Saturday, February 9, 2019

(လမ်းလာဆို့ရင် တွန်းထိုးပါ) မျိုးမြင့်ချို

0 comments

(လမ်းလာဆို့ရင် တွန်းထိုးပါ)
ပြင်လို့ရတာမရတာ ခနထား ကိုယ့်ဘက်က တကယ်ပြင်မယ့်ဆန္ဒနဲ့ဆို တွန်းတွန်းထိုးထိုး လုပ်တန်လုပ်ပစ်ရမှာပဲလို့မြင်ပါတယ်။

လက်တလုံးခြားတွေမခြားတွေကတော့ လွှတ်တော်ထဲအမတ်လုပ်ပြီး စကားပြောမဖွယ်ရာတာကို ဦးတီအောင်ခမ်းက ဟန့်ထားပြီးပြီပဲ။ တိုင်းပြည်ဂျောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုပြီး တကယ်တမ်း လက်တလုံးခြားလုပ်တာက ဗမာစစ်အုပ်စုအဆက်ဆက်မှန်း တိုင်းသိပြည်သိကမ္ဘာသိမို့ အရာလုပ်ပြောဖို့တောင်မလိုဘူးထင်ပါတယ်။

ကိုယ်လည်း လွှတ်တော်ထဲကနေဆိုတော့ ပေးထားတဲ့ဥပဒေဂွင် လိုက်နာမယ်ပြောထားတဲ့ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်မယ်ဆိုပေမယ့် ဥပဒေတိုင်းမှာ ဟာကွက်ယိုပေါက် အားနည်းချက်တော့ရှိကြစမြဲပဲမဟုတ်လား။ ဒါကို အခု ကိုင်သုံးသွားတယ်လို့မြင်ပါတယ်။ ကောင်းပါတယ် လုပ်ပါ။ အားလည်း ပေးပါတယ်။

လစ်ဘရယ်ဒီမိုကရေစီစံကို လက်နက်ကိုင်ဖို့ဝေးစွ "လမ်းပေါ်မထွက်တဲ့နိုင်ငံရေး"ဆိုပြီး တလွဲအဓိပ္ပါယ်ဖွင့်ထားတဲ့ပြည် ဖြစ်နေတော့ ကိုယ့်အနက်ကပေးထားတဲ့ အကန့်အသတ်ဘောင်ထဲကနေပဲ သွားရတော့မှာမဟုတ်လား။ တခြားအလှည့်အပြောင်းနည်းနာနဲ့ အရံရွေးလမ်းမှ ရှိတာမှ မဟုတ်တာမှတ်လား။ ကိုယ့်လမ်းထဲကိုယ် လျှောက်ပါ။ လမ်းပိတ်ထားရင် ဆို့လာရင် တွန်းတန်တွန်း တိုက်တန်တိုက်ချခဲ့ပါ။

မဲမြှူဖို့လောက် စိတ်ကောက်ခြေဆောင့်ပြတာလောက်ဆိုရင်တော့ တမျိုးပေါ့။ တွန်းတွန်းထိုးထိုးလုပ်တဲ့အခါ တိုးမိတိုက်မိတာတွေလည်းရှိမှာ ဓမ္မတာပါပဲ။ သူတို့ကတော့ အဆင့်တိုင်း ကန့်လန့်တိုက်နေမှာပါပဲ။ ဒါ စကားလုပ်ပြောနေဖို့မဟုတ်ပါဘူး။ ကစိကပတ်တွေပြော ထေ့သလိုငေါ့သလို ကလိသလိုရိသလိုတွေပြောတော့ ပို အလုပ်မတွင်ဘူးပေါ့။ သူတို့ဘက်က မခံချိမခံသာဖြစ်မဖြစ်တော့တော့ မပြောတတ်ဘူး။ ကိုယ့်ဘက်ကလူတွေကပါ ဒီလူတွေ့နှယ် မိန်းမလိုမိန်းမရပြောတတ်ရန်ကောဆိုပြီး နှာခေါင်းရှူံ့တာပေါ့။

လုပ်ရမယ်ဟာ လုပ်စရာရှိတာကိုလုပ်ပါ။ ရဲရဲတင်းတင်းလုပ်ပါ။ ထွေအုပ် အုပ်ချုပ်ရေးနေရာမှာ ကော်မတီနဲ့အုပ်ချုပ်ဖို့ပြင်တာတို့ ပြည်နယ်/တိုင်းဒေသကြီးတွေမှာ အများစုအနိုင်ရပါတီ ဝန်ချုပ်တင်ဆိုတာတွေတော့ ဖြစ်သွားလောက်မယ်ထင်ပါတယ်။ ဒါတောင် သိတ်မသေချာဘူး။ မသေချာဘူးလို့ပြောရတာက ၇၅ ရာခိုင်နှုန်းဘယ်လိုရမလဲဆိုတာပဲ။ အခုပြောတဲ့ ပြင်ဖို့ဖြစ်နိုင်ခြေရှိတာတွေက သူတို့ စစ်ဓနနဲ့စစ်အာဏာကို အလုံးအရပ်လျော့စေတဲ့ကိစ္စတွေမှမဟုတ်တာကိုး။ မဟုတ်တဲ့အပြင်မှာမှ ဗဟိုအစိုးရရဲ့ပါဝါနဲ့ ချုပ်ကိုင်မှုအစည်းဖြည်မယ့်ကိစ္စမို့ သူတို့ဘက်က ပိုတောင်လိုလိုလားလားဖြစ်စရာရှိတယ်လို့မြင်ပါတယ်။

သူတို့လူချည်း(သိန်းစိန်ခေတ်ကလို)စီးထားတာဆိုရင်တော့ အဲ့ဒါလေးတွေတောင် အပြင်မခံလောက်ဘူးလို့ယုံပါတယ်။ ခုက အင်န်အယ်လ်ဒီက လွှတ်တော်တွေကို စီးထားချိန်၊ ဗဟိုအစိုးရကို ပိုးထားချိန်မို့လို့ တပြည်လုံးအတိုင်းအတာနဲ့ အုပ်ချုပ်ရေးယန္တရားအပေါ် အင်န်အယ်လ်ဒီရဲ့ထိန်းချုပ်ထားနိုင်မှုကို လျှော့ချပစ်ချင်နေချိန်ဖြစ်နေတယ်။ ဗမာမဟုတ်တဲ့ အခြားလူမျိုးစုတွေဘက်ကလည်း ဒါကို မျှော်လင့်လိုလားနေကြတယ်။ ဒီလောက်ဖြစ်အောင်လေးတောင် မနည်း ဒေါင်းတိမောင်းတိလုပ်ရမှာပါ။

ဖြစ်သွားတယ်ဆို ဖက်ဒရယ်လ်အခြေခံတဲ့ပုံစံအစစ်အထိ တိုက်ရိုက်ခရီးမပေါက်သေးတောင် လမ်းခွတ်လပ်မှာ တထောက်နား အပန်းဖြေရာခြေကုပ်လေးတော့ တည်မိမှာပဲ။ တခုပဲ အင်န်အယ်လ်ဒီလိုလို အမေ့သားလိုလိုအမည်ခံပြီး ကလာင်လေးတချောင်းနဲ့ စစ်အုပ်စုကို ကစိကပတ်ပြောနေတာတွေ ခနဲ့နေတာတွေ စကားနာထိုးနေတာတွေတော့ ထိန်းကြရင်ကောင်းမယ်။ ဒါတွေကြောင့် လုပ်နေသူတွေမှာ အလုပ်မတွင်ဖြစ်မယ့်အရေးလည်း ငဲ့ရမယ်ထင်တယ်။

မေမေကိုယ်တိုင်တောင် ခု စောင်းလားမြောင်းလားတွေ သိတ်မလုပ်ပဲ နှုတ်ထိန်းနေတာသတိထားမိတယ်။ နိုင်ငံရေးဆန်ပြီး တည်တည်တန့်တန့် ခန့်ခန့်ထည်ထည်နဲ့ ခုထက်ပို တာဝန်ယူမှုရှိရှိနဲ့ ပြောနေလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ဒီနေရာမှာ ပြောနေတာအလုပ်မဖြစ်ဘူးလို့ မတွေးစေချင်ပါ။ နိုင်ငံရေးဆိုတာ စကားပြောရတာပါ။ ပြောနေရတာကိုက အလုပ်ပါ။

စစ်တိုက်ရင်းတောင် ရန်သူနဲ့စကားပြောတန်ပြောရတယ်မဟုတ်လားခင်ဗျာ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၉ ၊ ၂ဝ၁၉

0 comments:

Post a Comment