(ဓာတ်ခဲသေခြင်း)
အခန်းမှာ တိတ်ဆိတ်နေပါ၏။ ကျနော်က စက်ရှေ့တွင်ထိုင်ပြီးစာရေးနေ၏။ ဇနီးက
အိပ်ပေါ်လှဲရင်း စာတအုပ်နှင့် နှပ်နေ၏။ မရင်နှစ်က အောက်ထပ်တွင် တက္ကဆက်မှ သူ့
သူငယ်ချင်းမှ Sofia နှင့် ဗီဒီယိုချက်တင်န်းလုပ်ကာ ကစားရသည့်ဂိမ်းတမျိုးကို
ကွန်ပြူတာနှင့် သဲကြီးမဲကြီးကစားနေ၏။ နှစ်ယောက်သား စကားပြောသံ ရယ်သံမောသံ
ပျော်ရွှင်အော်ဟစ်သံလေးတွေ တချက်တချက် ကျနော်တို့အခန်းထဲအထိ စီကနဲစီကနဲ ဝင်ဝင်လာ၏။
ခနနေတော့ Baba, Battery is dead ဟုဆိုကာ
Mouse ကိုမြှောက်ပြရင်း အခန်းထဲဝင်လာ၏။ ဓာတ်ခဲအားကုန်သွားလို့လားသမီးဆိုတော့
မျက်လုံးလေးလည်ပြီး ဓာတ်ခဲအားကုန်တယ်ဆိုတာ ဘာလဲဘဘ ဟုမေး၏။ လာပါပြီ။ ကျနော်
ရှင်းရပြန်ပေဦးမည်။ ဓာတ်ခဲဆိုတာ Battery ကိုပြောတာဆိုပြီးမှ ကားက ဘက်ထရီကိုလည်း
ဓာတ်ခဲပဲလို့ နားလည်သွားမှအခက်ဟုတွေးကာ ဓာတ်ခဲလေးက လက်ကကိုင်ပြရင်း This is
battery, we say it as Dutkhae but the battery fixing in car is battery. ဆိုတော့
ဒီဘက်ထရီကဓာတ်ခဲ ကားကဘက်ထရီကျတော့ ဘက်ထရီ ဟုတ်လားဘဘ ဆို၏။ ဓာတ်အိုးဟု ဗမာပြည်က
တချို့အရပ်တွေခေါ်ကြောင်းပြောရလျှင် ပေရှည်တော့မည်။ ထို့ကြောင့် အေး.. သမီး
ဒါကိုတော့ ဓာတ်ခဲခေါ်တယ် ဟိုဟာတွေကိုတော့ ဘက်ထရီပဲခေါ်တယ်ဆိုတော့ ဓာတ်ခဲ ဓာတ်ခဲဟု ပါးစပ်ကရွတ်၏။
ဇနီးကပါ ငါလည်း မသိဘူးဟုပြောရင်း နှစ်ယောက်သား ဓာတ်ခဲဓာတ်ခဲဟု သုံးလေးခေါက်
သံပြိုင်ရွတ်ကြ၏။
ပေး.ပေး.အဲ့ဒီအားကုန်တဲ့ ဓာတ်ခဲ ဘဘ
အသစ်လဲပေးမယ်ဆိုတော့ မျက်လုံးတချက်လှန်ကြည့်ရင်း အားကုန်တာကဘာလဲ ဘဘ ဟု အမေး
ထွက်လာပြန်၏။ you said battery is dead, is that right? ဆိုတော့ ဟုတ်တယ်လေဟုပြော၏။
Dead က ဗမာလိုဆို သေတာ။ ဥပမာ He is dead ဆိုရင် သူ သေနေတာကို ပြောတာ၊ လူကိုပြောတာ
သမီးရဲ့။ ပစ္စည်းတွေကျတော့ အဲ့လိုပြောလို့မရဘူး။ သူ့နေရာနဲ့သူပေါ့။ ဥပမာ This
battery doesn’t work ဆိုရင် ဒါ ဓာတ်ခဲအလုပ် မလုပ်တော့တာ၊ ဓာတ်ခဲအားကုန်တာ
ဒါမှမဟုတ် ဓာတ်ခဲမကောင်းတော့တာ အဲ့လို သဘောပဲ။ သမီးက Battery is dead ဆိုတော့
ဓာတ်ခဲသေနေတယ်လို့ အဓိပ္ပါယ်မဟုတ်ဘူး၊ ဓာတ်ခဲကအားကုန်သွားတာဟု တနံတလျားရှင်းရ၏။
ဇနီးကလည်း ဖတ်လက်စ စာမျက်နှာကို လက်ကြားညှပ်ရင်း He has passed away
ကျတော့ရောဟုမေး၏။ အဲ့ဒါကျတော့ သူ ကွယ်လွန်သွားပြီလို့ပြောတာဆိုတော့
သြော်ဟုပြောပြီး ဆက်မမေးတော့။ တော်သေး၏။ နို့မို့ဆို မရင်နှစ်ကို
ဓာတ်ခဲအားကုန်ကိစ္စက ရှင်းလို့မပြတ်သေး။ မြွေပူရာကင်းမမှောင့်သဖြင့်
မယ်မင်းကြီးမကို ကြိတ်ကျေးဇူးတင်ရသေး၏။
မရင်နှစ်ဘက်ပြန်လှည့်ပြီး
ဓာတ်ခဲအားကုန်တယ်ဆိုတာ ဒီလိုသမီးရဲ့ဟုဆိုကာ ဓာတ်ခဲတွင် လျှပ်စစ်ဓာတ်အား
သိုလှောင်ထားကြောင်း၊ ထို သိုလှောင်ထားသည့် လျှပ်စစ်ဓာတ်ကို အား Energy
ဟုခေါ်ကြောင်း။ ထို အားသည် သုံးဖန်များလျှင် တဖြည်းဖြည်းကုန်သွားကြောင်း၊
ပိုက်ဆံကို ထပ်မရှာဘဲ ရှိတာထိုင်သုံးနေရင် တဖြည်းဖြည်းကုန်သွားကြောင်း၊ စာအုပ်ကို
ဖတ်နေရင်း စာမျက်နှာတွေ တဖြည်းဖြည်း ကုန်ကုန်သွားကြောင်း စသည့်ဥပမာတွေကို
အင်္ဂလိပ်လိုရော ဗမာလိုပါ သူနားလည်အောင် စိတ်ရှည်လက်ရှည်ရှင်းတော့
ဓာတ်ခဲအားကုန်ကိစ္စကို သူ ခတ်ရေးရေး သဘောပေါက်သွားဟန်ရှိ၏။ သိတ်တော့ မသေချာလှ။
မသေချာလှက တခြားကြောင့်မဟုတ် သူ့အာရုံက
အောက်ထပ်စက်မှ ကျနော့်အခန်းထဲထိ ဝင်လာနေသည့် သူ့ သူငယ်ချင်းမအသံဆီ ရောက်ရောက်နေ၏။
မျက်နှာတွင်လည်း လောနေဟန် ပေါ်၏။ ဒါနှင့် နောက်မှအေးဆေးထပ်ပြောတော့မယ်ဟု
သဘောပိုက်ကာ ကဲပေး ဘဘကို အဲ့ဒီဓာတ်ခဲ၊ ဟောဟိုစားပွဲအနိမ့်လေးပေါ်မှာ ဓာတ်ခဲအသစ်
တွေရှိတယ် တလုံးယူလိုက်ဟု သူ့ကိုမကြည့်ဘဲ စားပွဲကိုမေးငေါ့ပြပြီး ရေးလက်စကို
စာလုံးနည်းနည်းပြန်စစ်နေ၏။ သူ့ဆီက တော်တော်နှင့် အသံမထွက်။ ကြည့်လိုက်တော့ ကျနော်
ပြတာကတနေရာ သူလိုက်ရှာနေတာက တနေရာဖြစ်နေ၏။ သူ ဓာတ်ခဲ ရှာမတွေ့။ သူနှင့်ကျနော်
တလန်ခွဲလောက်တော့ ဝေးလိမ့်မည်။ တွေ့လားသမီးဆိုတော့ မတွေ့ဘူး ဘဘဟုဖြေ၏။ ဟိုမှာလေ
သမီးရဲ့ဟု လက်နှင့်ထိုးပြတော့လည်း လက်ထိုးပြသည့်နေရာကို သူ့မျက်စေ့ကမရောက်။
ချော်နေ၏။ ကျနော်တောင် ဒီကနေလှမ်းမြင်နေရ၏။ သူက သူ့မျက်စေ့အောက်က ဓာတ်ခဲကို မမြင်။
ကျနော် စိတ် သိတ်မရှည်တော့။ ဒီမှာ သမီး ဒီမှာကြည့် ဘဘလက်ကို တည့်တည့်ကြည့်ဆိုကာ
မျက်လုံးကကွန်ပြုတာ ကြည့်ရင်း မျက်နှာလွှဲကာ ဓာတ်ခဲနေရာကို
လက်နှင့်တည့်တည့်ထိုးပြ၏။
သူ့ဆီက ဘာသံမှ ထွက်မလာ။ ဒါနှင့်
စက်ဆီကမျက်လုံးခွာပြီး သူ့ကြည့်လိုက်တော့ ကျနော့်လက်ကို စူးစူးစိုစိုက်
တည့်တည့်မတ်မတ်ကြည့်နေ၏။ သူ့မျက်လုံးတွင် ဘာမှန်း နားလည်ဟန်မရှိ။ ကျနော့်
မျက်နှာမော့ကြည့်လိုက် ကျနော့်လက် တည့်တည့်ကြည့်လိုက်နှင်ဖြစ်နေ၏။ ဟဲ့..သမီး
ရင်နှစ် ဘာကြည့်နေတာလဲဟု ခတ်ငေါက်ငေါက် ကလေးဆိုတော့ ဘဘ လက်ကိုလေဟုဆို၏။
ဟာ…ငါပြေတာတာ အဲ့ဒါမဟုတ်ဘူး ဒီမှာကြည့် ဒီမှာကြည့်ဆိုပြီး ဓာတ်ခဲနေရာကို ထပ်
ထိုးထိုးပြ၏။ သူကလည်း ကျနော့်လက် လှုပ်သည့်အတိုင်း မျက်လုံးလေးစိုက်ကာစိုက်ကာ
လက်ကို လိုက်လိုက်ကြည့်၏။ ကျနော် သဘောပေါက်သွားပြီ။ လူက ရယ်လည်း ရယ်ချင်လာသည်။
စိတ်ထဲလည်း သူ့ကို သနားလည်းသနား ချစ်လည်း ပိုချစ်မိသွား၏။ အဲ့ဒါပြောတာ မဟုတ်ဘူး
သမီးရဲ့။ လက်ကို တည့်တည့်ကြည့်ဆိုတာ ဘဘ လက်ညှိုးထိုးပြတဲ့နေရာကို
တည့်တည့်လိုက်ပြီးကြည့်လို့ပြောတာဟု ပြောလည်းပြော ကိုယ်တိုင်လည်း ထယူပေးလိုက်တော့
သူက မသိဘူးလေ ဘဘက လက်ကို တည့်တည့်ကြည့်ဆိုတော့ သမီးလည်း တည့်တည့်ကြည့်တာပေါ့ဟု
ပြောရင်း ရှက်စနိုးလေးမျက်နှာလေးနှင့် ခိုးခိုးခစ်ခစ်ရယ်၏။ ကျနော်လည်း ရယ်၏။
ဇနီးလည်းရယ်၏။ တိတ်ဆိတ်သည့် အခန်းကား ရယ်သံတို့ပြည့်သွား၏။ မျိုးမြင့်ချို
ဖေဖော်ဝါရီ၊ ၁၂၊ ၂ဝ၁၉
0 comments:
Post a Comment