Monday, February 25, 2019

ရင်ဝမှာ ထိုးဓားကြိးစိုက်လို့ (မျိုးမြင့်ချို)

0 comments
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကိုလွှတ်ပြီး ဗိုလ်မှူးကြီးအဆင့်လောက်တွေအထိ သွားဒူးထောက်ခိုင်းလိုက်တော့ ပျော်ပျော်ကြီးသွားတဲ့မေမေ့ကိုကြည့်ပြီး ဆင်ဖမ်းမယ်ကျားဖမ်းမယ်လုပ်နေတဲ့မေမေ့သားတွေ ရင်ဝဓားတန်းလမ်းနဲ့ သွေးရူးသွေးတမ်းတွေဖြစ်ကြ ဂယောင်ခြောက်ခြားတွေဖြစ်ကြ သစ္စာအဖေါက်ခံရသည့်နှယ်ဖြစ်ကြတယ်။

ခနနေတော့ ပြည်သူမပါဘဲလွှတ်တော်ထဲကနေ ဖွဲ့စည်းပုံတစုံလုံးပြင်မယ်ဆိုတဲ့အသံတွေဟာလည်း ထန်းလည်ဆစ်ကျိုး လှေပိုးထိုး မိန်းမစိုး မြင်းကပ်လို သုံးစားမရတဲ့အခြေဆိုက်သွားတယ်။
လွယ်တာက စ ပြင်တာပေါ့ဆိုပြီး ပုဒ်မ ၂၆၁ လေးဘဲ ပြင်ကြစို့ဆိုတဲ့ဘက် အသံထုတ်ရင်း စစ်အုပ်စုကို မျက်နှာချိုပြန်သွေးရတော့တယ်။

ပြည်သူဟာ တရားဖြစ်တယ် ပြည်သူဟာ သမိုင်းကိုဖန်တီးတယ် ပြည်သူမပါရင် ဘာမှမပြီးမြောက်ဘူးဆိုတာရဲ့ အကောင်းဆုံးသက်သေဟာ ခု အမတ်တွေလွှတ်တော်ထဲရောက်တာ စစ်ဗိုလ်မဟုတ်ခဲ့ဖူးတဲ့လူတချို့ သမ္မတအပါအဝင် ရားထူးရာခံတွေ ရလာတာပဲဖြစ်ပါတယ်။

စစ်အုပ်စုပြောသလို ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့် ဒါတွေဖြစ်လာ ဒီနေရာတွေ ရလာတာမဟုတ်ဘူး။ သူတို့ပြောတာကြားရင်း သူတို့တရားနာရင်းဖြစ်လာတဲ့ အားငယ်စိတ်တွေကိုဖျောက်ပြီး လူထုကို ယုံကြည်အားကိုးပြီး လူထုဘက်မျက်နှာပြန်မူဖို့ဆို နှောင်းတဲ့အချိန်ဆိုတာ မရှိပါဘူး။

လူထုရင်ထဲမှာ ဒီလူဟာ ငါတို့နဲ့အတူရှိတယ်လို့ ယတိပြတ်ယုံကြည်ရင် အဲ့ဒီလူနောက် ပါတီနောက် အဖွဲ့အစည်းနောက်ကနေ ကိုယ်ကျိုးမှန်သမျှ စွန့်လွှတ်စွန့်စားလိုက်ဖို့ အသင့်ရှိတယ်။ လူထုကို လှည့်ဖျားနင်းကြမ်းလုပ် အသုံးချနေရာယူရင် လူထုကလည်း ဒဏ်ခတ်ပါတယ်။
ခု စစ်အုပ်ဆီ ဒူးအကြိမ်ကြိမ်ထောက်နေရတာဟာ လူထုခတ်တဲ့ဒဏ် ခံနေရတာရဲ့ အမြင်သာဆုံးပြယုဂ်ဖြစ်ပါတယ်။

0 comments:

Post a Comment