ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်
(၂)
ဒီမှာ စာဖတ်သူမိတ်ဆွေ..
သင့်မှာ အရာရာပြီးပြည့်စုံနေသောချစ်သူတဦး
ရှိနေသည်ဆိုကြပါစို့။ ဤချစ်သူများထံတွင် သင် စံထားမျှော်လင့်ထားသော အရည်အသွေး အချက်အလက်အားလုံးသည်
ရှိနေသည်။ သူ၏ရုပ်ရည်ရူပကာအဆင်းမှာလည်း အပြစ်ဆိုစရာတကွက်တလေမျှမရှိ။ သင်၏လိုအင်ဆန္ဒ
မှန်သမျှကိုလည်း ရွှေဆိုရွှေငွေဆိုငွေ ချက်ချင်းဖြည့်ဆည်းပေးနိုင်၏။ နောက်ဆုံး ပဉ္စပါပီကဲ့သို့
မကြုံစဖူးထူးကဲလှသောအတွေ့ထူးကိုလည်း ပေးစွမ်းနိုင်၏။ သို့သော် ဤချစ်သူနှင့်ပတ်သက်၍
အသိပေးစရာအချက်တချက်ကမူ ရှိပါသည်။ ယင်းမှာချစ်သူသည် သာမန်လူသားကဲ့သို့ လူသားမိခင်တဦးက
ကိုးလလွယ်၍ ဆယ်လဖွားခဲ့သူမဟုတ်ဘဲ ခေတ်လွန်စက်မှုသိပ္ပံပညာက တည်ဆောက်မွေးထုတ်ပေးလိုက်သော
စက်ရုပ်တရုပ်ဖြစ်နေသည်ဟူသောအချက်ဖြစ်၏။ သူ့တွင် လူကမွေးလာသောလူသားကဲ့သို့ စိတ်ဝိညာဉ်(Soul)
မပါရှိပေ။ ဤသည်ကလွဲ၍ ကျန်အရာအားလုံးနှင့်ပြီးပြည့်စုံနေသော ချစ်သူဖြစ်၏။ ဤသို့သောချစ်သူကို
သင့်ဘဝခရီးဖော်အဖြစ် ပေါင်းသင်းသွားလာရန်အတွက် လက်ထပ်နိုင်ပါမည်လော။
ဤသည်မှာ မျက်မှောက်ခေတ် အမေရိကန်ဒဿနဆရာကြီးဝီလျံဂျိမ်းစ်(William
James) တင်ပြခဲ့သည့်ပြဿနာဖြစ်ပါသည်။ ဒဿန ပညာရပ်အသိုင်းအဝိုင်း တွင်စက်ရုပ်ချစ်သူပြဿနာ(Problem
of mechanical Sweetheart) ဟု လူသိများပါသည်။ စာဖတ်သူအနေ ဖြင့်လည်း ဤပြဿနာအပေါ် မည်သို့သဘောထားမည်နည်း။
“ဘာပဲဖြစ်ဖြစ်လက်ထပ်ယူမည်”ဟု ပြောမည်လော။ သို့တည်းမဟုတ် “ဟာ ... ဒါမျိုးကြီးကိုတော့
ဘယ်လက်ထပ်ယူနိုင်မှာလဲ” ဟု ပြောမည်လား။ သို့ဖြင့် ဤစက်ရုပ်ချစ်သူပြဿနာမှတဆင့် လူ့လောကနှင့်စပ်လျဉ်း၍
စဉ်းစားတွေးတောစရာများ ပေါ်ထွက်လာပါသည်။ လူ့ဘဝတွင်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအားလုံးကို
ဖြည့်စွမ်းရရှိပြီးပြီဆိုပါက ပြည့်စုံ သွားပြီဟု ထင်မြင်ယူဆကြသည် မဟုတ်ပါလော။ အဘယ့်ကြောင့်
စိတ်ဝိညာဉ်ကို ထည့်သွင်းစဉ်းစားနေရပါသနည်း။ စက်ရုပ်ချစ်သူသည် မိမိ၏ ရုပ်ပိုင်းလိုအင်ဆန္ဒမှန်သမျှကို
အပြည့်အစုံ မိမိအားဖြည့်ဆည်းပေးနိုင်ပါလျှက်နှင့် စိတ်၏ ဝိညာဉ်ဆိုတာလေး မပါသည့်အတွက်
အဘယ်ကြောင့် ပြဿနာတက်သွားရပါသနည်း။ ယင်းစိတ်ဝိညာဉ်ဟူသည်မှာ အဘယ်နည်း။ မည်သည့်အရပ်၊
မည်သည့်နေရာတွင် ရှာဖွေ တွေ့ရှိနိုင်ပါသနည်း။ ဤစိတ်ဝိညာဉ်ကို လူ့လောကတနေရာရာတွင်မတွေ့တွေ့အောင်ရှာယူလာပြီး
မိမိ၏စက်ရုပ်ချစ်သူထဲသို့ထည့်သွင်း တပ်ဆင်ပေး၍မရနိုင်သလော။ ရုပ်ပိုင်းပြည့်စုံမှုထက်
ဤစိတ်ဝိဉာဉ်က ပို၍အရေးကြီးနေပါသလား။ ပိုပြီးတန်ဖိုးရှိနေပါသလား။
ဤနေရာတွင်ဒဿနဆိုင်ရာ မေးခွန်းများဝင်လာပါသည်။
စိတ်(သို့မဟုတ်) ဝိညာဉ်ဟူသည် အဘယ်နည်း။ “ရုပ်(Matter)” ဟူသည်မှာလည်း မည်သည့်အရာကို
ခေါ်ပါသနည်း။ စိတ်နှင့်ရုပ်တွင်မည်သည်က ပို၍ ပဓာနကျသနည်း။ မည်သည်ကပို၍ အရေးကြီးသနည်း။
စသည့်မေးခွန်း များ၊ ပြဿနာများဖြစ်ကြသည်။ ယင်းတို့သည် ဒဿနဗေဒ၏ ကဏ္ဍကြီးတရပ်ဖြစ်သော ရှိမှုဗေဒ(Ontology)နှင့်
သက်ဆိုင်ပါသည်။ ရှိမှုဗေဒ တွင်အဓိကအကျဆုံးမေးခွန်းမှာ “ဤလောက၏ အခြေခံအကျဆုံးအစစ်အမှန်အရှိတရား(Reality)ဟူသည်
အဘယ်နည်း” ဟူ၍ ဖြစ်သည်။
အနောက်တိုင်းဒဿနသမိုင်းတလျှောက်လုံးတွင်
ဒဿနပညာရှင်အသီးသီးတို့သည် ဤမေးခွန်းအတွက် အဖြေအမျိုးမျိုးပေးကြပါသည်။ ရုပ်ဝါဒီများက
အစစ်မှန်ဆုံးအရှိတရားသည် “ရုပ်” ဖြစ်သည်ဟုဆိုကြသည်။ နာမ်ဝါဒီများကမူ စိတ်(ဝါ)ဝိညာဉ်နာမ်တရားသည်သာ
ဤလောက ၏ အခြေခံအကျဆုံးအရှိတရားဖြစ်သည်ဟု ခံယူကြပါသည်။ သဘာဝဝါဒီ (Naturalist) များကလည်း
သဘာဝတရား(Nature) သာလျှင် တကယ့်အစစ်အမှန် အခြေခံအရှိတရားဖြစ်သည်ဟု ဖွင့်ဆိုကြပါသည်။
ဖြစ်တည်မှုဝါဒသည် အထက်ပါအယူအဆများနှင့်
ရှင်းရှင်းလင်းလင်း လမ်းခွဲထွက်ခဲ့သောဒဿနဖြစ်၏။ ဖြစ်တည်မှုဝါဒီတို့သည် ရုပ်ဟူသည် အဘယ်နည်း။
စိတ်ဟူသည် မည်သည့်အရာနည်း။ စိတ်နှင့်ရုပ်တွင်မည်သည်က ပို၍ အခြေခံကျသနည်း။ သဘာဝတရားသည်သာ
အခြေခံ ဖြစ်သလော စသည့်ပြဿနာများကို စိတ်မဝင်စားကြပေ။ “လူဟူသည် အဘယ်နည်း” ဟူသောမေးခွန်းသည်သာ
လူသားတို့အတွက် ဒဿနပညာအတွက် အရေးအကြီးဆုံးဖြစ်ကြောင်း သူတို့ကခံယူကြသည်။ လူသား၏ဘဝ ဖြစ်တည်မှုအပေါ်တွင်သာ
ဂရုတမထား၍ သူတို့၏ အယူအဆများကို တင်ပြကြသည်။ လူ့ဘဝနှင့်မနီးစပ်နိုင်သော ယန္တိယသဘောဆောင်
စကြဝဠာကြီးများ၊ လူ့ဘဝနှင့်အလှမ်းဝေးကွာလှသော ဒြပ်မဲ့စိတ်ကူးထည် နာမ်တရားများသည် လူ့လောကအတွက်
မည်သို့မျှအရေးမပါနိုင်။ သို့အတွက်ယင်းတို့ကို အလေးထားမနေနိုင်ဟု ယူဆ ခဲ့ကြသည်။ လူသားများနှင့်လူ့လောကကြီးအတွက်
တကယ့်အရေးအကြီးဆုံး၊ အဓိကအကျဆုံးအမှာ လူသားတဦးချင်းစီ၏ ပုဂ္ဂလဘဝ ဖြစ်သည်။ ယင်း သည်သာ
တကယ့်အခြေခံအစစ်အမှန် အရှိတရားဖြစ်သည်ဟု ဖြစ်တည်မှုဝါဒကခံယူကြပေသည်။
0 comments:
Post a Comment