော့ ပီရုံမက ကျွန်မတောင်မျက်လုံးပြူးသွားတယ်။ အံ့ပါရဲ့ ပြောမဲ့ပြောတော့လဲ ဆိုင်းမဆင့်ဗုံမဆင့်။ “မင်းကိုငါချစ်တယ်စပါး ထောင်း ကပွဲညကထဲက မင်းကိုငါသဘောကျခဲ့တာ”တဲ့။ အဲသလိုပြောရင်း သူကုတ်အင်္ကျီဟောင်းအိတ်ထဲကနေ ဝါးဆေးတံ အသစ် ကလေးတစ်ခုနဲ့ ဓားလှီးဆေးအိတ်ကလေး တစ်အိတ်ကို ထုတ်ပြီး ကျွန်မရှေ့ကို ချပေးလိုက်တယ်။ အဲဒီပစ္စည်းတွေထုတ်ရင်း သူ့
အိတ်ထဲကနေ ဝါးချောင်းလေးတစ်ခု ကြမ်းပြင်ပေါ်ကို ဒေါက်ကနဲကျလာတယ်။ ရွမ်းကလေးတစ်ခု။ ကျွန်မလဲသိချင်စိတ်တွေကို မြိုသိပ် မထားနိုင်တော့။ “ညတိုင်း အိမ်ဘေးမှာ ရွမ်းလာမှုတ်တာ နင်လား”။ ကိုယ်တော်ချောက ခေါင်းကြီးကိုငုံ့ရင်း အေးလို့တစ်ခွန်းဘဲ
ပြန်ပြောတယ်။

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က ချစ်ရေးဆိုတာ ဆန်းတဲ့ကိစ္စမှမဟုတ်တာ။ ဒါပေမဲ့ ကျွန်မရင်တွေ ဘာဖြစ်လို့ ဒီလောက်တောင် ခုန်နေကြတာလဲ။ ကျွန်မတို့ ဘိုးဘွားတွေက ချစ်ရေးအဆိုခံရရင် သက်တောင့်သက်သာ အဖြေပေးနိုင်တဲ့ နည်းလမ်း တစ်ခုကိုလဲ အမွေပေးထားတာ ရှိနေသားဘဲ။ ချစ်ရေးဆိုတဲ့ကောင်လေးက လက်ဆောင်တစ်ခုခုကိုပေးရတယ်။ မိန်းကလေးက ချစ်တယ် ဆိုရင် လက်ဆောင်ကို ပြန်ပေးဖို့မလိုဘူး။ မချစ်ဘူးဆိုရင် နောက်တစ်ခေါက်သူလာတာနဲ့ သူ့လက်ဆောင်ကိုပြန်ပေးလိုက်ရုံပဲလေ။

“ဟယ် နင့်လူကလဲ၊ ဝါးဆေးတံကို လက်ဆောင်ပေးရတယ်လို့” ငယ်ပေါင်းအီလွတ်က ကျွန်မကိုနှာခေါင်းရှုံ့လိုက်တယ်။ “တကယ်ဆို နင့် ရုပ်ရည်မျိုးကို ငွေဆေးတံ အနည်းဆုံးပေးသင့်တာပေါ့။ ရွာထဲမှာ ငွေဆေးတံပေးမဲ့သူ မရှားပါဘူးအေ”တဲ့။ ကျွန်မမျက်စိထဲမှာ ရွာသူကြီး တူမလေးလက်ဆောင်ရတဲ့ ငွေဆေးတံအရိုးရှည်လေးကို ပြေးမြင်မိတယ်။ ရိုးတံပေါ်က ငွေကနုတ်ပန်းတွေကလှနေသလိုဆေးအိုးလေးကလဲ ငွေပန်းပွင့်လေးတွေနဲ့။ ဒီငွေဆေးတံလေးက အနည်းဆုံး နွားပေါက်တစ်ကောင်လောက်တန်ကြေးရှိသတဲ့။

“ဘာဘဲဖြစ်ဖြစ်ဟယ်။ ဒီဝါးဆေးတံလေးလဲ လှပါတယ်။ ဆေးအိုးလေးဆို ချောပြောင်နေတာဘဲ”ကျွန်မကဆေးတံလေးကိုတယုတယ ဖြစ်နေတာတွေ့တော့ အီလွတ်က သနားကြည့်နဲ့ကြည့်နေတယ်။
“ ညည်းအရင်ကပြောတော့ နင့်ကို ငွေလက်ကောက် လက်ဆောင်ပေးမှ လက်ခံမယ်ဆို”
“ အိုအေ။ အဲဒီတုံးက ငါငယ်သေးတာကိုး”
“ ခုတော့ ကြီးလာပြီပေါ့ကောင်မ။ လျှော့မယ့် လျှော့တော့လဲ ဝါးဆေးတံတဲ့တော်။ ကြည့်ပါအုံး။ အရိုးထိပ်မှလဲ ကျည်ဆံခွံကြီးစွပ်လို့”
“ညည်း အဲသလောက်တော့ မှိုချိုးမျှစ်ချိုးမပြောပါနဲ့အေ။ ရွာထဲမှာ ဝါးဆေးတံနဲ့ချစ်သွားကြတာတွေ တပုံကြီးပါအေ”

တိုတိုဆိုရရင် ကျွန်မဟာသူပေးတဲ့ ဝါးဆေးတံလေးကိုပါးစပ်မှာခဲရင်း တောင်ယာကပြန်လာရင် မောမောနဲ့ သူ့ဘေးမှာ သူမှုတ်တဲ့ရွမ်းသံလေး ကို အစွဲကြီးစွဲတဲ့ သူတစ်ယောက်ဖြစ်လာတယ်။ သူကလဲ အလုပ်လုပ်ပြီးတာနဲ့ ကျွန်မရှိရာအိမ်ကလေးဆီ အမြန်ပြန်ပြေးလာတယ်။ သူ့ရွမ်းသံ လေးက တဖျတ်ဖျတ်ပျံနေတဲ့ လိပ်ပြာတစ်ကောင်လို ကျွန်မဘေးမှာ ဝဲပျံနေတယ်။ ဒီအသံလေးက ကျွန်မကို တသွင်သွင်စီးနေတဲ့ စမ်းချောင်း ကလေးဆီပို့နေသလားထင်ရသလို အမေ့ရင်ခွင်မှာချော့သိပ်နေသလားလို့လဲ ထင်နေတယ်။ ကျွန်မက သူ့ပုခုံးကိုမှီရင်း ရွမ်းသံလေးကို တစိမ့်စိမ့်နားထောင်နေရာက မျက်ရည်တွေဝဲချင်ဝဲနေတတ်တယ်။ “ဟော ဟော မျက်ရည်ကျပြန်ပြီ”လို့ သူကစရင် “သွား...ဆေးတံမီးခိုးတွေ မွှန်လို့ မျက်ရည်ထွက်တာ” လို့ သူ့ကို ပြန်ပြီးရန်လုပ်တယ်။

အခု သူ့ရွမ်းသံလေးနဲ့ဝေးနေတာကြာလှပြီ။ သူလဲ ကျွန်မနဲ့ခွဲပြီး လူ့လောက က ထွက်သွားတာတောင် အတော်ကြာပြီ။ ပုစဉ်းရင်ကွဲသံတွေ ကိုဘဲ ကျွန်မအဖော်လုပ်နေရတယ်။ ပုစဉ်းသံလေးတွေနားထောင်ရင်း ကျွန်မမျက်ရည်ဝေ့နေတာကိုသူတွေ့ရင် ဟောမျက်ရည်ကျပြန်ပြီ လို့များပြောဦးမလားမသိ။ တစ်နေ့ကျမှ ကျွန်မရဲ့မြေးအကြီးမလေးကို ဒီအကြောင်းလေးပြန်ပြောရဦးမယ်။ သူကတော့ အဖွားမျက်ရည်ကျ တာကို ကောင်းကောင်းနားလည်မဲ့သူလေးပါ။

ဒီလောက်ဆိုရင် ဝတောင်တန်းပေါ်က ဝအမျိုးသမီးတစ်ယောက် စိတ်နေစိတ်ထားကို နည်းနည်းလောက်နားလည်နိုင်မယ်လို့ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်မိတ်ဆွေ ဝအမျိုးသား ဦးအိုက်ရှင် ပြန်ပြောပြတာလေးတွေကို ကျွန်တော်မှတ်မိသလောက်ပြန် ရေးထားတာ ဖြစ်ပါတယ်။

ဝတောင်တန်းဟာ အင်မတန်ဝေးလံခေါင်သီပြီး အစစအရာအရာရှားပါးတဲ့ တောရိုင်းမြေကြီးတစ်ခုနဲ့တောင်တူပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ ကျော်လောက်က အခြေအနေကိုပြန်တွေးလိုက်ရင် ဝတောင်တန်းဟာ စားနပ်ရိက္ခာတောင် ကောင်းကောင်းမရှိ။ စိုက်လို့ပျိုးလို့ရတာကလဲ တစ်နှစ်မှာ ၃ လစာလောက်သာ။ ဝတ်စရာကလဲ အဝတ်တစ်ထည်ကိုယ်တစ်ခု။ တချို့ဆိုရင်အရှက်ဖုံးရုံ နံငယ်ပိုင်းမျှသာ။ ဒီကြားထဲ နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို ရောဂါဘယကလည်း ထုထောင်းနှိပ်စက်သေးတယ်။

ငှက်ဖျားဆိုးတွေ၊ တီဘီအဆုတ်ရောဂါတွေကြောင့် အသက်ငယ်ငယ်နဲ့ လူမမာဖြစ်နေရ။ အသက် ၂ဝ ပြည့်အောင် လူ့လောကမှာမနေ
လိုက်ရသူတွေလဲ အများအပြား။ အဲသလိုရောဂါမျိုးစုံအပြင် ကြွက်ကပ်ကျလို့ အငတ်ဘေးဆိုက်ရတာတွေလဲ မကြာခဏ။

အဲသလိုဒေသကြီးမှာ ထောင်စုနှစ်တစ်ဝက်လောက် ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ဘဲ ကိုယ့်ဖာသာ တောထဲမှာကျက်စားနေခဲ့ကြသူတွေ
လေ။ ဒါတောင် သူတို့ဘိုးဘွားတွေကျင့်သုံးခဲ့တဲ့ ဗုဒ္ဓဘာသာဓလေ့ထုံးစံ အကြွင်းအကျန်လေးတွေကိုတွေ့နေရတာကလဲ အံ့သြစရာဘဲ။

အခုလိုနွေရာသီဆိုရင် ဝတောင်တန်းကြီးဟာ မြူခိုးတွေဝေနေပြီး ကြည့်လေရာအရပ်တိုင်းမှာ ခရမ်းရောင်သန်းနေတတ်တယ်။ကုန်းပြောင် ပြောင်တောင်ထိပ်လေးတွေမှာ ရွာငယ်လေးတွေ ဟိုနားဒီနားမှာ တွေ့နေရတယ်။ အမိုးရောအကာပါရောနေတဲ့ အမိုးကုပ်အိမ်ကလေးတွေ ထဲ ကနေ သက်ကယ်လေးတွေကိုလှန်ပြီး တုတ်နဲ့ထောက်လိုက်ရင် ပြတင်းပေါက်ကလေးတွေဖြစ်လာတယ်။ အဲဒီပြတင်းပေါက်ကလေးတွေနေ ရွာထဲဖြတ်လာသူတွေကို အကဲခတ်နေတဲ့မျက်လုံးလေးတွေကို ကြည့်ကြသတဲ့။

ရွာဘယ်လောက်ငယ်ငယ် ခြံစည်းရိုးတွေ အခြောက်ကျုံးတွေရှိနေတယ်။ ရွာထိပ်တွေမှာ လူအရိုးခေါင်းဖြူဖြူတွေတင်ထားတဲ့ ကျောက်ငုတ် ကျောက်တိုင်လေးတွေကို တွေ့နေရတယ်။ ခေါင်းဖြတ်ယစ်ပူဇော်တဲ့ဓလေ့ဆိုးကြောင့် ရွာအပြင်ဘက် တောင်ယာ ရဲရဲထွက်မလုပ်နိုင်ဘဲ စားစရာ ခေါင်းပါးလှတဲ့ကာလ။ စော်ဘွားတွေ၊ အစိုးရကာကွယ်ရေးတွေ ကူမင်တန်တရုတ်ဖြူတွေ မူးယစ်ဆေးလုပ်ငန်းတွေ ကြီးစိုးရာဒေသ၊ အုပ်စုအချင်းချင်း အပြန်အလှန်စစ်ခင်းနေကြတဲ့ အမှောင်ကာလ။ ဒီကာလမှာ ခရမ်းရောင်တောင်တန်းများဆီကို ဗကပ (ဗမာပြည်ကွန်မြူနစ် ပါတီ)နဲ့ ပြည်သူ့တပ်မတော်တို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီကာလကို ပြန်ပြောင်းပြောပြတာဟာ အထက်မှာပါတဲ့ ဝအမျိုးသမီးကြီးက သူ ချစ်လက်ဆောင်ရခဲ့တဲ့ ဝါးဆေးတံကလေးအကြောင်းနဲ့ သူနားဆင်ခဲ့ရတဲ့ ရွမ်းတူရိယာလေး အသံလေးအကြောင်းကို ပြန်ပြောတာနဲ့တူကောင်းတူနိုင်တယ်။ လောကကြီးမှာစံနှုန်းတန်ဖိုးတွေ အများ အပြားရှိနေတတ်ပြီး တန်ဖိုးစံနှုန်းတစ်ခုခုကို အတူကိုင်စွဲသူများအကြားပင် ကွဲပြားမှုများရှိနေတတ်ပါတယ်။

နောက်ပြီး အဲဒီစံနှုန်းတွေကလဲ အချိန်နေရာကိုလိုက်ပြီး ပြောင်းလဲသွားတတ်ပြန်တယ်။ အရင်ကတန်ဖိုးထားမှုတွေဟာလဲ ကာလဒေသ အပြောင်းအလဲတွေကိုလိုက်ပြီး နောက်ထပ်တန်ဖိုးစံနှုန်းတွေကို ပြောင်းလဲသွားတတ်တာဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း လေးငါးဆယ်က အကြောင်းအရာတွေအပေါ် ရှုမြင်ပုံခံယူပုံတွေ ကွဲပြားနေတတ်တယ်။ ဒါကြောင့် ဒီဆောင်းပါးတွေကို ရှုထောင့်တစ်ခု အမြင်တစ်ခုအဖြစ် ကိုးကားနိုင်ရင်ဘဲ လုံလောက်ပါပြီ။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ ကူးယူဖော်ပြပါသည်

0 comments:

Post a Comment