Tuesday, February 19, 2019

(ကျနော့် အနန္တော အနန္တ)

0 comments
(ကျနော့် အနန္တော အနန္တ)
ကျနော့်အလိုလည်းမပါ။ ကျနော့်တောင်းဆိုမှုလည်းမပါ။ ကျနော်ကိုယ်တိုင်လည်း ဘုမသိဘမသိနှင့် လောကထဲရောက်အောင် အသက်ဇီဝ ဖြစ်လာအောင် လူဖြစ်လာအောင် အလုပ်ခံရခြင်း၌ ကျနော်က မည်သူ့ကို အထူးတလည်ကျေးဇူးတင်စရာလိုပါမည်နည်း။

ကျနော့်အား အသက်ဖြစ်အောင် (လူဖြစ်အောင်)လုပ်ကြပြီးနောက် ကျနော့်အသက်(ကျနော့်ဘဝ)အား မသေအောင်မွေးမြူစောင့်ရှောက်ခြင်း အတွက်လည်း ဘယ်သူက ကျနော့်အပေါ် မည်သည့်ကျေးဇူးရှိပါသနည်း။

သန္ဓေသားအဖြစ်က သို့မဟုတ် အမိဝမ်းမှကျွတ်စက သို့မဟုတ လူမှန်းသိတတ်စရွယ်မရောက်မီက အမိအဖတို့ ကျနော်အသက်(ကျနော့်ဘဝ)အား မစောင့်ရှောက်ရုံမက သတ်ပစ်လိုက်လျှင်လည်း ကျနော့်အတွက် ဘာထူးခြားမှုရှိပါသလဲ။ ကျနော့်သေခြင်းကို ကျနော့်ဘာသာ သိနိုင်မည့်အခြေအနေ မဟုတ်ပါ။ ထိုသို့ သတ်ပလိုက်လျှင် သို့မဟုတ် အမှိုက်ပုံသွား စွန့်ပစ်လိုက်လျှင် အမိအဖတို့အား ဝန်းကျင်က ကဲ့ရဲ့ကြ အမနာပပြောကြ မကောင်းသမုတ်ကြမှာတော့ သေချာပါသည်။။

အနိမ့်ဆုံးအဆင့် ကိုယ့်ဘာသာ ထမင်းရှာမစားနိုင်သေးသည့်ကျနော့်အား နို့ဝဝမတိုက်လျှင် ထမင်းဝဝမကျွေးလျှင် သူတို့ဝတ္တရား မကြေပွန်ရာရောက်မည် မဟုတ်ပါလား။ ထိုသို့ ယိုးကြမည်မှာလည်း သေချာ၏။

ကျနော်တောင်းဆို၍ ကျနော့်အလိုပါ၍ သူတို့က ကျနော့်အားလူဖြစ်အောင် ဘဝဖြစ်အောင် အသက်ဓာတ်ဖြစ်လာအောင်လုပ်ပေးရသဖြင့်ဆိုလျှင် ဟုတ်ပါသည်။ မိဘတို့ကျေးဇူး ကျနော့်အပေါ်တွင် အထူးပင်ရှိပါသည်။ ကျနော် ကျေးဇူးတင်ရပါမည်။ အမိအဖတို့ ကျနော့်အား မွေးမြူ စောင့်ရှောက်ကြခြင်း၌ (တချိန်ချိန်ကြ ငါတို့အိုမင်းလာသည့်အခါ) မျှော်လင့်ချက်တစုံတရာဖြင့် ပြုမူခဲ့ကြခြင်းမဟုတ်ပါဟု ခင်ဗျား အာမခံဝံ့ ပါသလား။

ကျနော့် အလိုမပါ တောင်းဆိုမှုမပါ ဘုမသိဘမသိနှင့် လူလာဖြစ်ရပြီးနောက်ပိုင်း ကျနော့်ဘာသာရှာသဖြင့် ရခဲ့သည့်ဒုက္ခတွေအတွက်လည်း ရှေ့ဘဝတို့နောက်ဘဝတို့ ဘုရားသခင်တို့ မိဘတို့အပါအဝင် ဘာကိုမှအပြစ်မတင်ပါ။ ထို့အတူ ကျနော့်အလိုမပါ ကျနော့်တောင်းဆိုမှုမပါ သူတို့ဘာသာ စိတ်အလိုသာယာသဖြင့် ရခဲ့သည့် ကျနော့်ဘဝ(အသက်)အတွက်လည်း ဘယ်သူ့ကိုမှ ဦးတင်စရာမရှိပါ။

ကျနော်လူဖြစ်လာပြီးနောက် ကျနော်ရှာ၍ခံရသည့်ဒုက္ခတွေအတွက် သူတို့တွင်တာဝန်မရှိပါ။ ရှိစရာလည်းမလိုပါ။ ရှိလည်းမရှိပါ။ သို့သော် ကျနော်ရှာခဲ့သည့်ဒုက္ခတို့အား ကျနော့်နည်းတူခါးစည်းခံပေး အတူရင်ဆိုင်ပေးသည့်အတွက် အထူးကျေးဇူးတင်ရုံကမ အခွင့်သင့်လျှင် အသက်ပေး၍ပင် ပြန်ပေးဆပ်ပါမည်။ ခုလည်း မိခင်ကို တတ်နိုင်သည့်ဘက်မှ စောင့်ရှောက်နေပါသည်။

သူတို့တွင်မရှိသည့်တာဝန်ကို ကျနော်လူဖြစ်လာတာ အမေတို့ကြောင့် ဒါ့ကြောင့် အမေတို့မှာ တာဝန်ရှိပါသည်ဟုတွေးမိလျှင်ပင် ကျနော့်လောက် မိုက်မဲထုံအသူ ရှိတော့မည်မထင်ပါ။ ထို့ကြောင့် မိမိဒုက္ခတွေအတွက် အမိအဖတို့တွင် တာဝန်မရှိပါ။ ရှိသည်ဟု ဇွတ်အတင်းပြောသူတို့၏စကားကို နားထောင်ကြည့်ရာတွင် ဝဋ်တို့ကံတို့ဘုရားသခင်တို့နှင့် ဂိတ်ဆုံးသည်သာဖြစ်ပါသည်။

ကျနော့်မွေးဖွားခြင်းနှင့်ရှင်သန်ခြင်းတို့၌ အမိအဖတို့တွင်တာဝန်မရှိသလို ကျနော်သေဆုံးခြင်းအတွက် တာဝန်မရှိပါ။ ကျနော် သေလိုလျှင် အချိန်မရွေးသတ်သေလို့ရပါသည်။ သေကြောင်းလည်း လက်တွေ့ ၂ ကြိမ်တိုင်တိုင်ကြံစည်အားထုတ်ခဲ့ပါသည်။ အထမြောက်သော်လည်း မသေသဖြင့် ယခုရှင်နေပါသည်။

ကျနော်သည် လူ့ဘဝကိုလည်း ဒုက္ခဟုမမြင်ပါ။ ထို့ကြောင့် ဤဒုက္ခဘုံမှလွတ်မြောက်ရာ ဝိမုတ္တိအရာကိုလည်း တောင့်တနေဖို့မလိုပါ။ နတ်ပြည် ဗြဟ္မာ့ပြည်တို့ဆို ပို၍ပင်ဝေလာဝေးပါသည်။ ထို့ကြောင့် ထိုနေရာဌာနတို့ ဘုံကောင်းဘုံမြတ်တို့ ဒုက္ခမှ လွတ်ရာကျွတ်ရာတို့ရောက်ရာကို ရနိုင်စရာဖြစ်သည်ဆိုသော လူ့ဘဝတည်းဟူသည့်လမ်းခွတ်လပ်ဖြစ်သည်ဆိုသော၊ မနုသတ္တဘာဝေဒုလ္လဘောဟုဆိုအပ်ကြကုန်သော လူအဖြစ်ရပင်ရငြား ရောက်ပင်ရောက်ငြားလည်း ထိုလူအဖြစ်မှ ဆင့်ထက်ကဲမြင့်ရာမြတ်ရာတို့အား ယုံကြည်မျှော်မှန်းတမ်းတခြင်းလည်းမရှိသဖြင့် လူဖြစ်ရခြင်းအတွက် ကိုယ့်ဘာသာကိုယ်လည်း ဝမ်းမနည်းဝမ်းမသာမိပါ။ အရတော်စွဟုလည်း မမှတ်ယူမိပါ။

ကျနော် ကလေးရလျင် ကျနော့်ကလေးကို ကျနော် ချစ်ပါမည်။ ပြုစုစောင့်ရှောက်ပါမည်။ မနာမကျင်အောင် မဆာမလောင် မမွတ်မသိပ်စေရန် ဂရုစိုက်ပါမည်။ ယုယပါမည်။ အစွမ်းရှိသမဆ လုပ်ကိုင်ရှာဖွေကျွေးမွေးပါမည်။ သို့သော် ကျနော် ဘယ်သောအခါမှ သူ့ကျေးဇူးရှင်အဖြစ်မခံပါ။ ငါးပါးဂုဏလည်း အဝင်မခံနိုင်ပါ။ ကျနော် အလွန် ရှက်ပါလိမ့်မည်။ မျက်နှာလည်း ပူပါမည်။

ခုလည်း ကျနော့်ကြက်လေးတွေ ခွေးလေးတွေ ငါးလေးတွေကို ကျနော်ချစ်ပါသည်။ တခါတရံအိမ်ဘက် ရောက်ရောက်လာတတ်သည့် သမင်များကိုလည်းကောင်း၊ နေ့စဉ် ကျနော်စိုက်ပျိုးထားသည့် အသီးအနှံများကို လာစားသောက်ရုံမက ကိုက်ဖဲ့ဆိတ်ဆွသွားကြသည့် တောယုန်မိသားစုများကိုလည်းကောင်း၊ တခါသား ကျနော့်အား မသေအောင်ပေါက်မိခဲ့သော မြွေကိုလည်းကောင်း၊ ကျနော့် ကြက်ပေါက်စလေး ၂ ကောင် ၃ ကောင်လောက်အား သုတ်ချီစားသောက်သွားသော အမေရိကန်လင်းယုန်နှင့် သိမ်းငှက်များကိုလည်းကောင်း၊ အိမ်တံစက်မြိတ်တွင် အသိုက်ဆောက် ကလေးပေါက်ကြသော စာကလေးလိုလို ဘာလိုလို ငှက်ကလေးများကိုလည်းကောင်း၊ ဘဝတူ ဗမာပြည်သား ဒုက္ခသည်များကိုလည်းကောင်း ကျနော် တတန်းတည်းထားပြီး ချစ်ပါသည်။ နိုင်သည့်ဘက်မှ ကူညီပါသည်။

ကျနော့်ကိုယ်ကျနော်လည်း ချစ်ပါသည်။ ကျနော့်ဇနီးကိုလည်း ကျနော်ချစ်ပါသည်။ အမေ့ကို၊ ညီအကိုမောင်နှမတွေကို၊ ဆွေမျိုး မိတ်သင်္ဂဟတွေကိုလည်း ချစ်ပါသည်။ မိတ်ဆွေမှန်သမျှကိုလည်း ချစ်ပါသည်။ သဘာဝတရားကြီးကိုလည်း ချစ်ပါသည်။

အနန္တောအနန္တဆိုသည်မှာ မက်လုံးမပါလျှင် အနက်မထင်ပါ။ ထို့အတူ တာဝန်ယူမှုမပါလျှင် ပြောရ အလွန်လွယ်ပါသည်။ ထို့ကြောင့် အနန္တောအနန္တနှင့်ပြစားကြသူများ လုပ်စားကြသူများ ကောင်းစားကြပါသည်။ ကြီးပွားကြပါသည်။ ကျနော်ကား ဆင်းရဲပါသည်။
(နည်းနည်းဖြည့်စွက်ပြီး ပြန်တင်တာပါခင်ဗျား)
မျိုးမြင့်ချို(ဖေဖော်ဝရီ ၁၉၊ ၂ဝ၁၇

0 comments:

Post a Comment