Thursday, February 7, 2019

တိုင်းပြည်နှင့်ပြည်သူကိုအလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ် (၁)

0 comments
တိုင်းပြည်နှင့်ပြည်သူကိုအလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ် (၁)

(က) နိဒါန်း။
၂၁ ရာစုသို့ဝင်ခဲ့ပါပြီ။ ၁၈ ရာစုကအတိုင်း ဗမာပြည်နိုင်ငံရေးကို စဉ်းစားလုပ်ဆောင်၍ မဖြစ်ပါ။ ၂ဝ ရာစု အတိုင်းလည်း မဖြစ်ပါ။ ၂၁ ရာစု အခြေအနေအရစဉ်းစားကြ၊ လုပ်ဆောင်ကြရန်လိုပါသည်။
အဟောင်းအတိုင်းစဉ်းစားလုပ်ဆောင်နေကြလျှင် နောက်ကျသွားပါလိမ့်မည်။ ခံရပါလိမ့်မည်။ ၁၉ ရာစု၊ ၂ဝ ရာစုများက ကျွန်တော်တို့၏ ဘိုးဘေးများ နောက်ကျခဲ့ပါသည်။ ကိုလိုနီဘဝကျဆင်းခါနီးအထိ မန္တလေးတွင် နန်းတွင်းသတ်ဖြတ်ပွဲများ ထီးနန်းဆက်ခံရေးပြဿနာများဖြင့် လုံးလည်လိုက်နေပါသည်။ ရန်ကုန်တွင် နယ်ချဲ့ကအခြေချနေပြီး၊ အထက်ဗမာပြည်တွင် တောကြောင်များ ထနေပါသည်။ ဗန်းမော်ကိုပင် သိမ်းကြသည့်အထိ အတင့်ရဲနေပါသည်။ တမျိုးသားလုံးညီညွတ်ရေးမပြောနှင့် မိမိမင်းမျိုးမင်းနွယ်လက်တဆုပ်စာ၏ညီညွတ်ရေးပင် မရှိခဲ့ပါ။ ကိုလိုနီဘဝကျဆင်းမှ အဆုံးသတ်သွားပါသည်။
ထိုသင်ခန်းစာမျိုးထပ်မံမရစေလို၍ ဤလမ်းစဉ်ကိုတင်ပြပါသည်။

(ခ) နိုင်ငံတကာ့အခြေအနေ။
ကမ္ဘာ့စနစ်ဟောင်း တဖြည်းဖြည်းကွယ်ပျောက်နေပါသည်။ ကမ္ဘာ့စနစ်သစ်ကလည်း မရှိသေးပါ။ ကမ္ဘာ့စနစ်ဟောင်းတွင် စူပါပါဝါနှစ်တိုင်းပြည် ဦးဆောင်သော အုပ်စုကြီးနှစ်ခုနှင့် ထိုအုပ်စုများတွင်မပါသော ကြားနေဘက်မလိုက်အုပ်စုကြီးတခု ရှိခဲ့ပါသည်။ ဗမာပြည်သည် ထိုကြားနေ ဘက်မလိုက်အုပ်စုကြီးအတွင်း ပါခဲ့ပါသည်။ ဗိုလ်နေဝင်းစိတ်ရူးပေါက်ပြီး ထွက်ခဲ့သည်ကလွဲ၍ အမြဲတမ်း ပါခဲ့ပါသည်။ အခြေခံအားဖြင့် မှန်ကန်သောရပ်တည်ချက် ဖြစ်ပါသည်။ အုပ်စုကြီးသုံးစုရှိနေသောကမ္ဘာ့စနစ်ရှိနေသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တစုံတရာ ထိန်းထားနိုင်ခဲ့ပါသည်။ တတိယကမ္ဘာစစ်မဖြစ်ခဲ့ပါ။ သို့သော်  “စစ်အေးခေတ်” ဟုခေါ်သောခေတ်၌ ဒေသန္တရစစ်များကားဖြစ်ခဲ့ပါသည်။ ဗမာပြည်သည် ထိုစစ်များအတွင်းငြိတွယ်ခြင်း၊ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုမူ ကမ္ဘာ့စနစ်ဟောင်း ကုန်ဆုံးနေပါပြီ။ ကမ္ဘာ့စနစ်သစ်လည်း မရှိ သေးပါ။ အရည်တည်ကာလ ဖြစ်နေပါသည်။

အရည်တည်ကာလသည် သူ့အလိုလိုပြီးပြတ်ပြေလည်သွားမည် မဟုတ်ပါ။ ဖြစ်လေ့ရှိသည်မှာ ကမ္ဘာ့စနစ်သစ်ကို စစ်ကြီးတခုအပြီး စစ်နိုင်သူများက ချမှတ်လေ့ရှိပါသည်။ ပထမကမ္ဘာစစ်အပြီးတွင် စစ်နိုင်သော“မဟာမိတ်အဖွဲ့”(အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်၊ အီတလီ၊ ဂျပန် အင်အားကြီးနိုင်ငံများ)က ချမှတ်ပါသည်။ ဂျာမဏီ၊ သြစတြီးယား၊ တူရကီပိုင်ကိုလိုနီများကို ခွဲဝေယူကြပါသည်။ စစ်ရှုံးနိုင်ငံများကို ပြန်မလှန် နိုင်အောင် စာချုပ်များဖြင့် ဖိပါသည်။ လျော်ကြေးမတန်တဆ တောင်းပါသည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations)ဖွဲ့ပါသည်။
“စစ်အားလုံးကို အဆုံးသတ်ပစ်မည့်စစ်ကြီး” ဟု ပြောပြီးတိုက်ခဲ့ကြသော ‘မဟာမိတ်များ’သည် နောက်ထပ်စစ်တခု မဖြစ်မနေဖြစ်အောင် လုပ်ထားခဲ့ပါသည်။

ဤသို့ဖြင့် ဖက်ဆစ်စနစ်ပေါ်လာကာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပါသည်။ စစ်ကြီးနှစ်ခုအကြားတွင် ကြားကာလ (၂ဝ)နှစ်သာရှိပါသည်။ ဒုတိယကမ္ဘာစစ်ကြီး မလွဲမသွေဖြစ်တော့မည်ဆိုသည်ကို အစောကြီးကတည်းက လူတိုင်းသိနေခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် စစ်နိုင်သူများက ကမ္ဘာ့စနစ်သစ်ကိုဦးစီးပြီး ချမှတ်ပြန်ပါသည်။ ချမှတ်သူများထဲတွင် တရုတ်ပါလာပါသည်။ အလွန်ထူးပါသည်။ ကိုလိုနီတပိုင်း တိုင်းပြည်ကကြီး(၅)ကြီးထဲ ပါခြင်းပါ။ ဂျပန်ကိုတိုက်နေရစဉ် နေရာပေးရခြင်းဖြစ်ပါသည်။ စစ်ရှုံးနိုင်ငံများ မပါရပါ။ ဂျပန် မပါရတော့ပါ။

ကမ္ဘာ့ကုလသမဂ္ဂ (United Nations)ဖွဲ့ပါသည်။ ဗီတိုပိုင်ရှင် (ကြီး ၅ ကြီး) ထားပါသည်။ ဤသည်ကိုအားလုံးသိပြီးဖြစ်ပါသည်။ ထူးခြားချက်မှာ ကိုလိုနီနိုင်ငံများအားလုံး လွတ်လပ်လာခြင်းဖြစ်ပါသည်။ လွတ်လပ်သောနိုင်ငံများအားလုံးနီးပါးသည် အမေရိကန်ဦးစီးသည့် နယ်ချဲ့ဂိုဏ်းထဲ လည်း မဝင်၊ ဆိုဗီယက်ယူနီယံဦးစီးသည့် ဆိုရှယ်လစ်ဂိုဏ်းအတွင်းလည်း မပါကြဘဲ၊ သီးခြားဘက်မလိုက်ဂိုဏ်းကြီး ဖွဲ့ပါသည်။ဤဂိုဏ်း (၃)ဂိုဏ်းအတွင်း၌ အပြောင်းအလဲများရှိခဲ့သော်လည်း အခြေခံ မပြောင်းခဲ့ပါ။ (၃) ဂိုဏ်း (၃ ကမ္ဘာ) ကွဲပြားနေသောကမ္ဘာ့စနစ်အဖြစ်ပင် တည်ရှိနေခဲ့ပါသည်။

ထိုသို့တည်ရှိနေခြင်းသည်ပင် တတိယကမ္ဘာစစ်ကြီးမဖြစ်ရေးကို တားထားနိုင်သည်ဟုယူဆနိုင်ပါသည်။ ကမ္ဘာဖျက်လက်နက်များ ပေါ်လာ ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုရှိခြင်းတို့ကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးကို တမျိုးတဖုံ ထိန်းသိမ်းပေးနိုင်ခဲ့ပါသည်။ နှစ်ပေါင်း(၅၅)နှစ် ကျော် တည်ရှိခဲ့သောကမ္ဘာ့စနစ်၏အခန်းသည် ယခုအခါ ကုန်ဆုံးနေလေပြီ။ ကမ္ဘာ့စနစ်သစ်တခုချရတော့မည့် အခြေအနေဖြစ်ပေါ်ခဲ့ပါပြီ။ ဤတွင် ပြဿနာ စပါတော့သည်။
ပြဿနာမှာ ယခင်ကနှင့်မတူဘဲ ကမ္ဘာ့စနစ်သစ်ကို ရှုံးသူနိုင်သူမရှိသောအခြေအနေတွင် ချမှတ်ရမည့်အနေအထားဖြစ်ပါသည်။ ဤကား မကြုံစဖူးထူးခြားသောအခြေအနေ ဖြစ်ပါသည်။ တကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းရမည့်ပြဿနာဖြစ်လာနေပါသည်။ ပြဿနာကို ကုလသမဂ္ဂက ဖြေရှင်းနိုင်မည်လော။ မရနိုင်ပါ။ ကုလသမဂ္ဂက ဖြေရှင်းပေးနိုင်သောကိစ္စ မဟုတ်ပါ။ ပြဿနာ၏အဓိကဆုံချက်မှာ စစ်အေးခေတ်အပြီးတွင် ရှုံးသူနိုင်သူရှိသလောဟူသည့်ကိစ္စ ဖြစ်ပါသည်။

အမေရိကန်က နိုင်သူဟု သူ့ကိုယ်သူသတ်မှတ်ပါသည်။ ရုရှားကရှုံးသည်ဟု မယူဆပါ။ အခြားနိုင်ငံကြီး အတော်များများကလည်း ရှုံးသူနိုင်သူ မရှိဟု ယူဆကြပါသည်။ (သို့မဟုတ်) ယူဆကြပုံ ပေါ်ပါသည်။ ကြားနေဘက်မလိုက် ဂိုဏ်းကြီးကလည်း အရှုံးအနိုင်မရှိဟုယူဆပြီး အခြေ အနေသစ်တွင် ဆက်လက်လှုပ်ရှားနေကြပါသည်။ ဤကား စစ်အေးခေတ်ပြီးဆုံးခြင်း၏ ထူးခြားချက်ဖြစ်ပါသည်။ (တကယ့်စစ်ကြီးတွင်ကား ရှုံးသူနိုင်သူ ပြတ်သားပါသည်)

ဤထူးခြားချက်ကပင် ယနေ့နိုင်ငံတကာ့အခြေအနေကို ဖြစ်ပေါ်စေပါသည်။ နိုင်ငံတကာ့အခြေအနေကို ပြဌာန်းကြရာတွင် ကမ္ဘာ့နိုင်ငံအားလုံး တန်းတူရည်တူ ပြဌာန်းကြရသည် မဟုတ်ပါ။ နိုင်ငံကြီးများကပြဌာန်းကြခြင်း ဖြစ်ပါသည်။ ထိုနိုင်ငံကြီးများမှအုပ်စိုးသူများက သူ့တိုင်းပြည်၏ “အမျိုးသားအကျိုးစီးပွား”ကိုကြည့်၍ ပြဌာန်းခြင်းဖြစ်ပါသည်။ ထို့ကြောင့် “အမျိုးသားအကျိုးစီးပွား”ကို မည်သို့မည်ပုံ သူတို့သတ်မှတ်ထား သနည်း၊ မည်သို့မည်ပုံ အကောင်အထည်ဖော်နေကြသနည်းဆိုသည်ကို ကြည့်ရပါမည်။

အမေရိကန်ကို ပထမဆုံးကြည့်ပါမည်။ “နိုင်သူ” ဟု သူ့ဘာသာ သတ်မှတ်ထားသူဖြစ်၍ သူက စ ရပါသည်။ အမေရိကန်တွင် ရီပတ်ဘလစ် ကင်ပါတီ အာဏာရနေပါသည်။ ထိုပါတီ၏ထိပ်သီးများ ရေးကြ၊ ပြောကြ၊ လုပ်ကြသည်ကိုကြည့်ရပါမည်။ တခါက ရီပတ်ဘလစ်ပါတီ၏ ကြယ်တပွင့်ဖြစ်ခဲ့သူ ဂင်းဂရစ်ခ်ျ(Newt Gingrich) က “သမီးရည်းစားချိန်းတွေ့သလို မရဲတရဲလုပ်မနေနဲ့၊ ကိုယ့်မယား ဖြစ်နေပြီ၊ ရဲရဲသာ ဆက်ဆံ”ဟု ကလင်တန်ကို ဝေဖန်ဖူးပါသည်။ ကမ္ဘာကြီးတခုလုံး ရထားပြီ၊ ကြောက်ရွံ့ကြောက်ရွံ့ လုပ်မနေနဲ့ဟုပြောခြင်း ဖြစ်ပါသည်။ ဂင်းဂရစ်ခ်ျမှာ သမ္မတဖြစ်ရန် ချိန်နေသူဖြစ်၍ ‘ရဲတယ်၊ ပြတ်တယ်’ဟု အထင်ခံရရန်ပြောခြင်းဖြစ်ပါသည်။ လက်တွေ့သမ္မတလုပ်နေသော ကလင်တန်ကတော့ တမျိုးစဉ်းစားရပုံပေါ်ပါသည်။ သူတခါက စကားမှားသွားသောအခါ ဟောင်ဖွာဟောင်ဖွာပြောလေ့ရှိသော ရုရှား သမ္မတယဲ့လ်ဆင်က “တို့မှာ အဏုမြူလက်နက်တွေရှိတယ်ဆိုတာ မေ့သွားပြီထင်တယ်”ဟု ကလင်တန်ကို ခြောက်ပါသည်။ ကလင်တန်က “မမေ့ပါ”ဟု တုံ့ပြန်ပါသည်။

ရုရှား၏အိမ်တံခါးဝတွင် နေနေရသောတိုင်းပြည်များက အမေရိကန်ကို ဆင်ဆင်ခြင်ခြင်ပြောရန်လုပ်ရန် အတွင်းကြိတ်သတိပေးခဲ့ရပါသည်။
ရွေးကောက်ပွဲကာလက ရီပတ်ဘလစ်ပါတီအတွင်း တွင်ကျယ်သူနှစ်ဦးက(တဦးကအမျိုးသမီး ကွန်ဒိုလီဇာရိုက်စ် Condoleezzarice အခု သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဖြစ်နေတယ်။ တဦးက ရောဘတ်ဇိုးလစ် Robert Zoellick သူလည်း ကြီးကြီးအကောင်ပဲ ဖြစ်မယ်၊ ဘာဖြစ်နေတယ်မသိ) မဲဆွယ်ဆောင်းပါးများရေးခဲ့သည်။
- ရိုက်စ် ရေးသည့်ဆောင်းပါး၏ အချုပ်သဘောမှာ
- ဆိုဗီယက်ယူနီယံ မရှိတော့ဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ ‘အမျိုးသားအကျိုးစီးပွား’ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိကြသေးဘူး။
- အပြောင်းအလဲကာလဟာ အရေးကြီးတယ်။ သေနင်္ဂဗျူဟာအခွင့်ကောင်းတွေ ပေါ်တတ်တယ်။ အခုလိုအရည်တည်ကာလမှာ အနာဂတ် ကမ္ဘာ့ပုံသဏ္ဌာန်ကို သြဇာသက်အောင်လုပ်နိုင်တယ်။
- အမေရိကရဲ့ နိုင်ငံခြားရေးပေါ်လစီသစ် ချတော့မယ်ဆိုရင် အမေရိကန်မှာ ထူးခြားတဲ့အဆင့်နေရာရှိတယ်ဆိုတာက အစချီရမယ်။
- အင်အားကြီးနိုင်ငံက အာဏာပါဝါပြရမှာ၊ အင်အားသုံးနိုင်ငံရေးလုပ်ရမှာကို ရှိုးတိုးရှန့်တန့်ဖြစ်နေသူတွေရှိတယ်။ ‘အမျိုးသားအကျိုးစီးပွား’ကို ပစ်ပယ်ပြီး ‘လူသားအားလုံးအကျိုးစီးပွား’။ ‘နိုင်ငံတကာအဖွဲ့အစည်း အကျိုးစီးပွား’ဆိုတာတွေနဲ့အစားထိုးချင်ကြတယ်။ နိုင်ငံအများက ထောက်ခံမှ၊ ကုလသမဂ္ဂကထောက်ခံမှ အင်အားသုံးတာတရားတယ်လို့ ယုံနေကြတယ်။ ဒါတွေဟာ မှားတယ်။
- အမေရိကန်ရဲ့ ‘အမျိုးသားအကျိုးစီးပွား’ကိုလုပ်တာဟာ လွတ်လပ်မှု ဈေးကွက်နဲ့ငြိမ်းချမ်းရေး တိုးတက်အောင်လုပ်ခြင်းပဲ။
- အမေရိကန်မှာ အထူးကဏ္ဍရှိတယ်။ သူများတွေကြံဆထားတဲ့ သဘောတူညီချက်တိုင်း၊ စာချုပ်တိုင်းကို လိုက်လုပ်နေစရာမလိုဘူး။
- အမေရိကန်မှာ ‘အမျိုးသားအကျိုးစီးပွား’ရှိတယ်ဆိုတာ လက်ခံသူတွေကတောင် အင်အားကြီးနိုင်ငံရဲ့ အာဏာပြနိုင်ငံရေးလုပ်ဖို့ တွန့်နေ ကြတယ်။ အာဏာပြနိုင်ငံရေးလုပ်ဖို့ မကြောက်ကြပါနဲ့။
- အမေရိကန်ရဲ့ တန်ဖိုးထားချက်ဟာ အားလုံးရဲ့တန်ဖိုးထားချက်ပဲ။ အမေရိကန်ရဲ့စစ်အင်အားဟာ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် တခုတည်းသော အာမခံချက်ဖြစ်တယ်။
- အင်အားနည်းတဲ့နိုင်ငံတွေက အင်အားကြီးတဲ့နိုင်ငံတွေထက် ပိုပြီး ခေါင်းမာလေ့ရှိတယ်။ သူတို့ရှုံးရင် အရာရာရှုံးမှာမို့ပဲ။
- အိန္ဒိယကို တရုတ်ကထည့်တွက်သလို အမေရိကန်ကလည်း ထည့်တွက်ရမယ်။ သူက အင်အားကြီးနိုင်ငံတော မဖြစ်သေးဘူး။ တနေ့ ဖြစ်လာနိုင်တယ်။
- လူ့အခွင့်အရေးအတွက် တပါးတိုင်းပြည်ကို ဝင်ရောက်စွက်ဖက်တန် စွက်ဖက်ရမှာပဲ။ ဝင်ရောက်စွက်ဖက်ဖို့ အမေရိကန်မှာတာဝန်ရှိတယ်။
နောက်တယောက်.. ဇိုးလစ်က မော်ဒန်ရီပတ်ဘလစ်ပါတီဆိုတဲ့အသုံးအနှုန်း သုံးတယ်။ မော်ဒန်ရီပတ်ဘလစ်ပါတီရဲ့နိုင်ငံခြားရေးမူ (၅)ချက် ဆိုပြီး ရေးတယ်။
မူ(၅) ချက်က -
(၁)  အမေရိကန်ရဲ့ ‘အမျိုးသားအကျိုးစီးပွား’အတွက်လုပ်ဖို့ ရှက်မနေနဲ့။ အင်အားချက်ချင်းသုံးဖို့လည်း မရှက်နဲ့။ တခြားတိုင်းပြည်တွေ ဘယ်လို ယူဆကြမယ်ဆိုတာတွေးပြီး မလုပ်ရဲမကိုင်ရဲမဖြစ်နဲ့။ တခြားတိုင်းပြည်တွေရဲ့အခန်းက အမေရိကန်နဲ့တူတာမဟုတ်ဘူး။
(၂)  မဟာမိတ်ဖွဲ့ရမယ်။ ဒါပေမယ့် မဟာမိတ်တွေကလည်း သူတို့တာဝန်ကျေကြရမယ်။ တာဝန်ကျေသူရဲ့အမြင်ကိုမှ အမေရိကန်က လေးစားမယ်။
(၃) နိုင်ငံတကာဥပဒေဆိုတာ ပြည်တွင်းဥပဒေနဲ့မတူဘူး။ နိုင်ငံတကာဥပဒေဆိုတာက သဘောတူပြီးသား လုပ်ပြီးသားကိစ္စကို နောက်မှ စာနဲ့ ရေးရတာပဲ။ နိုင်ငံတကာဥပဒေကို အင်အားနဲ့သာ အကောင်အထည်ဖော်နိုင်တယ်။ ကိစ္စတိုင်း နိုင်ငံတကာနဲ့ ညှိစရာမလိုဘူး။
(၄) သတင်းတွေ၊ ဆက်သွယ်ရေးတွေ၊ ကုန်သွယ်ရေးတွေ၊ ဘဏ္ဍာရေးတွေမှာ တော်လှန်ပြောင်းလဲနေပြီ။ အဲဒီဟာတွေက ကမ္ဘာ့နိုင်ငံရေးနဲ့ လုံခြုံရေးကို ပုံဖော်ကြလိမ့်မယ်။ သူတို့ကို အားပေးရမယ်။ တွေးခေါ်မှုတွေ၊ ဈေးကွက်တွေဖွင့်ပေးရမယ်။
(၅) ကမ္ဘာမှာမကောင်းဆိုးဝါးတွေ ရှိနေတယ်။ အမေရိကရဲ့ရပ်တည်ချက်နဲ့အယူအဆတွေကို မုန်းသူတွေရှိနေတယ်။ ဒါကြောင့် သတိရှိရမယ်။ အင်အားကြီးအောင်လုပ်ပြီး သူတို့ကို အနိုင်ယူရမယ်။

သမ္မတဘုရှ်သည် ဤရေးသားချက်များကို အကောင်အထည်ဖော်လိုဟန် ရှိပါသည်။ ထို့ကြောင့်NMD (အမျိုးသား ဒုံးပျံကာကွယ်ရေး) အစီ အစဉ်ချပါသည်။ ကျိုတိုသဘောတူညီချက်ကို တဖက်သတ်ဖျက်ပါသည်။ အပြောအဆိုကတော့ သူ့အကြံပေးတွေလို မကြမ်းဝံ့ပါ။ ယက်ကန် ယက်ကန်နှင့်သမ္မတဖြစ်လာသူက ထိုသို့အပြောမကြမ်းနိုင်ပါ။ အပြတ်အသတ်နိုင်လာလျှင်ကား ကြမ်းပေလိမ့်မည်။

“NMD နှင့် ကျိုတို”ကို ကိုင်လိုက်သောအခါ ရုရှားနှင့်တရုတ်က ဆန့်ကျင်ပါသည်။ အမာခံမဟာမိတ်များက မကြိုဆိုပါ။ ဆန့်ကျင်သူတောင် ရှိပါသည်။ ဂျပန်ကပင် အင်တင်တင်လက်ခံပါသည်။ အိန္ဒိယကတော့ အမေရိကန်က ပထမဆုံးအရေးတယူလုပ် ရှင်းပြသဖြင့် ကျေနပ်ပါသည်။ သူ၏အကြံအစည်အတွက် အကျိုးရှိ၍လည်း  NMD ကို လိုလားသည့်သဘောပြောပါသည်။ ရုရှားနှင့် တရုတ်ကဆန့်ကျင်မည်ဟုကြိုတွက်ပြီး ဖြစ်သဖြင့် သမ္မတဘုရှ် မအံ့သြပါ။ သို့သော် မဟာမိတ်များ၏ရပ်တည်ချက်ကို သိရသောအခါ အံ့သြပုံပေါ်ပါသည်။ ယခုထိရှင်းလင်းမဆုံး ဖြစ်နေရပါသည်။

အမေရိကန်၏ ဂျူနီယာပါတနာ (Junior Partner) ဟု သူ့ကိုယ်သူပြောသော အင်္ဂလိပ်ကပင် ခါတိုင်းလို လှိုက်လှဲမှုမရှိပါ။ ဥရောပသမဂ္ဂ(EU) နှင့်လည်းမကင်းနိုင်၊ အမေရိကန်နောက်လည်းလိုက်ချင် စိတ်ဒွိဟဖြစ်နေပုံပေါ်ပါသည်။ အမေရိကန်ကိုဝင်ရိုးပြု၍ တကမ္ဘာလုံးက လည်ပတ်ရ မည်ဟူသော အတွေးအခေါ်သည် အမေရိကန် လက်ဝါးကြီးအုပ်အရင်းရှင်ကြီးများ၏ အတွေးအခေါ်ဖြစ်ပါသည်။ ထို့ကြောင့် အဓိကပါတီကြီး နှစ်ခု၏ အတွေးအခေါ်လည်း ဖြစ်နေရပါသည်။ ဝင်ရိုးတခုတည်းရှိသောကမ္ဘာ့စနစ်လော၊ ဝင်ရိုးအများရှိသော ကမ္ဘာ့စနစ်လောဆိုသည့် ပြဿနာ သည် ယနေ့ အဓိကပြဿနာဖြစ်ပါသည်။ မည်သည့်ဘက်ကမှလည်း အလျှော့ပေးကြမည် မဟုတ်ပါ။ “အမျိုးသားအကျိုးစီးပွား”ချင်း ထိပ်တိုက်တွေ့နေသည့်ပြဿနာဖြစ်၍ ကျယ်ပြန့်ပြင်းထန်လာမည်ဖြစ်ပါသည်။ ဝင်ရိုးတခုနှင့်ဝင်ရိုးအများလွန်ပွဲသည် မျက်မှောက်နိုင်ငံတကာ့ အခြေအနေကိုဖန်တီးနေပါလိမ့်မည်။

ယနေ့အထိ အခြေအနေကို (အပြောမကြည့်ဘဲ အလုပ်ကိုကြည့်၍) သုံးသပ်လျှင် အဆိုးဆုံးအခြေအနေသို့လည်း ရောက်မသွားနိုင်၊ အကောင်းဘက်သို့လည်း ရွေ့လျားမသွားဘဲဖြစ်နေလိမ့်မည်ဟု ခန့်မှန်းရပါသည်။ အဆိုးဆုံးဆိုသည်မှာ စစ်ပွဲဖြစ်ပြီး၊ အကောင်းဘက်
ဆိုသည်မှာ ဝင်ရိုးအများရှိသောစနစ်ကို အမေရိကန်ကလက်ခံလိုက်ခြင်းကို ဆိုလိုပါသည်။

ကမ္ဘာ့စနစ်အတည်တကျမဖြစ်သေးသမျှ ကုလသမဂ္ဂြုပပြင်ရေးကိစ္စသည်လည်း ထစ်နေပါလိမ့်မည်။ ၁၉၄၅ ခုနှစ်က စစ်နိုင်သူများချမှတ် ထားသော ကမ္ဘာ့ကုလသမဂ္ဂဖွဲ့စည်းပုံကို ပြင်ဆင်ရန်အချိန်တန်ပြီဟု နိုင်ငံကြီးတွေပြောကြပါသည်။ သို့သော် ကမ္ဘာ့စနစ်သစ် အတည်တကျ မဖြစ်သေးသမျှ လက်တွေ့ပြုပြင်ရန် ခက်နေပါသည်။ မည်သည့်ကြီး (၅)ကြီးကမှလည်း ပြုပြင်ထားသောဖွဲ့စည်းပုံ တစုံလုံးမဆိုထားနှင့်  ပြုပြင်ထားသောဖွဲ့စည်းပုံ တစိတ်တဒေသကိုပင် တင်ပြနိုင်ခြင်းမရှိပါ။ ဝင်ရိုးတခုလော၊ ဝင်ရိုးအများလောဆိုသည့်ပြဿနာ မပြေလည် သေးသမျှ လက်ရှိဖွဲ့စည်းပုံအတိုင်းပင် ရှိနေပါလိမ့်မည်။ အမေရိကန်က ကုလသမဂ္ဂ၏အပြင်ဘက်ထွက်ပြီး ကိုဆိုဗိုပြဿနာကို နေတိုး (NATO)နာမည်နှင့် ဝင်ကိုင်ကြည့်ပါသည်။ နောက်ဆုံးတွင် ရုရှားပါ ပါလာရပြီး ကုလသမဂ္ဂတွင်း ပြန်ရောက်သွားပါသည်။ ကိုဆိုဗိုကိစ္စမှာ ဥရောပတွင်းကိစ္စဖြစ်၍ ဤသို့လုပ်နိုင်ခြင်းဖြစ်ပါသည်။ အခြားနေရာဆိုလျှင် လုပ်ဖို့ ခက်ပေလိမ့်မည်။

NMDကိစ္စနှင့် ကျိုတိုဆုံးဖြတ်ချက်ကိစ္စကြောင့် ကုလသမဂ္ဂရွေးကောက်ပွဲနှစ်ခု၌ အမေရိကန်ရှုံးရပါသည်။ အရှက်ရကြပါသည်။ အမေရိကန် လွှတ်တော်က ကုလသမဂ္ဂသို့ထည့်ဝင်ရမည့်ငွေ(အကြွေး)မပေးဘဲနေရန်အထိ ပြောသံကြားရပါသည်။ အမတ်တယောက်ကမူ “စူပါပါဝါ ဆိုတာ ပေးစရာရှိတဲ့ကြွေး ပေးရတယ်။ စူပါပါဝါဆိုတာ မငိုရဘူး။ နောက်ဆုံးကျမှ တခွင်လုံးသိမ်းကြတာပေါ့”ဟု အားပေးစကားလိုလို ခြိမ်းခြောက်တာလိုလို ပြောပါသည်။

ဝင်ရိုးတခုတည်းရှိတဲ့ ကမ္ဘာ့စနစ်ဖြစ်မှမင်းတို့သိမယ်ဟု မဲထည့်သူများကို ကြိမ်းသလား မပြောနိုင်ပါ။ တခွင်လုံးဆိုသည့်စကားက ကုလသမဂ္ဂ ကို ဆိုသလား၊ မဲနိုင်သွားသည့် ပြင်သစ်၊ သြစတြီးယား၊ ဆွီဒင်ကို ဆိုသလား၊ ပြင်သစ်က (၅၃)ဦး မဲထည့်တာမှာ (၅၂)မဲ ရခဲ့သည့်အတွက် ပြင်သစ်ကိုပဲကြိမ်းသလား မပြောတတ်ပါ။

မည်သို့ပင်ဆိုစေ အမေရိကန်တဦးတည်း ဗိုလ်ကျနိုင်သည့်ခေတ်ရောက်ရမည်ဟု အမေရိကန်နိုင်ငံရေးသမားများက ယုံကြည်နေကြပါသည်။
အမေရိကန်လွှတ်တော်ကလည်း ကမ္ဘာ့လွှတ်တော်ကဲ့သို့ ပြုမူကျင့်ကြံနေကြပါသည်။

0 comments:

Post a Comment