Thursday, February 14, 2019

(မေးလို့ရလို့ မေးနေကြပါသေးသည်) မျိုးမြင့်ချို

0 comments
(မေးလို့ရလို့ မေးနေကြပါသေးသည်)
၁၉၈၈ ဒီမိုကရေစီရေးလူထုအုံကြွမှုကြီးသမိုင်းကို ပြုစုခဲ့ကြသလို ပြုစုနေကြဆဲလည်းဖြစ်ပါသည်။ မပြီးပြတ်သေးပါ။ အပြီးသတ်မဟုတ်သေးသည့် နိဂုံးချုပ်ချက်တွေလည်း ထွက်လာကြပါသည်။ ထိုကိစ္စမှာ ၈၈ အရေးတော်ပုံကြီး ဘာ့ကြောင့်ဖြစ်ကို သမိုင်းအမြင်ဖြင့် စေ့ငုကြခြင်းဖြစ်၏။ သမိုင်းဆိုရာ၌ အမြင်ပါ၏။ ကျနော်တို့မြင်သော ၈၈ နှင့် စစ်အုပ်စုမြင်သော ၈၈ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ကျနော်တို့ချုပ်သည့် နိဂုံးချုပ်ချက်နှင့် စစ်အုပ်စုချုပ်သည့်နိဂုံးချုပ်ချက် ဖီလာကျပါသည်။ ဤသည်မှာ သဘာဝကျပါသည်။ ဤအတိုင်းလည်း ဖြစ်ရပါမည်။

ဤကိစ္စသည် အမြင်ဆိုင်ရာကိစ္စဖြစ်ပါသည်။ အမြင်ဆိုသည်မှာ ကြည့်သည့်နေရာက ရခြင်းပင်။ ကြည့်သည့်နေရာဆိုသည်မှာ ရပ်သည့်နေရာဖြစ်ပါသည်။ ရပ်သည့်နေရာဆိုသည်မှာ ရပ်တည်ချက် ဖြစ်ပါသည်။ ရပ်တည်ချက်ဆိုသည်မှာ လူတန်းစားလက္ခဏာ ပါပါသည်။ ဤစာတွင် လူတန်းစားကို အလုပ်သမား/အရင်းရှင်၊ လယ်သမား/မြေရှင် စသည့်သဘောဖြင့်ပြောလိုသည်မဟုတ်ပါ။ ပြောလိုသည်မှာ ဖိနှိပ်အုပ်စိုးသူနှင့်အဖိနှိပ်ခံကို လူတန်းစားသဘောကောက်ပြီး ကွက်ပြောပါချင်ပါသည်။ တနည်းပြောရလျှင် မင်းနှင့်ပြည်သူ၊ အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံ၊ အစိုးရနှင့်လူထု၊ အုပ်စိုးသူလူတန်းစားနှင့် အုပ်စိုးခံလူတန်းစား ထိုသဘောလောက်သာဖြစ်ပါသည်။

၈၈ အရေးတော်ပုံတွင် အုပ်စိုးခံ အဖိနှိပ်ခံလူတန်းစားများ လမ်းပေါ်ထွက်လာကြပါသည်။ သူတို့ တနည်းပြောရလျှင် ကျနော်တို့ ဘာ့ကြောင့် လမ်းပေါ်ထွက်လာကြရသနည်း။ ထွက်ရမည့်အခြေအနေမို့ ထွက်ကြပါသည်ဟုပဲပြောရပါမည်။ ကျနော်တို့တွင် လမ်းပေါ်ထွက်ရေးရွေးချယ်ရမည်ဖြစ်သဖြင့် လမ်းပေါ်ထွက်ရန်ရွေးချယ်ခဲ့ရပါသည်။ မထွက်ဘဲနေလို့ရပါလျှက်နှင့် အကြောင်းမဲ့သက်သက် ထွက်လာကြခြင်းမဟုတ်ပါ။ ထွက်မှဖြစ်တော့မည်ဆိုသည့် ကျနော်တို့၏ပိုင်းဖြတ်ချက်ဖြင့် ထွက်လာကြခြင်းဖြစ်ပါသည်။ မထွက်ချင်ထွက်ချင် ထွက်လာကြတာမဟုတ်သလို မထွက်ဝံ့ထွက်ဝံ့ဖြင့် ထွက်လာကြခြင်းလည်း မဟုတ်ပါ။ ကျနော်တို့၏ သိစိတ်ရှိရှိ သတ္တိရှိရှိ ရွေးချယ်မှုဖြစ်ပါသည်။ အိမ်ထဲထိုင်နေခဲ့ကြသူများလည်းရှိပါသည်။ သူတို့ရွေးချယ်မှုဖြစ်ပါသည်။ လက်နက်ကိုင်တော်လှန်ရေး တက်သွားကြသူများလည်းရှိပါသည် သူတို့ရွေးချယ်မှု ဖြစ်ပါသည်။

ဤနေရာတွင် တိုက်ပွဲပုံသဏ္ဍန်ကို ရန်သူကပြဌာန်းသည်ဆိုခြင်းအား တသမတ်ကိုင်စွဲသူများနှင့် ကျနော် အခြေခံ၌ကွဲလွဲနိုင်ပါသည်။ အုပ်စိုးသူလူတန်းစားကပြဌာန်းသဖြင့် ကျနော်တို့က လိုက်လုပ်ရသည်ဆိုသည်မှာမဟုတ်ပါ။ ကျနော်တို့ကိုယ်၌က လုပ်လိုစိတ်မရှိလျှင် အုပ်စိုးသူက မည်မျှပြဌာန်းပြဌာန်း ကျနော်တို့လိုက်မလုပ်ပါ။ ပင်ကိုယ်အရ တရားအရ လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် သဘောထားမရှိသူသည် မည်သူက လက်နက်ဖြင့်မည်မျှဖိနှိပ်ဖိနှိပ် ထိုသူသည် ဘယ်တော့မှ လက်နက်မကိုင်ပါ။ တခြားတနည်းနည်းသုံးပြီး ပုန်ကန်မည်၊ ဖီဆန်မည်၊ အာခံမည် သို့မဟုတ် ဘာမှမလုပ်တော့ဘဲ သေသည်အထိ အဖိနှိပ်ခံအဖြစ်နှင့် နေလျှင်နေသွားပါလိမ့်မည်။ သို့သော် လက်နက်ကိုကား ယောင်လို့ပင် လှည့်စောင်းမကြည့်ပါ။

၈၈ တွင် ကျနော် လမ်းပေါ်ထွက်ပါသည်။ အာဏာပြန်သိမ်းအပြီးတွင် ကျနော် တောခိုချင်လျှင်လည်း ခိုလို့ရပါသည်။ ဘာမှမလုပ်တော့ဘဲ ထိုင်နေလျှင်လည်း နေလို့ရပါသည်။ ကုန်ကုန်ပြောရလျှင် အုပ်စိုးသူနှင့်ပေါင်းပြီး ကိုယ့်စီးပွားကိုယ်ရှာနေလိုလျှင်လည်း နေလို့ရပါသည်။ ကျနော့်တွင် ရွေးချယ်စရာတွေများလှပါသည်။ ကျနော်သည် ထောင်ကျခံကာ အာဏာဖီဆန်ပုန်ကန်သည့်လမ်းကို ရွေးချယ်ခဲ့ပါသည်။ ကျနော့်ရွေးချယ်မှုဖြစ်ပါသည်။ မတော်တဆမဟုတ်ပါ။ လူသည် ပြဌာန်းခံမဟုတ်ပါ။ ရွေးချယ်ခံမဟုတ်ပါ။

၈၈ လူထုအုံကြွမှုတွင် လမ်းပေါ်ထွက်ရမည်ဖြစ်သဖြင့် ကျနော်တို့လမ်းပေါ်ထွက်ခဲ့ကြပါသည်။ ထိုကိစ္စသည် အလွန်ကြီးကျယ်ခမ်းနားသည့်နိုင်ငံရေးဖြစ်ပါသည်။ ယခုအခါ မသဒ္ဓါရေစာဒီမိုကရေစီနှင့် မစို့မပို့လွတ်လပ်ခွင့်လေးတွေကိုသုံးဆောင်ခံစားရင်း အနေအစားချောင်လည်လာသူတို့က ထိုနိုင်ငံရေးကို လမ်းပေါ်နိုင်ငံရေးအဖြစ် သရော်လှောင်ပြောင် ရယ်ပွဲဖွဲ့ရုံမက ဟော်တယ်လ်တက် ဗြောင်ပြစ်တင်ရှူံချနေပါသည်။ သူတို့လက်သုံးစကားက လမ်းပေါ်နိုင်ငံရေးခေတ်ကုန်ပြီဟူ၏။ ဤတွင် မရပ်သေးပါ။

ယခုလည်း အကြောင်းကြီးငယ်ရှိ၍ လမ်းပေါ်ထွက်လာသူများအား ‘ခုမှပါ အရင်ကလိုဆို အိမ်ထဲက အိမ်ပြင်တောင်မထွက်ဝံ့ပါဘူး၊ လုပ်ရလို့ လုပ်နေကြတာပါ’ဟု ပြောတာလည်းရှိပါသေးသည်။ မှန်ပါသည် လုပ်ရလို့ လုပ်တာဖြစ်ပါသည်။ လုပ်မရသည့်အချိန်တွင် ဘာမှမလုပ်တာနှင့်၊ လုပ်ရသည့်အချိန်တွင် ဘာမှမလုပ်တာက ဘယ်အရာက ပိုမကောင်းသနည်း။ ဘယ်အရာကို ပိုအပြစ်ဆိုရမည်နည်း။ အတော်ဆိုးပါသည်။  နောက်လည်း ရှိပါသေးသည်။ ပိုလည်း ဆိုးပါသေးသည်။

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံပွဲများတွင် လူတွေက ပရိတ်သတ်ထဲက မေးလိုသည်များ သိလိုသည်များ ရှင်းလင်းပေးခဲ့စေလိုသည်များအား အားကိုးတကြီးမေးကြ ပြောကြပါသည်။ တချို့ကလည်း ဒေါ်စု၏ရည်ရွယ်ချက်နှင့် သဘောထားပွင့်ကျလာစေရန် တမင်ရည်ရွယ်တာ ဖြစ်ပါသည်။ အလွန်ကောင်းသည့်ကိစ္စဖြစ်ပါသည်။ နိုင်ငံရေးရည်ရွယ်ချက်ပါပါ မေးခြင်းဖြစ်ပါသည်။ ဒါကို ‘အလကားပါကွာ မေးရလို့ မေးနေတာပါ၊ မေးမရတဲ့ခေတ်နဲ့ပဲ တန်တဲ့လူတွေ၊ စစ်အာဏာရှင်ခေတ် ပြန်ရောက်သွားချင်လို့လား’ဟုဆိုကာ ပြစ်တင်မောင်းမဲရုံမက စစ်အာဏာရှင်စနစ်နှင့်ပင် လှည့်ချောက်လိုက်ပါသေးသည်။ မှန်ပါသည် မေးရမည့်အခြေအနေမို့ မေးနေရပါသည်။ မေးစရာမရှိ ကြံဖန် ရမယ်ရှာမေးနေခြင်းမဟုတ်ပါ။ ပြောရမည့်အခြေအနေမို့ ပြောပါသည်။ စကားမရှိစကားရှာပြောနေခြင်း မဟုတ်ပါ။ အောက်ခြေထုသိရန်လိုသည်မို့ ပွင့်ကျအောင်လုပ်နေခြင်းဖြစ်ပါသည်။ ကလိန်ဉာဏ်နှင့် ချောက်တွန်းနေခြင်းမဟုတ်ပါ။  

မေးရသည့်အချိန်တွင် လူတွေ မေးနေပါသည်။ ပြောရသည့်အချိန်တွင် လူတွေပြောနေပါသည်။ ဖွင့်ချရမည့်အချိန်တွင် ပွင့်ကျအောင်လုပ်နေပါသည်။ မေးမရသည့်အချိန်တွင် လူတွေ မမေးကြတော့ပါ။ ပြောမရသည့်အချိန်တွင် လူတွေ မပြောကြတော့ပါ။ ပွင့်ကျအောင်မလုပ်ရမည့်အချိန်တွင် ဘယ်သူမှ မလုပ်တော့ပါ။

၁၉၈၈ လူထုဒီမိုကရေစီရေးအုံကြွမှုကြီးတွင် ကျနော်တို့ မမေးကြ မပြောကြ ပွင့်ကျအောင်မလုပ်ကြတော့ပါ။ ကျနော်တို့ လမ်းပေါ်ထွက်ခဲ့ကြပါသည်။ ကျနော်တို့ ထောင်ထဲသွားကြပါသည်။ ကျနော်တို့ တောခိုခဲ့ကြပါသည်။ တပါတီအာဏာရှင်စနစ် နိဌိတံသွားပါသည်။

ယခု လူတွေ မေးနေပြောနေ ပွင့်ကျအောင်လုပ်နေကြပါသေးသည်။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၉)

0 comments:

Post a Comment