Thursday, February 14, 2019

(ဒေါက်တာပုံရိပ်၏ နိုင်ငံရေးရည်ရွယ်ချက်) မျိုးမြင့်ချို

0 comments
(ဒေါက်တာပုံရိပ်၏ နိုင်ငံရေးရည်ရွယ်ချက်)

ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲမှာ နိုင်ငံရေးစကားမပြောနဲ့တဲ့။ အမတ်ချုပ်ကြီးဗိုလ်ရွှေမန်းက အမတ်တွေကို လွှတ်တော်ထဲမှာ နိုင်ငံရေးလာမလုပ်နဲ့တဲ့။ NLD ပြောခွင့်ရဒေါက်တာပုံရိပ်က လွိုင်ကော်ကိစ္စမှာ နိုင်ငံရေးရည်ရွယ်ချက်ပါလို့တဲ့။ လူ၊ နေရာဌာန၊ အချိန်ကာလနဲ့ ပြောပုံပြောနည်းသာကွာတယ် အနှစ်သာရတူတယ်။ အမတ်တွေကတော့ ထားပါတော့။ အမတ်ဖြစ်သွားလို့ ပါတီကိစ္စလွှတ်တော်ထဲသွားပြောတာ နိုင်ငံရေးလို့သတ်မှတ်ပြီး မပြောခိုင်းတာဆိုပြီး။ ကျန်တဲ့ နိုင်ငံရေးသမားတွေက နိုင်ငံရေးစကားမပြောလို့ ဘာစကားပြောမလဲ။ နိုင်ငံရေးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့မလုပ်လို့ ဘာနဲ့လုပ်မလဲ။ စစ်အုပ်စုနဲ့ သူ့အဆွယ်အပွားတွေဖြစ်တဲ့ ကြံ့ဖွံ့တို့ တစညတို့ကို မကြိုက်လို့ ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေလုပ်ရင်တောင် နိုင်ငံရေးရည်ရွယ်ချက်မပါဘဲ လုပ်လို့ရလား။

လွိုင်ကော်ကိစ္စမှာ အစိုးရကို၊ NLD ကို မလိုလားသူတွေ ဖြုတ်ချ ဖယ်ရှားပစ်လိုသူတွေရဲ့လက် ပါတယ်ဆိုတောင် ဒါ နိုင်ငံရေးပဲ။ ဒါ နိုင်ငံရေးလှုပ်ရှားမှုပဲ။ ဒါ နိုင်ငံရေးဆောင်ရွက်ချက်ပဲ။ ဒါ ရည်ရွယ်ချက်ပါပါလုပ်တဲ့ နိုင်ငံရေးကိစ္စပဲ။

ဒါ မသမာမှုမှ မဟုတ်တာ။ ဒါ လုပ်ကြံမှုမှ မဟုတ်တာ။ ဒါ အကြမ်းဖက်တိုက်ခိုက်မှုမှ မဟုတ်တာ။ ဒါ ခြိမ်းခြောက်သတ်ဖြတ်ရေးလုပ်တာမှ မဟုတ်တာ။ ဒါ ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုကြီး Organized Crimes မှ မဟုတ်တာ။

NLD ရဲ့ လူမျိုးစုတွေအပေါ်ထားတဲ့ပေါ်လစီ စာအုပ်ထဲဘယ်လိုရှိရှိ ဘယ်လောက်ကောင်းကောင်း လက်တွေ့မှာ ဘယ့်နှယ်ကျင့်သုံးနေသလဲ ဒါ ပြန်ဆန်းစစ်ဖို့လိုတာပါ။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူမျိုးစု(ပါတီ)တွေကို မဟာမိတ်အဖြစ် သဘောမထားတဲ့အပြင် ပြိုင်ဘက်သဖွယ် ငြိုးသူရန်ဘက်နှယ်ပြုမူပြီး အုံနဲ့ကျင်းနဲ့နင်းတက်ခဲ့တာကို အခြေအနေအရမို့ပါဆိုပြီး တစုံတရာ သိမြင်ခံစားပေးလို့ရဦးတောင် အနိုင်ရပြီးနောက် စာအုပ်ထဲရေးထားတဲ့ ကောင်းတယ်ဆိုတဲ့လူမျိုးစုပေါ်လစီတွေကို လူမျိုးစုတွေ အတိုင်းအတာတခုအထိ ကျေနပ်နှစ်သက်လက်ခံလာအောင် ဘယ့်လောက် စွမ်းဆောင်နိုင်ခဲ့ပြီလဲ၊ ဖြောင့်ဖျနိုင်ခဲ့ပြီလဲ၊ စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီလဲ ဒါတွေပြန် စိစစ်သုံးသပ်ဖို့လိုတာပါ။

စစ်အုပ်စုနဲ့ရင်ကြားတကယ်စေ့လို့ရလို့ လူမျိုးစုတွေနဲ့ အဟကျယ်သထက် ကျယ်သွားရတယ်ဆိုတောင် (လက်ခံနိုင်စရာမရှိပေမယ့်) နားလည်ပေးထားလို့ ရပါသေးတယ်။ ခုဟာက ဖွတ်မရဓားမဆုံး အခြေအနေကြီးပါ။ အောက်စီးက ဒီ့လောက်တိုးလျှိုးပြီးဝင်နေတာတောင် စစ်အုပ်စုနဲ့လည်းအစေးမကပ် လူမျိုးစုတွေနဲ့ အစပ်မတည့်တော့သလို ဖြစ်လာနေတာကိုလည်း ပြန်ငဲ့စောင်းကြည့်ဖို့လိုတာပါ။

ဗမာ့လက်တွေ့နိုင်ငံရေးမှာ အမျိုးသားအချင်းချင်း လူမျိုးစုအချင်းချင်း မသင့်မမြတ်ဖြစ်နေတာ မဟုတ်ပါ။ ဗမာအပါအဝင် လူမျိုးစုံလူမျိုးစု အများတကာ့အများစုကြီးက အဖိနှိပ်ခံတွေပါ။ ဘက် တဘက်တည်းမှာ ရှိနေတာပါ။ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ် စစ်ဗျူရိုကရေစီယန္တယား စစ်ဗိုလ်ကြီးများက ဖိနှိပ်အုပ်စိုးသူပါ။ သူတို့က အခြားဘက် တဘက်ပါ။ အဓိကပဋိပက္ခဟာ အဲ့ဒီ ဘက် ၂ ဘက်ကြားမှာဖြစ်နေတာပါ။ အဲ့ဒီပဋိပက္ခကို နိုင်ငံရေးနည်းနဲ့အဖြေရှာဖို့ကြိုးစားနေကြတာပါ။ မိမိဟာ အဖြေရှာတဲ့လူလား ဒိုင်လူကြီးလားဆိုတာက နိုင်ငံရေးကိစ္စပါ၊ နိုင်ငံရေးရည်ရွယ်ချက်ပါ၊ နိုင်ငံရေးမှာ အားကစားပြိုင်ပွဲလိုဒိုင်မျိုးမလိုပါ။ ဘက်သဘောရပ်တည်ချက် နိုင်ငံရေးအရရပ်ခံချက်ပီပြင်ပြတ်သားဖို့ လိုတာပါ။

NLD ဟာ တိုင်းပြည်ကို အဖြစ်ရှိအောင်အုပ်ချုပ်နိုင်မယ့်အဖွဲ့အစည်း မဟုတ်ဘူး၊ အဲ့လိုအရည်အချင်းမရှိဘူးလို့ နိုင်ငံတာကရော ပြည်တွင်းကရော လူမျိုးစုတွေအားလုံးကပါ ထင်ယောင်ထင်မှားဖြစ်လာတောင် အရက်စက်ဆုံး အကောက်ကျစ်ဆုံး ကလိန်အကျဆုံး အယုတ်မာအညစ်ပတ်ဆုံးနည်းမျိုးစုံ ယန္တယားမျိုးစုံ မီးကုန်ယမ်းကုန်သုံးပြီး အချိန်ပြည့်အကောက်ကြံ လုပ်ကြံထိုးနှက်နေတာ လူမျိုးစုတွေ၊ လူမျိုးစု(လက်နက်ကိုင်ကိုင် မကိုင်ကိုင်)အဖွဲ့အစည်းတွေ၊ လူမျိုးစုပါတီတွေ မဟုတ်ပါ။ စစ်အာဏာရှင်စနစ်ပါ။ စစ်အကျိုးစီးပွား စစ်ဝါဒကို ကိုယ်စားပြုထားတဲ့စစ်အုပ်စုကြီးပါ။

ကျနော်တို့ လူမျိုးစုံလူထုကြီး မလိုချင်ကြတာ ဆန့်ကျင်နေကြတာ တိုက်ဖျက်နေကြတာ အဲ့ဒီ စစ်အာဏာရှင်စနစ်ဆိုးကြီးကိုပါ။ ကျနော်တို့ ဆန့်ကျင်ကြတဲ့နေရာမှာ လူထုနည်း၊ နိုင်ငံရေးနည်းနဲ့ဖြေရှင်းလိုလို့ နိုင်ငံရေးနည်းနဲ့လုပ်နေကြတာပါ။ နိုင်ငံရေးလုပ်နေတာပါ။ နိုင်ငံရေးကို နိုင်ငံရေးရည်ရွယ်ချက်ပါပါကို လုပ်နေတာပါ။

ပြန်ချုပ်ပါ့မယ် ကျနော်တို့ဟာ နိုင်ငံရေးအရဖြစ်တဲ့ပြဿနာတွေကို နိုင်ငံရေးအရလည်းဖြေရှင်းလို့ရနိုင်မယ်တွေးကြလို့ နိုင်ငံရေးနည်းနဲ့ ချဉ်းကပ်ဖြေရှင်းနေကြတာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေး ခေါင်းစဉ်ဘယ်လိုတပ်တပ် ကျနော်တို့ဟာ နိုင်ငံရေးလုပ်နေကြတာပါ။ နိုင်ငံရေးလုပ်တာမှာ နိုင်ငံရေးစကားပြောရပါတယ်။ နိုင်ငံရေးရည်ရွယ်ချက် ပါရပါတယ်။
နိုင်ငံရေးဟာ ရည်ရွယ်ချက်မပါရင် တိုင်းပြည်အာဏာမပြောနဲ့
ဆယ်အိမ်ခေါင်းတောင် ရွေးမရပါ။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၉

0 comments:

Post a Comment