Wednesday, February 20, 2019

လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၁၂)

0 comments
လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၁၂) စစ်နဲ့ ငြိမ်းချမ်းရေး
တစ်ညနေမှာ ရုပ်ရှင်ကားသစ်ပြမယ်ဆိုလို့ ကျွန်တော်တို့ ဘော်လီဘောကွင်းမှာ စောင့်နေကြတယ်။ ရုပ်ရှင်အဖွဲ့လာတော့ အခုပြမယ့်ကား သစ်က ဗီယက်နမ်နဲ့တရုတ်တိုက်တဲ့ကားလို့ပြောပါတယ်။ ဇာတ်ကားနာမည်က ခပ်ဆန်းဆန်းပါ။ ဗမာလို တောင်ခြေက ပန်းခွေတဲ့။ ၁၉၇၉ ခုနှစ်ဆန်းပိုင်းလောက်က တိန့်ရှောင်ဖိန်ရဲ့ ဗီယက်နမ်ကို ဆုံးမအပြစ်ပေးရေးစစ်ပွဲကို နောက်ခံထားရိုက်ကူးတဲ့ စစ်ကားဖြစ်ပါတယ်။

ဂျပန်ခုခံရေးကာလနောက်ခံပါတဲ့ လှိုဏ်ခေါင်းစစ်ရုပ်ရှင်တို့ မြေမြှုပ်ဗုံးစစ်ရုပ်ရှင်တို့ နဲ့ တရုပ်ပြည်လွတ်မြောက်ရေးစစ်ပွဲနောက်ခံ တောင်ချီ မြောက်တိုက်တို့ တလက်လက်ကြယ်နီတို့လိုရုပ်ရှင်တွေ အမြဲလိုလိုကြည့်နေရတဲ့ ကျွန်တော်တို့အတွက် ကားသစ်ဆိုရင် စိတ်ဝင်စားနေ တာဘဲ။ ဗီယက်နမ်နဲ့တရုတ်စစ်ပွဲ ဖြစ်ထားတာကလည်း ပူပူပူနွေးနွေးဆိုတော့ မြန်မြန်ကြည့်ချင်နေကြပြီ။

ဒီဇာတ်ကားက ဗီယက်နမ်နယ်စပ်ထဲကို ထိုးဖောက်ဝင်ရောက်သွားတဲ့ တရုတ်တပ်တွေထဲက တပ်ခွဲတစ်ခွဲအကြောင်းဖြစ်ပါတယ်။ “တရုတ် ပြည်ဆို အသာလေးတိုက်လို့ရတယ်။ ဒို့ဗီယက်နမ်တပ်တွေက ခွန်မင်းမှာညစာစားမယ်”စသဖြင့် ကြုံးဝါးနေတဲ့သတင်းတွေကို အရင်ပြပြီး (၁၂)လုံးတွဲ ဒုံးစင်တွေ ရာချီ အသုံးပြုတိုက်ကြတယ်။ နယ်စပ်တလျောက် ဗီယက်နမ်ခံစစ်ကြောင်းကြီးကလည်း ခိုင်ခံ့တယ်။ တရုတ် တပ်တွေဟာ တင့်ကားတွေ အမြောက်ကြီးတွေအကူနဲ့ လိုက်ကျင်း ကတုတ်မြောင်းကြီးတွေကို ကျော်နိုင်အောင်မနည်း လုပ်နေရတယ်။
တိုတိုဆိုရရင် လွယ်လွယ်နဲ့ရမယ်ထင်ပြီး ထိုးဝင်တဲ့တပ်တချို့ ရှေ့ကျွံကုန်ပြီး နှာခေါင်းကျည်ပွေ့ တွေ့ကုန်တယ်။ ဆုံးမအပြစ်ပေးရေး
စစ်ပွဲကိုလည်း အချိန်တိုနဲ့ အဆုံးသတ်လိုက်ရတယ်။ ဒီဇာတ်ကားရဲ့ နောက်ပိုင်း ၃ ပုံ ၁ ပုံလောက်ဟာ စစ်ပွဲအပြီး တပ်တွေရဲ့ပြဿနာ
ပေါင်းစုံကို ရိုက်ကူးထားတယ်။ တပ်ခွဲမှူးဖြစ်သူဟာ ကျဆုံးဒဏ်ရာရသွားတဲ့ သူ့တပ်သားတွေရဲ့အခက်အခဲတွေနဲ့ မိသားစုဒုက္ခတွေကို
လိုက်လံ ဖြေရှင်းနေရတာ မပြီးနိုင်တော့ဘူး။ ဒီစစ်ပွဲမှာ တရုတ်ဖက်က ကျဆုံးသူအတော်လေးများတယ်။ သူတို့ကိုမြှုပ်နှံထားတဲ့
ဂူသင်္ချီုင်းတွေဟာ တောင်ကုန်းကြီးတစ်ကုန်း ပြည့်နေတယ်။ တောင်ခြေက ပန်းခွေဆိုတာ ခုနကတပ်ခွဲက ရဲဘော်လေးတစ်ယောက်ကို ချပေးလိုက်တဲ့ ပန်းခွေလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးကြတဲ့အခါ ကျွန်တော်တို့အချင်းချင်း ငြင်းစရာခုန်စရာတွေ ရသွားကြတယ်။ စစ်ဆိုတာဘာလဲ။ တရားတဲ့စစ်ဆိုတာဘာလဲ။ စစ်တိုင်းဟာ ဆိုးကျိုးကိုသယ်လာတယ်ဆိုရင် တရားတဲ့စစ်တွေကရော ဘာတွေ သယ်လာ နိုင်သလည်းဆိုတဲ့ မေးခွန်းတွေဘဲဖြစ်ပါတယ်။ စစ်နဲ့ငြိမ်းချမ်းရေး ဘယ်လို အပြန်အလှန်ကူးပြောင်းသလဲ ဆိုတာလည်း ပါပါတယ်။
တကယ်တော့ စစ်နဲ့ငြိမ်းချမ်းရေးပြဿနာကို အတော်စောစောကထဲက ပါတီထဲမှာငြင်းနေခဲ့ကြတာပါ။ အထူးသဖြင့် ၁၉၈၁ ခုနှစ်မဆလ အစိုးရနဲ့ ဗကပရဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ဦးနေဝင်းက တဖက်သတ်ရပ်စဲသွားပြီး နောက်ပိုင်းမှာ ဒီကိစ္စ အတော်လေးဂယက်ထခဲ့တယ်။ အဲဒီဆွေးနွေးပွဲကလည်း အတော်စောစောကတည်းက လုပ်ထားခဲ့တဲ့ ဦးနေဝင်း ပေကျင်းကိုရောက်ရှိနေခိုက် တရုတ်ပြည်ရဲ့ အကြံပေးတိုက်တွန်းမှု နောက်ဆက်တွဲရလဒ်လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီတုံးက ဆွေးနွေးဖို့ကိစ္စကို တခြား မဆလ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပါဦးမယ်လို့ ဦးနေဝင်းက ဂတိပေးထားခဲ့တယ်။ တရုတ်ခေါင်းဆောင် အပြောင်းအလည်းတွေ ပေါ်လာပြီး နောက်မှာလည်း ဆက်လက် တိုက်တွန်းကြတဲ့အတွက် ဦးနေဝင်းဟာ ပေကျင်းမှာ ဗကပဥက္ကဌသခင်ဗသိန်းတင်နဲ့ တွေ့ဆုံဆွေးနွေးတာလုပ် ခဲ့တယ်။ အဲဒီတွေ့ဆုံပွဲရလဒ်အဖြစ် ၁၉၈ဝ မှာ မဆလဘက်က ဦးနေဝင်း၊ ဦးလေးမောင်၊ ဦးသန်းလှိုင်တို့တက်ပြီး ဗကပဘက်က သခင် ဗသိန်းတင်၊ သခင်ဖေတင့်၊ ဦးရဲထွန်းတို့တက်တဲ့ ပထမအကြိမ်ဆွေးနွေးပွဲ လုပ်နိုင်ခဲ့တယ်။ လားရှိုးမှာလုပ်တဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲ မှာတော့ နှစ်ဖက်ဥက္ကဌတွေ မတက်တော့ဘဲ ကျန်ခေါင်းဆောင်တွေဆက်တက်ခဲ့ကြတယ်။

ဆွေးနွေးပွဲအသေးစိတ်တွေကို ဒီဆောင်းပါးမှာရေးဖို့ မရည်ရွယ်ပါ။ အကြမ်းအားဖြင့် ဗမာပြည်သူလူထုအကျိုး၊ အရှေ့အာရှတည်ငြိမ်
ရေးအကျိုး၊ ကမ္ဘာ့ငြိမ်းချမ်းရေး အကျိုးတွေအတွက် ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ရည်ရွယ်ထားကြောင်း ဗကပ ဘက်က တင်ပြတဲ့အခါ ငြိမ်းချမ်းရေးကိုဆွေးနွေးဖို့ သဘောတူပေမယ့် စစ်ရပ်စဲတာ မလုပ်နိုင်ကြောင်း အကြောင်းပြန်ခဲ့တယ်။ ဒုတိယအကြိမ် တွေ့ဆုံ ကြတော့ ငြိမ်းချမ်းရေးလိုအပ်မှုကို ဗကပဘက်ကရှင်းပြပြီး ဒီမိုကရေစီရေး အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ ပြည်သူလူထုနေထိုင်မှုဘဝ မြှင့်တင်ရေး စတဲ့အချက်တွေကိုတင်ပြရင်း ဗကပ ဆက်လက်တည်ရှိရေး၊ ပြည်သူ့တပ်မတော် ဆက်လက်တည်ရှိရေးနဲ့ အခြေခံဒေသ ဆက်လက်တည်ရှိရေးတွေမပါဘဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်ကြောင်း ရှင်းပြခဲ့တယ်။ မဆလကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကတော့ အဲဒီအချက်တွေ လက်မခံပါဘူး။

ဗမာပြည်မှာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဆလတစ်ပါတီထဲသာတည်ရှိခွင့်ရှိတဲ့အတွက် နိုင်ငံရေးလုပ်ချင်ရင် မဆလပါတီထဲ ဝင်ခွင့် ပြုမယ်။ အလားတူဘဲ ဗကပတပ်သားတွေကိုလည်း လုံထိန်းတပ်ထဲမှာပါဝင်ခွင့်ပေးမယ်။ အခြေခံဒေသတွေကိုလည်း အသိအမှတ်မပြုနိုင်ဘူး လို့တုန့်ပြန်ခဲ့တယ်။ ဗကပဘက်က အခြေခံဥပဒေဆိုတာ လူကလုပ်ထားတာဖြစ်လို့ ပြုပြင်ပြောင်းလည်းလို့ရကြောင်း၊ တိုင်းပြည်အကျိုး အတွက် လက်ရှိအခြေခံဥပဒေကို ပြင်သင့်ကြောင်းပြောဆိုခဲ့တယ်။

ပထမတင်ပြချက်တွေ ငြင်းပယ်တာခံရတဲ့အခါ ဗကပကိုယ်စလှယ်အဖွဲ့ခေါင်းဆောင် သခင်ဖေတင့်က ဒုတိယတင်ပြချက်ကိုဆက်ပြီး ကမ်းလှမ်းပါတယ်။ အတိုချုပ်ကတော့ တပ်တွေကို တစ်ခုထဲသောအစိုးရအောက်မှာဖွဲ့စည်းမယ့် နိုင်ငံတော်ကာကွယ်ရေးကောင်စီအောက်မှာ ထားမယ်။ အဲဒီနိုင်ငံတော်ကောင်စီထဲမှာ ဗကပပါတီ သို့မဟုတ် ဗကပတပ်ရဲ့ကိုယ်စားလှယ် တစ်ယောက်ဖြစ်စေ နှစ်ယောက်ဖြစ်စေ ပါဝင်ခွင့် ပေးရမယ်။ ဒုတိယအချက်ကတော့ အခြေခံဒေသတွေကိုလဲ တစ်ခုထဲသောအစိုးရအောက်မှာ ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် အသိမှတ်ပြုထားရှိမယ်။ တတိယအချက်က ဗကပကို ဆက်လက်တည်ရှိခွင့်ပေးရမယ်ဆိုပြီး ထပ်မံကမ်းလှမ်းခဲ့တယ်။ ဒီတင်ပြချက်ကို ဦးနေဝင်းထံ ထပ်ဆင့်တင်ပြပြီး ဆက်ဆွေးနွေးဖို့လုပ်ခဲ့ကြပေမယ့် ဦးနေဝင်းက တစ်ဖက်သတ်ဖျက်သိမ်းပစ်လိုက်တယ်။

မဆလညီလာခံမှာတော့ ဦးနေဝင်းဟာ ဗကပကကမ်းလှမ်းတဲ့ ပထမတင်ပြချက် ၃ ချက်ကိုဘဲပြောပြီး လက်ခံနိုင်စရာမရှိကြောင်း တိုင်းပြည်ကို ထုတ်ပြန်တယ်။ ဒုတိယတင်ပြချက်တွေကိုတော့ ဖုံးကွယ်ထားခဲ့တယ်။ ဆွေးနွေးပွဲပျက်သွားတဲ့အခါ ဗကပ ကိုယ်စလှယ်အဖွဲ့ဟာ ဝမ်းနည်း ကြောင်းထုတ်ပြန်သလို ငြိမ်းချမ်းရေးကို အဟန့်အတားပြုနေတဲ့ မဆလတစ်ပါတီကိုသာ တည်ရှိခွင့်ပေးထားတဲ့ ၁၉၇၄ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးတွေ လူသိရှင်ကြားတောင်းဆိုခဲ့ပါတယ်။

လွတ်လပ်ရေးနဲ့အတူပေါ်ထွက်လာတဲ့ ဗမာပြည်ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး အားလုံးသိကြတဲ့အတိုင်း ရေးသားထားတာတွေအများကြီး ရှိသလို ပြန်ပြောခဲ့သူတွေလည်း အများကြီးရှိနေတယ်။ အစိုးရရေးသားချက်အများစုမှာတော့ ပြည်တွင်းစစ်ဖြစ်ရတာဟာ ဗကပ ကြောင့်ဆိုပြီး လက်ငြှိုးထိုးကြတယ်။ ဗကပကိုတရားခံအဖြစ် ပုံချရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်မတူပြန်ဘူး။ ဦးနုနဲ့ဦးကျော်ငြိမ်းတို့က စတာလင်တို့ ဇဒါးနော့တို့ သြဝါဒတွေကိုနာခံတဲ့ ရုရှားသြဇာခံလို့စွပ်စွဲတယ်။ ကွန်မြူနစ်ပါတီတွေရဲ့ လုပ်ထုံးလုပ်နည်းနားလည်တဲ့ ဦးသိန်းဖေမြင့် ကတော့ စတာလင်တို့ ဇဒါးနော့တို့ကိုစွပ်စွဲရင် လူရယ်စရာဖြစ်မှာစိုးလို့ ပါတီခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဂိုရှယ်ကိုစွပ်စွဲတယ်။ သခင်တင်မြကတော့ ဂိုရှယ်ကိုရော သခင်သန်းထွန်းကိုပါ စွပ်စွဲပါတယ်။ ခုနောက်ပိုင်း နိုင်ငံရေးအခါတော်ပေး စာရေးဆရာတစ်ဦးကတော့ အိုင်ဒီအိုလိုဂျီတရားသေ ကျသူတွေအားလုံးအပေါ် အပြစ်ပုံချတယ်။ ဒါပေမယ့် ၁၉၆၃ တော်လှန်ရေးကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေပွဲအကြောင်း ပြောရာမှာတော့ မဆလအိုင်ဒီအိုလိုဂျီနဲ့ ဗကပတို့ အလံနီတို့ရဲ့အိုင်ဒီအိုလိုဂျီ ကွာခြားချက်သိပ်မရှိဘူးလို့လည်း သူက ဆိုပြန်တယ်။ တဖြည်းဖြည်းနဲ့ စစ်အာဏာရှင်စနစ် ပေါ်လာတာတောင် ပြည်တွင်းစစ်နဲ့ ပြည်တွင်းစစ်တိုက်ခိုက်သူတွေရဲ့ပြစ်မှု၊ စစ်ဘက်အရပ်ဖက်ဆက်ဆံရေး အခက်အခ တွေ့စေတဲ့တရားခံကလည်း သူတို့ဘဲဆိုပြီး စွပ်စွဲလာနေကြတယ်။

အမှန်တော့ ၁၉၄၈-၄၉ ကာလ ပြည်တွင်းစစ်ဖြစ်တယ်ဆိုတာ ဗကပတစ်ပါတီထဲနဲ့ဖြစ်တာ မဟုတ်ပါဘူး။ ပြည်သူ့ရဲဘော်တွေ၊ တော်လှန်တဲ့ ဗမာ့တပ်မတော်တွေ၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့တွေလည်း ပါဝင်နေတယ်။ တရွာလုံးနဲ့တစ်ယောက် ဖြစ်တဲ့ပွဲလို့တောင် ဆိုနိုင်တာပါ။ အဲဒီကာလ ကမ္ဘာ့သတင်းစာကြီးတွေဆိုရင် ဦးနုအစိုးရကို ရန်ကုန်အစိုးရလို့တောင် စာလုံးမည်းတွေနဲ့ ရေးခဲ့ ကြတာပါ။ ဒီပြည်တွင်းစစ်ဟာ ၁၉၈၉ ခု ဗကပလက်နက်ကိုင်တော်လှန်ရေး ဆုံးရှုံးသွားပြီးနောက်ပိုင်း နှစ်ပေါင်း ၂၈ နှစ်ကြာတဲ့ ဒီနေ့အချိန် အခါအထိ ဘာကြောင့် ဆက်ရှိနေတာလည်းဆိုတဲ့အချက်နဲ့တင် ပြည်တွင်းစစ်ဟာ ဖြေရှင်းလို့မရသေးတဲ့ နိုင်ငံရေးပြဿနာနဲ့ လူမျိုးစုအခွင့် အရေးပြဿနာတွေကနေ ပေါက်ဖွားလာတယ်ဆိုတာ ထင်ရှားနေတယ်။ ဒီပြဿနာတွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းနိုင်သရွေ့ စစ်ပွဲဟာ သက်ဆိုးရှည်နေဦးမယ်ဆိုတာ လူတိုင်းသိနေတာပါ။

၁၉၈၁ ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ပြီးတဲ့နောက် ပန်ဆန်းစစ်ဒေသဌာနချုပ် အစည်းအဝေးခန်းမကြီးထဲမှာ သခင်ဗသိန်းတင် ကိုယ်တိုင် ရုံးဌာန၊ ဒေသနဲ့ တပ်ကေဒါတွေကို ငြိမ်းချမ်းရေးကိစ္စ ရှင်းလင်းပွဲလုပ်ပါတယ်။ “ကျွန်တော်တို့ပါတီဟာ တခြားကွန် မြူနစ်ပါတီတွေ လိုဘဲ စစ်ကိုမလိုလားပါဘူး။ ကျွန်တော်တို့ ကွန်မြူနစ်တွေဟာ သွေးဆာနေသူတွေ မဟုတ်ပါဘူး။ ၁၉၄၈ ဖောက်ပြန်တဲ့ပြည်တွင်းစစ်ကို စတင် ဖန်တီးခဲ့တာဟာ ကျွန်တော်တို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ပြဿနာတွေကို နိုင်ငံရေးအရဖြေရှင်းချင်ပါတယ်။

ဒါပေမယ့် ဖောက်ပြန်တဲ့အစိုးရအဆက်ဆက်ဟာ ဖောက်ပြန်တဲ့ ပြည်တွင်းစစ်နဲ့ ဖြေရှင်းဖို့ကြိုးစားခဲ့တယ်။ ဒီလိုအခြေအနေအောက်မှာ ကျွန်တော်တို့ဟာ မလွှဲမရှောင်သာဘဲ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့တော်လှန်တဲ့ပြည်တွင်းစစ်နဲ့ တုန့်ပြန်တိုက်ခိုက်ခဲ့ရတယ်။ နှစ်ပေါင်း ၃၃ နှစ်ကြာလာပြီဖြစ်တဲ့ ဒီပြည်တွင်းစစ်ကိုရပ်စဲဖို့ ကျွန်တော်တို့ကြိုးစားခဲ့ပေမယ့် ဖောက်ပြန်တဲ့အစိုးရတွေဟာ ကျွန်တော်တို့ရဲ့ကြိုးပမ်းချက် တွေကို တဖက်သတ်ဖျက်ဆီးပစ်ကြတယ်။...ဦးနေဝင်းက ဆွေးနွေးပွဲကို အပြီးတိုင်ဖျက်သိမ်းလိုက်တယ်ဆိုစေကာမူ ကျွန်တော်တို့ပါတီဟာ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်အကောင်အထည်ဖော်မယ့် စေ့စပ်ဆွေးနွေးရေးတွေ လုပ်ကိုင်လာအောင် ဆက်လက် ထုတ်ဖော်တင်ပြတိုက်တွန်းသွားမှာဖြစ်ပါတယ်” လို့ ရှင်းလင်းပြောကြားသွားပါတယ်။

ဒီနေရာမှာ ဦးနေဝင်းကို ဘာလို့ ဆွေးနွေးပွဲဖျက်ဆီးသူအဖြစ် အဓိကထားပြောရသလဲဆိုတဲ့ မေးခွန်းတစ်ခုပေါ်လာပါတယ်။ အားလုံးသိကြ တဲ့အတိုင်း တရုတ်ဗမာအရေးအခင်း ဖန်တီးလိုက်တဲ့အတွက် တရုတ်နဲ့ဆက်ဆံရေး တင်းမာသွားရုံမက ဗကပကိုစစ်ရေးအရ တရုတ်က ပုံအော ကူညီလိုက်တာကိုတွေ့တော့ ဦးနေဝင်းဟာ မှားမှန်းသိပြီး တရုတ်ကိုလေပြေထိုးဖို့ မကြာခဏသွားတယ်။ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ သူ့ကိုယ်သူ ကွန်မြူနစ်ဝါဒကို လိုလားသူအဖြစ် နားသွင်းတာတွေလည်း လုပ်တယ်။ အဲဒီအချိန်က တရုတ်ကလည်း သူ့
မဟာဗျူတွေ ပြောင်းတဲ့အချိန်ဖြစ်နေတယ်။ ကစ်ဆင်းဂျား လွန်းပျံသံတမန်တို့ ချစ်ကြည်ရေးပိန်ပေါင်ပြိုင်ပွဲဆိုတာတွေနဲ့ အမေရိကန်ကို ရင်းရင်းနှီးနှီးဆက်ဆံလာပြီး ဆိုဗီယက်အင်အားလွန်နိုင်ငံကြီးကို အမေရိကန်နဲ့အတူ လက်တွဲဆန့်ကျင်ဖို့ မဟာဗျူဟာချတယ်။ အရင်တုန်းက အမေရိကန်ဘက်ကိုယိမ်းပြီး တရုတ်ဗမာအရေးအခင်းဖန်တီးတဲ့ ဦးနေဝင်းဟာလည်း အဲဒီမဟာဗျူဟာအောက်မှာ ရန်ဘက်စာရင်းကနေ မိတ်ဖက်စာရင်းထဲ ရောက်လာတယ်။ တရုတ်က သူ့ကို ကွန်မြူနစ်လိုလားသူအဖြစ် ဘယ်တုံးကမှ သဘောမထားပါဘူး။ လက်ရှိမဟာဗျူဟာ လိုအပ်ချက်အရ မိတ်ဖက်အဖြစ် ပြောင်းလဲခြင်းသာဖြစ်ပါတယ်။ အစိုးရချင်းဆက်ဆံရေး ပြန်တည်ဆောက်ဖို့ဘဲဖြစ်ပါတယ်။

ဦးနေဝင်း ပေကျင်းကိုလာတော့ မော်စီတုံးတို့ချိုအင်လိုင်းတို့ကို သူအဓိကတောင်းဆိုတာဟာ ဗကပကို မကူဖို့ဘဲဖြစ်ပါတယ်။ တရုတ်ကတော့ စစ်တိုက်လာတာ နှစ်ပေါင်း ၂ဝ-၃ဝ ကြာလာတာတောင် ဘယ်သူ့ဘယ်သူမှ အပြတ်မတိုက်နိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေး တည်ဆောက်သင့်ကြောင်း ဦးနေဝင်းကို မကြာခဏနားသွင်းတယ်။ ဦးနေဝင်းလိုချင်တာက ဗကပကိုဆက်မကူဖို့ ဖြစ်ပါတယ်။

နှစ်ဖက်စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ မလွှဲသာလို့ ဂတိပေးခဲ့တာဘဲဖြစ်ပါတယ်။ ဗကပနဲ့ တချိန်ထဲ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ KIO ကိုဆိုရင် လက်နက်ချအလင်းဝင်ဖို့ဘဲ ဇောင်းပေးဆွေးနွေးတယ်။ လက်နက်ချရင် မဆလအောက်မှာ ပြည်နယ်ကောင်စီမှာရာထူးယူဖို့တို့ ရဲတပ်ဖွဲ့တွေပြောင်းဖို့တို့လို အခွင့်အရေးတွေနဲ့ မက်လုံးပေးတာဘဲလုပ်ပါတယ်။ ဗကပကိုလည်း အဲသလိုဘဲ ပါတီဖျက် သိမ်းပြီးလက်နက်ချ စေချင်တာပါဘဲ။ အစကထဲကပြည်တွင်းငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးပြဿနာတွေကို ကျေကျေလည်လည် ဆွေးနွေးမယ်ဆိုတဲ့ အစီအစဉ်လည်း မရှိဘူး။

ကျွန်တော်မှတ်မိသလောက်ဆိုရင် အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဒုတိယအချီမှာ သခင်ဖေတင့် နောက်ထပ်တင်ပြတဲ့ ဒုတိယတင်ပြချက်တွေကို ကြားရတော့ မဆလကိုယ်စလှယ်အဖွဲ့ဟာ အတော်လေး စိတ်အားထက်သန်တာတွေ့ရတယ်။ တပ်တွေအခြေခံဒေသတွေကို တစ်ခုထဲသော အစိုးရလက်အောက်မှာထားရှိရုံမက အစိုးရမြို့ကြီးတွေကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ တပ်တွေဒေသတွေကိုလည်း အစိုးရစိတ်အေးအောင် ထပ်မံ ညှိနှိုင်းလို့ရနိုင်တယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေလည်းပါတဲ့အတွက် မဆလပါတီအတွင်းရေးမှူးဖြစ်သူဟာ အားတက်သရောနဲ့အထက်ကို အမြန် အစီရင်ခံဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် ဦးနေဝင်းက အားလုံးကိုပယ်ချပြီး ဆွေးနွေးပွဲဖျက်သိမ်းပစ်ခဲ့ တယ်။

ဗကပဗဟိုဟာ ဒီကမ်းလှမ်းချက်တွေကို အောင်မြင်စေလိုတဲ့ စေတနာမှန်နဲ့ကမ်းလှမ်းခဲ့သလို တကယ်လို့ ဒီကမ်းလှမ်းချက်ကို မဆလဘက်က လက်ခံရင် ကိုယ်ဖက်က လိုအပ်တာတွေ ဆက်လုပ်ပေးဖို့ကိုလည်း ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးသဲထဲ ရေသွန် ဖြစ်သွားပြီး ဦးနေဝင်းရဲ့ အပြုတ်တိုက်ရေးလမ်းစဉ်နဲ့ ပြဿနာတွေကိုနိုင်ငံရေးအရမဖြေရှင်းဘဲ စစ်ရေးနည်းနဲ့ဖြေရှင်းရေးတွေကိုဘဲ ဆက်လက် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲသလိုဖြစ်တာတောင် ဗကပဟာ စစ်နဲ့ငြိမ်းချမ်းရေးဆိုတာ အပြန်အလှန်ကူးပြောင်းနိုင်တယ်ဆိုတဲ့တရားကို လက်ကိုင်ထားပြီး စစ်ပွဲတွေ ပြင်းပြင်းထန်ထန်တိုက်နေတဲ့ကာလမှာ ငြိမ်းချမ်းရေးထွက်ပေါ်လာအောင်ကြိုးပမ်းတာကို မစွန့်ဘဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆက်လက်တောင်းဆိုနေတာဖြစ်ပါတယ်။

တပ်မတော်သမိုင်း ဆဌမတွဲထဲမှာတော့ ၁၉၈ဝ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဗကပကမ်းလှမ်းတာဟာ ၁၉၇၉ မင်းရန်အောင်ထိုးစစ်ကြောင့် အထိနာသွားလို့ဆိုပြီး သုံးသပ်ထားတာတွေ့ရတယ်။ ဗကပကမ်းလှမ်းချက်ထဲမှာ “ဆိုရှယ်နယ်ချဲ့ရဲ့အန္တရာယ်ကို မြန်မာအစိုးရနဲ့ ပူးပေါင်းဆန့် ကျင်ရန်လိုကြောင်း မဆီမဆိုင်အကြောင်းပြပုံကလည်း ဗကပ ၅၅ လမ်းစဉ်အတိုင်း ဖြစ်နေသည်ကိုတွေ့ရသည်” ဆိုပြီးရေး ထားတာတွေ့ရ တယ်။ အဲဒီကာလ သံတမန်ဆက်ဆံမှုသတင်းတွေကိုကြည့်ရင် ဆိုရှယ်နယ်ချဲ့ကို မဆီမဆိုင် ဗြောင်ကျကျဆန့်ကျင်ခဲ့သူဟာ ဗကပမဟုတ်ဘဲ ဦးနေဝင်းဆိုတာ တွေ့နိုင်ပါတယ်။ တရုတ်ပြည်ဟာ တိန့်ရှောင်ဖိန်အာဏာရလာပြီးနောက်ပိုင်း ဆိုဗီယက်နောက်လိုက်လို့သတ်မှတ်ထားတဲ့ ဗီယက်နမ်နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ ခမာနီပေါလ်ပေါ့အစိုးရကို ထောက်ခံအားပေးတာ မျက်နှာသာပေးနေတာကို သိသွားတဲ့နောက်ပိုင်း ဦးနေဝင်းက ကမ္ဘောဒီးယားကို ပထမဆုံး အစိုးရခေါင်းဆောင်တစ်ဦးအဖြစ် သွားရောက်လည်ပတ်ခဲ့တာ အားလုံးသိပြီးဖြစ်ပါတယ်။ သူဟာ တရုတ်ပြည်ကိုလည်း ချောင်းပေါက်တတ်သွားပြီး တရုတ်ဗမာဆက်ဆံမှု ပုံမှန်ပြန်ဖြစ်အောင်လုပ်တယ်။ ၁၉၇၉ မှာတော့ ကျူးဘားနိုင်ငံမှာ ဘက်မလိုက်နိုင်ငံများရဲ့ ဆဌမအကြိမ်အစည်းအဝေးလုပ်တာဟာ ဆိုဗီယက်ဘက်ကို လိုက်တာဘဲဆိုပြီး မြန်မာပြည်ကို ဘက်မလိုက်နိုင်ငံ အုပ်စုထဲက နှုတ်ထွက်လိုက်တယ်။

အဲသလိုနှုတ်ထွက်ပြီး ဘာမှမကြာခင် (၁၉၇၉)နိုဝင်ဘာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွမ်ဟွာ ရန်ကုန်ကို ရောက်လာပါတော့တယ်။ နှစ်နိုင်ငံ ရွှေလမ်းငွေလမ်းဖောက်ရာမှာ ဦးနေဝင်းဟာ အဲသလို ကျွမ်းကျင်ပါးနပ်ခဲ့တာပါ။ တရုတ်ဗမာအဓိကရုဏ်းကို ဖန်တီးတုံးကလည်း သူ၊ တရုတ်နဲ့ ပြန်လည်သင့်မြတ်ရေးလုပ်တော့လည်း သူတစ်ယောက်ထဲဖြစ်ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ တရုတ်ပြည်အနေနဲ့ ဗကပကို ဆက်မကူဖို့ပါဘဲ။ ဒါကြောင့် ၁၉၈၁ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း တရုတ်သဘောကျရင်ပြီးတာဘဲဆိုပြီး ဟန်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဗကပကတော့ ၁၉၄၈ နောက်ပိုင်း စစ်နဲ့ငြိမ်းချမ်းရေး ဘက်နှစ်ဘက်ကိုအခြေပြုပြီး စစ်နိုင်ရေးလမ်းစဉ်တွေချမှတ်ဖူးသလို ပြည်တွင်းငြိမ်းချမ်း ရေး လမ်းစဉ်တွေလည်း ချမှတ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ စစ်နဲ့ငြိမ်းချမ်းရေးပြဿနာဟာ ဘက်တစ်ဘက်ထဲနဲ့ ဆုံးဖြတ်လို့မရဘူး။ စစ်တိုက် မလားငြိမ်းချမ်းမလားဆိုတာ ပါဝင်ပတ်သက်သူတွေအားလုံးက ဆုံးဖြတ်ရတာဖြစ်ပါတယ်။ သေချာတာတခုက အဲသလ ဆုံးဖြတ်ခွင့်ရမယ် ဆိုရင် သခင်ဗသိန်းတင်ပြောသလို ကွန်မြူနစ်တွေဟာ စစ်မလိုလားတဲ့ဘက်မှာ အမြဲရှိနေမယ်ဆိုတာပါဘဲ။ သူတို့တတွေဟာ စစ်ရဲ့ဆိုးကျိုး တွေ စစ်အနိဌာရုံတွေကို တတ်နိုင်သမျှရှောင်ရှားပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းလိုသူတွေ ဖြစ်ကြပါတယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ ကူးယူဖော်ပြပါသည်

0 comments:

Post a Comment