ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်
(အပိုင်း၈)
၅။ ကဲကီးဂါးဒ်(သို့မဟုတ်)
ဖြစ်တည်မှု လမ်းထွင်သူ။
၁၈၄၃ ခုနှစ်၊
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်၏ လမ်းမများပေါ်တွင်“တခုခု” (Either/Or) ဟူ၍ လူငယ်များ
ဟစ်အော်လေ့ရှိသည်။ လှောင်ပြောင် သရော်ခြင်းသဘောဖြင့် အော်ကြခြင်းဖြစ်ပေသည်။ “တစ်ခုခု”
ဟူသည် ဒိန်းမတ်ဒဿနစာရေးဆရာကြီး ဆိုရန်ကဲကီးဂါးဒ် ၁၈၄၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့သောစာအုပ်အမည်
ဖြစ်ပေသည်။
ထိုအချိန်က
ကိုပင်ဟေဂင် သတင်းစာကြီးတစောင်ဖြစ်သော “တိုက်သင်္ဘော” (TheCorsair)တွင်လည်း ကဲကီးဂါးဒ်ကို
အပြင်းအထန်ရှူတ်ချ သရော်ထားသောဆောင်းပါးများ၊ စာတမ်းများ အဆက်မပြတ်ပါဝင်ခဲ့သည်။ ထို့ပြင်
သူ့ကိုရည်ညွှန်း၍ လှောင်ပြောင်ထားသည့် ကာတွန်းများ ကိုလည်း ဆက်တိုက် ထည့်သွင်းဖော်ပြခဲ့သည်။
“ခါးကုန်းလွန်းလှ၍ ဦးခေါင်းမြေစိုက်ဖြစ်နေသည့် တရားသူကြီးဆိုသူ၏ပုံ။ ခြေထောက် နှစ်ချောင်းစလုံးခွင်ပြီး
သိမ်နေသော်လည်း ကြယ်တာရာတို့ကို တမေတ့မြော မော့ကြည့်နေသူ၏ပုံ။ အဿထိုရ်သိန္ဓောမြင်းကောင်းကြီး
စီးထားသည့် ပုံပန်းအချိုးမကျလှသည့်ဂျော်ကီ၏ပုံ။ ပရမ်းပတာဖြစ်နေသည့် စကြဝဠာကြီးအလယ်တွင်
ယိုင်တိယိုင်တိုင် လှုပ်လီလှုပ်လဲ့ ဖြစ်နေသည့် မှုန်ဝါးဝါးလူရိပ်ပုံ” စသည်ဖြင့် ကာတွန်းပုံများဆွဲ၍
ကဲဂါးဒ်ကို ခွတီးခွကျလှသူ၊ အောက်ခြေလွတ်သွားသည့်သူ၊ အမှန်တရားကို ရှာရင်း အမှန်တရားပျောက်သွားသည့်လူအဖြစ်
သရော်ခဲ့ကြသည်။ ကဲကီးဂါးဒ်အကြောင်း ရယ်စရာ ဟာသဝတ္ထုများကိုလည်း လှိုင်လှိုင်ကြီး ဖော်ပြခဲ့ပေသည်။
ကဲကီးဂါးဒ်ဘက်မှ မည်သူမျှမရပ်ခဲ့ပေ။ “ယုတ်မာရက်စက် အညှာတာကင်းမဲ့လှသည့် စာပေလုပ်ကြံမှုကြီး
ဖြစ်ပါပေတယ်” ဟူ၍သာ ကဲကီးဂါးဒ်က တကိုယ်တော်တုန့်ပြန်ပြောဆိုခဲ့ပေသည်။
သို့ရာတွင်၁၈၅၅
ခု နှစ်တွင် ကဲကီးဂါးဒ်ကွယ်လွန်ပြီး ခြောက်ရက်အကြာတွင်မူ ယင်း တိုက်သင်္ဘောသတင်းစာ၏ အယ်ဒီတာဖြစ်သူ
ဂိုးရှမစ်ဒ် (Goldschmidt)က ကဲကီးဂါးဒ်သည် ဒိန်းမတ်နိုင်ငံတော်၏ အထက်မြက်အကြီးကျယ်ဆုံးသော
စာရေးဆရာကြီးဖြစ်ပေသည်ဟု ရေးသား ဂုဏ်ပြုခဲ့ပေသည်။
လူ့သမိုင်းတလျှောက်တွင်
လူသား၏ပုဂ္ဂလဘဝကို ရှူမြင်ခဲ့ကြသည့် စာရေးဆရာကြီးများ၊ တွေးခေါ်ပညာရှင်ကြီးများ အစဉ်အဆက်
ရှိခဲ့ကြ ပါသည်။ သို့ရာတွင်အစဉ်အလာ အရိုးစွဲလာခဲ့ကြသည့် ဘာသာရေးအစွဲများ၊ ထုံးဓလေ့အယူများ၊
အတွေးအမြင်ခံယူချက်များကို ပွင့်ပွင့် လင်းလင်းတင်ပြပြီး ရဲရဲတင်းတင်းဆန့်ကျင်ကာ လူသား၏ပုဂ္ဂလိကဘဝဖြစ်တည်မှုကို
သတ္တိရှိရှိ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပေးခဲ့သူ ကဲကီးဂါးဒ်ကဲ့သို့သော စာရေးဆရာမျိုး၊
တွေးခေါ်ရှင်မျိုးကမူ အတော်ပင်ရှားပါးလှပါသည်။
ဒဿနပညာအရ
ကဲကီးဂါးဒ်သည် ဂျာမန်နာမ်ဝါဒီ တွေးခေါ်ရှင်ကြီး ဟေဂယ်(Hegel 17701831) ၏ ကြီးကျယ်ခမ်းနား
ထည်ဝါလှသည့် ရုပ်လွန် တက္ကိကဒဿနစနစ်ကြီးကို အပြင်းအထန်ဆန့်ကျင်ခဲ့သူဖြစ်သည်။ ဟေဂယ်အလိုအရ
အစစ်အမှန်တရားဟူသည် ရုပ်သဘောနှင့် ဘာမျှမဆိုင်။ နာမ်သဘောသက်သက်သာ ဖြစ်သည်။ ဤကမ္ဘာလောကကြီးဟူသည်မှာလည်း
ယင်းအစစ်အမှန် နာမ်တရားကြီးဖြစ်သော အနန္တဝိဉာဉ်တော်ကြီး(AbsoluteIdea)ဝင်စားကိန်းဝပ်ပြီး
တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာရာ ဖြစ်စဉ်ကြီးဖြစ်သည်။ ယင်းဖြစ်စဉ်သည် လူသားတို့၏ထိန်းချုပ်နိုင်မှုနှင့်
လုံးဝမသက်ဆိုင်ပေ။ လူသားတို့နှင့် လုံးဝကင်းလွတ်နေသည့် နိယာမတရားအတိုင်းဖြစ်ပေါ် တိုးတက်
လျှက်ရှိသည်ဟု ဟေဂယ်က ယုံကြည်ပေသည်။
ဟေဂယ် ဆိုလိုသည်မှာ
လူသားတို့သည် အနန္တဝိညာဉ်တော်တည်းဟူသော အစစ်အမှန်တရားကြီး၏ လက်အောက်ခံများ၊ ပြဌာန်းခံများသာ
ဖြစ်ကြသည်။ ထို့ကြောင့် ယင်းအစစ်အမှန်တရားတို့၏ တိုးတက်မှုဖြစ်စဉ်တွင် လူသား၏အခန်းကဏ္ဍသည်
မည်သည့်နေရာကမျှပါဝင်ခြင်း မရှိပေ။ ကမ္ဘာလောကကြီး၏တိုးတက်မှု၊ ဆုတ်ယုတ်မှုများအတွက်လည်း
လူသားသည် ဘာမျှ ဆောင်ကြဉ်းမပေးနိုင်၊ ပြုလုပ်မပေးနိုင်ဟု ဟေဂယ်က ပြောခဲ့ခြင်းဖြစ်သည်။
ထို့ပြင်
ဤလောက၏ အမွန်မြတ်ဆုံးတန်ဖိုးမှာယင်း အနန္တဝိဉာဉ်တော်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွင်း၌သာ
တည်ရှိသည်။ လူသား ဟူသည်မှာ ဤဖြစ်စဉ်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဖြည့်ခံသက်သက်မျှသာ
ဖြစ်သည်။ ဤလောကကြီးအတွင်း ဒြပ်မဲ့နာမ်အင်အားစုကြီး (ဝါ)အနန္တဝိဉာဉ်တော်ကြီးက ပြဌာန်းသတ်မှတ်ထားပြီးဖြစ်သော
ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရေးအတွက် နည်းလမ်းများ၊ အသုံးချခံ များသာဖြစ်ပေသည်။
လူသားတို့ ခံစားနေကြရသော ဒုက္ခဆင်းရဲခြင်းများ၊ သုခချမ်းသာခြင်းများတို့သည် ယင်းအနန္တဝိညာဉ်တော်ကြီး၏
ဆုံးဖြတ်ချက် အလိုတော်အတိုင်းသာ ဖြစ်သည်။ အနန္တဝိဉာဉ်တော် အစစ်အမှန်တရားကြီးသည် နောက်ဆုံး
အန္တိမပန်းတိုင်သို့ အောင်အောင် မြင်မြင် ရောက်ရှိသွားသောအခါတွင် ဤကမ္ဘာလောကထဲရှိ ဆင်းရဲဒုက္ခဝေဒနာများ၊
အနိဌာရုံများသည် အားလုံးကင်းစင် ပပျောက်သွားပေ လိမ့်မည်ဟု ဟေဂယ်က မိန့်ဆိုခဲ့လေသည်။
ဟေဂယ်၏
ရုပ်လွန်တက္ကိကဒဿနစနစ်ကြီးကို ကဲကီးဂါးဒ်သည် မည်သို့မျှ သဘောမတွေ့နိုင်ခဲ့ပေ။ ဟေဂယ်၏
အနန္တဝိဉာဉ်တော်ဟူသည် ပုဂ္ဂလိကသဘောလုံးဝမပါသည့် ယေဘုယျသဘောကြီးသာဖြစ်သည်။ ထို့ကြောင့်
ယင်းအနန္တဝိညာဉ်တော်ကြီး မဏ္ဍိုင်တည်ရာ ဤလောက ကြီးတွင် ပုဂ္ဂလလူသား တဦးချင်းစီအတွက် ဖြေသိမ့်ကျေနပ်စရာ
ဘာတကွက်မှမရှိဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။
လူပုဂ္ဂိုလ်တဦးတယောက်သည်
မည်မျှပင်ငယ်ငယ်၊ မည်သို့ပင်သေးသေး၊ သူ၏ ပုဂ္ဂလခံစားမှုသည် သူ့ဘဝအတွက်မူ စကြဝဠာကြီးတမျှ
ကြီးကျယ်နိုင်ပေသည်။ ထို့ပြင် မိမိခံစားချက်သည် အခြားသူများ၏ခံစားချက်လောက် အရေးမကြီး၊
အရေးမပါဟူ၍လည်း မည်သူမျှ ထင်မြင် ယူဆကြမည် မဟုတ်၊ လူပုဂ္ဂိုလ်တဦးတယောက်၏ ခံစားချက်ဝေဒနာကို
မည်သည့်စံနှုန်းနှင့်မျှ တိုင်းတာဆုံးဖြတ်၍ ရနိုင်မည်မဟုတ်၊ ထို့ကြောင့် ဤလောကတွင် အရေးအကြီးဆုံးမှာ
လူသားတို့၏ပုဂ္ဂလလူ့ဘဝဖြစ်သည်ဟု ကဲကီးဂါးဒ်က ခံယူခဲ့သည်။
0 comments:
Post a Comment