Tuesday, February 5, 2019

သမက် သူခိုးထင်(ဇဝန)

0 comments
သမက် သူခိုးထင်(ဇဝန)
လရောင်ကလည်း တ၀င်း ၀င်း၊ လေပြည်ကလည်း တညင်းညင်း၊ ပန်းရနံ့ကလည်း တသင်းသင်း ရှိသောအချိန်ဝယ် ခပ်ပြင်းပြင်းမှုတ်ရသောပလွေသံသည် တတီတီတတာတာနှင့် ရွာလယ်လမ်းမကြီးပေါ်မှ ထွက်ပေါ်လာလေ၏။ ပလွေမှုတ်သူမောင်ချိတ်သည်ကား မိမိတို့ရွာတွင် အသစ်အဆန်းဆုံးဖြစ်သော ဦးကလိမ်သီချင်းကို မှုတ်ရသည်မှာလျှာ၌ တစ်မျိုးထင် အရသာရှိသကဲ့သို့ အောက်မေ့မိလေ၏။ မောင်ချိတ်သည် ထိုသီချင်းကိုမိမိတို့ရွာတွင် ပထမဦးဆုံးရရှိသူဖြစ်သဖြင့် နာမည်အတော်ပင်ကြီးလေ၏။

တစ်ရွာလုံးအိပ်လျက်ရှိသောအချိန်မှာ မောင်ချိတ်သည် အဘယ်ကြောင့်တစ်ယောက်တည်း ပလွေတိုကို မှုတ်သွားပါသနည်းဟု တွေးတောဖွယ်ရာရှိသော်လည်း အကြောင်းကိုရိပ်မိသူများကား သူ၏ရည်ရွယ်ချက်သည် တစ်ဖက်သောပွင့်ဖြူရွာရှိ အမိဒေါ်အုပ်၊ အဖကိုတလုပ်တို့၏သမီး စိန်တုတ်ကို လူပျိုလှည့်ရန်သွားသည်ဟု အလွယ်တကူ ရိပ်မိကြပေလိမ့်မည်။

မောင်ချိတ်အား ညတိုင်း နှုတ်ဆက်လေ့ရှိသော ကျားဗိုလ်သည် ရွာသူကြီးဦးကြွက်နီ၏ တဲကုပ်အောက်မှ တ၀ုတ်ဝုတ်ဟောင်ကာ နှုတ်ဆက်ရင်းထွက်၍လာလေရာ မောင်ချိတ်က‘‘ဟဲ့...ကျားဗိုလ်၊ ငါပါဟ’’ ဟု ပြန်၍နှုတ်ဆက်လိုက်မှ။
ကျားဗိုလ်သည် ထုံးစံအတိုင်း ညတိုင်းကဲ့သို့ ကပြင်အောက်သို့ပြန်၍ ၀င်သွားလေ၏။ ကျားဗိုလ်သည် မောင်ချိတ်၏ပလွေသံကို နားကြားပြင်းကတ်သဖြင့် ထွက်၍ဟောင်သည်ကိုမရိပ်မိဘဲ မောင်ချိတ်သည် မှုတ်မြဲ ဆက်၍ပလွေမှုတ်ကာ ရွာပြင်သို့ရောက်သွားလေ၏။ ကျားဗိုလ်သည် ယခုမှ နားအေးပါပေါ့ဟုနှလုံးပြုကာ ဂုန်နီအိတ်ခင်းသည့် ပထ၀ီဆိုဖာပေါ်တွင် အိပ်ပျော်ရှာလေ၏။

မောင်ချိတ်သည် ပွင့်ဖြူရွာထိပ်သို့ရောက်သောအခါ ပလွေကိုခါးကြားသို့ ထိုးထည့်လိုက်ပြီး တိတ်ဆိတ်စွာ ၀င်သွားလေ၏။

စိန်တုတ်သည် ရွာထိပ်မှမှုတ်လိုက်သောပလွေသံကို ကြားသဖြင့် နားစွင့်၍ထောင်နေလေ ရာပလွေသံရပ်စဲသွားသောအခါ မောင်ချိတ်ရွာထဲသို့ဝင်လာပြီကိုသိသဖြင့် အိပ်ရာမှ အသာထ၍ ခလောက်ဆွဲတံခါးကို အသံမကြားရအောင် ဖွင့်ဖြုတ်ပြီး နောက်ဖေးသို့ ခပ်ဖြည်းဖြည်းထွက်ခဲ့လေ၏။

ခြံထဲသို့ရောက်သောအခါ တမာပင်အောက်၌ လူတစ်ယောက်ရပ်နေသည်ကို တွေ့ရလေ၏။ သင်းဟာ သူခိုးလား၊ လူ ဆိုးလား...နို့မဟုတ်ရင်လည်း စိန်တုတ်ကို ခိုးပြေးမယ်လို့ကြံနေတဲ့ လူလား၊ ငါနဲ့အကြံတူတဲ့ရန်သူပဲ လား...စသောတွေးတောခြင်းသည် မောင်ချိတ်၏ဦးနှောက်ထဲသို့ ဒလဟောဝင်၍လာသဖြင့် မောင်ချိတ်သည် အနီးရှိဘူးစင်အောက်သို့ ၀င်ရောက်ခိုအောင်းကာ ချောင်းမြောင်းကြည့်နေလေ၏။ ငါ အသံပေးလိုက်ရလျှင် ကောင်းမလား၊ အသံပေးမိလို့ သင်းတို့ထွက်ပြေးပြီး ငါတစ်ယောက်တည်းတွေ့နေရင်လည်း ဒုက္ခပဲဟုဆင်ခြင်ကာ ငြိမ်သက် စွာပင်နေလေ၏။

မကြာမီသစ်ပင်ပေါ်မှ ကော့ ...ကော့...ကော့...ဖလပ်..ဖလပ် ....ဗြတ်..ဗြတ်...ကီးကီး...ဂိဟူ သောအသံကိုကြားရပြီး အောက်၌နေသောသူက ရွှီခနဲလေချွန်လိုက်၍ ပုဆိုးစကိုမ,ပြီး ခါးပိုက် ထောင်လုပ်လိုက်ရာ သစ်ပင်ပေါ်မှ တစ်စုံတစ်ခုပစ်ချသည်ကို မြင်ရပြီး အောက်ကလူထွက်ပြေးသည်ကို တွေ့ရလေ၏။ စိန်တုတ်သည် ထိုအခြင်းအရာကိုမြင်ရသဖြင့်....
‘‘ကြက်သူခိုးပါရှင့်...ကြက်သူခိုး’’ ဟုအော်လေရာ တမာပင်ပေါ်ကလူသည် စွေ့ခနဲခုန်ချပြီး ထွက်ပြေးလေ၏။ မောင်ချိတ်မှာ အံ့အားသင့်လျက် ငေးမောကာကျန်ရစ်လေ၏။

ဦးတလုပ်သည် အိပ်ရာမှလူးလဲထပြီး နံဘေး၌ထားသောဓားရှည်ကိုဆွဲ၍ ထွက်လာပြီးမှ မိမိမှာ လုံချည်မပါလာသည်ကိုသိရသဖြင့် အိပ်ရာပေါ်၌ ကျွတ်ကျန်ရစ်ခဲ့သောလုံကွင်းကိုယူ၍ ၀တ်ကာ မယားမအုပ်အားနှိုး၍ မီးခွက်ထွန်းခိုင်းပြီး အိမ်နောက်ဖေးသို့ ထွက်၍လာလေ၏။
‘‘ဟဲ့...စိန်တုတ် ဘယ်မလဲဟ ကြက်သူခိုး’’
‘‘အကောင်တစ်ကောင်တော့ ထွက်ပြေးတာ မြင်လိုက်တယ်’’
‘‘သင်း... အဖော်တော့ကျန် ရစ်ခဲ့မှာပဲ၊ ခွေးမသားတွေမိရင်တော့ အသေပဲ။ တစ်နေ့ကလည်း မွေးလိမ်မ တစ်ကောင်ပါသွားပြီ’’ဟုဆိုကာ ဟိုဟိုဒီဒီလိုက်၍ရှာလေရာ ဘူးစင်အောက်၌ပု၍ နေသောငချိတ်ကို တွေ့ရသဖြင့် ဓားရှည်ကိုမြှောက်ရွယ်ကာ‘‘မအေပေး... ထွက်ခဲ့စမ်း’’ဟုဆိုကာ ခုတ်မည်ပြုရာ စိန်တုတ်က
‘‘အဖေ.. လက်လွန်နေဦးမယ်’’ ဟုဆိုပြီး ဦးတလုပ်၏လက်ကို ဆွဲထားလေ၏။ စိန်တုတ်က ဆွဲလေလေ ဦးတလုပ်ကကဲလေလေဖြစ်လာလေ၏။

မောင်ချိတ်သည် ကြောက်ကြောက်ရွံ့ရွံ့နှင့်ဘူးစင်အောက်ကထွက်လာလေ၏။
‘‘ဟဲ့...ခွေးမျိုး ဘယ်မလဲ ငါ့ ကြက်’’
‘‘ကျွန်တော် ကြက်သူခိုးမဟုတ်ပါဘူး၊ ခိုးတဲ့လူပြေးပြီ’’
‘‘မင်းက ငါ့ကိုဘာမှတ်လို့ လိမ်နေတာလဲ။ မင်းမခိုးဘယ်သူ ခိုးမလဲ၊ ဟေ့...မအုပ် မီးခွက်နဲ့ မျက်နှာကို အသေအချာထိုးကြည့်စမ်း’’
မအုပ်သည် မီးခွက်ကိုရှေ့သို့ထိုး၍ ပြရာ စိန်တုတ်မှာ အံ့အားသင့်၍ သွားလေ၏။ ဦးတလုပ်မှာလည်း စိတ်တစ်မျိုးဖြစ်၍ သွားလေ၏။
‘‘ဟေ့... မင်း ညောင်ပင်သာက ကိုဘိုးလူရဲ့သားမဟုတ်လား’’ မောင်ချိတ်သည် ခေါင်းကိုညိတ်ပြီး ငုံ့လျက်နေလေ၏။
စိန်တုတ်သည် မောင်ချိတ်ကိုကြည့်ပြီး...‘‘ကိုချိတ် ရှင့်ကို အစက ကျွန်မလူကောင်းမှတ်လို့ ကြိုက်မိတယ်။ အခုကထဘီတောင်မရှောင် ခိုးမယ့်သူခိုးပဲ’’ဟု ဆိုလိုက်ချင်သော်လည်း မျိုသိပ်၍ထားရလေ၏။
‘‘မင်း ကြက်ကလေးတစ်ကောင်ခိုးဖို့ဟာ တစ်ရွာကတောင်လာရသလား။ လိုချင်ရင် ပြောပြီးတောင်းပါလား။ ကိုဘိုးလူနဲ့တွေ့မှ မင်းအကြောင်းပြောရဦးမယ်’’ဟုဆိုပြီး မောင်ချိတ်ကို စေ့စပ်စွာကြည့်ရင်း
‘‘မင်းခါးကြားက ပလွေတိုဟာ ဘာလုပ်ဖို့လဲ။ ကြက်ခိုးတာ ပလွေနဲ့ခိုးရသလား’’ ဟု ပြောလေ၏။
‘‘ကျွန်တော်ကြက်ခိုးဖို့ လာတာမဟုတ်ပါဘူး’’
‘‘နို့....ဘာလုပ်ဖို့ဒီခြံထဲ ရောက်လာတာလဲ’’
‘‘ငှက်မသိတော့ ဆက်ရက်ချိုးထင်ဆိုတာလို...’’
‘‘နေပါဦး ကြက်ခိုးတာ ဆက်ရက်ထင်လို့လေး၊ ချိုးထင်လို့လေးနဲ့ ငါ့ကိုညာဦးမလို့လား။ သွား...သွား လျှာရှည်မနေနဲ့။ မြန်မြန်သွားကြတော့ ငါလုပ်လိုက်မိလိမ့်မယ်’’မောင်ချိတ်သည် စိန်တုတ်ကိုမျှ လှည့်မကြည်ဝံ့ဘဲ ထွက်သွားလေ၏။ တစ်အောင့်လောက်ကြာသောအခါ ဦးတလုပ်ထံ ကြက်သူခိုးသတင်းစကားကြားနာရအောင် အိမ်နီးချင်းမောင်ရွှေဖားက မေးလေရာ ဦးတလုပ်က
‘‘အို...ဒီကောင်နောက် မလာရပါဘူး။ ကျုပ် ပါးသွယ်နားသွယ် ခပ်နာနာနှက်လိုက်တာ ပါးစပ်က သွေးအန်ထွက်တာပဲ’’ ဟု အကြီးအကျယ်လုပ်၍ပြောလေ၏။ ရွှေဖားလည်း ‘‘ဒါမှ မှတ်မယ်’’ဟု ဆို၍ပြန်သွားလေ၏။

စိန်တုတ်သည် ငါ့အားအမှန်ပင် အထင်လွဲမှာပဲ၊ ငါ့အပေါ်မှာ မေတ္တာပျက်လေရော့မလား၊ ဒီလို အထင်မှားတာ မပျောက်သေးသမျှ ငါ၏မျက်နှာကို မပြ၀ံ့ပါကလား...ဟု မောင်ချိတ်သည် တအုံ နွေးနွေးတွေးတောကာ စိတ်ထဲ၌မကျေမနပ်ဘဲရှိလေ၏။ ငါ့အပေါ် ၌ စိန်တုတ်အထင်မှားသည်ကို ဘယ်လိုပျောက်အောင်လုပ်ရပါ့မလဲဟု တွေးတောခြင်းဖြင့် အကြံထုတ်လေရာ အခြားလမ်းမမြင်။ ကြက်သူခိုးကိုသာ လက်ပူးလက်ကြပ်ဖမ်းပေးနိုင်မှသာ အေးမှာပဲဟု နှလုံးပြု၍ညတိုင်းစိန်တုတ်၏ အိမ်နောက်ဖေးသို့လာ၍ သူခိုးစောင့်ရလေ၏။ ပထမည၌ သူခိုးကိုမတွေ့ရသဖြင့် ပြန်ခဲ့ရ၏။ ဒု တိယည၌ သူခိုးမလာ၍ ဆန်ပြုတ် ဖြစ်ခဲ့၏။ သို့ရာတွင် မောင်ချိတ်သည် စိတ်မလျှော့ဘဲ စောင့်မြဲစောင့်လေရာ တတိယမ္ပိသုံးကြိမ်မြောက်သောညသို့ရောက်လေ၏။

မောင်ချိတ်သည် ညနေခပ်စောစောကပင်ရောက်ရှိလျက် စံပယ်ချုံအောက်သို့ဝင်ကာ ယုန်ငယ်ကို ကျားချောင်းသလိုစောင့် စားချောင်းမြောင်းလျက်ရှိလေ၏။ တကယ်လို့တစ်ယောက်ယောက် နောက်ဖေးထွက်လာလို့ ပက်ပင်းငါနဲ့တွေ့ရင်ဖြင့် ဘုန်းကြီးနှစ်ခါရှက်ဆိုသလို ဖြစ်နေဦးမှာလားဟု တွေးတောကြောက်ရွံ့မိသော်လည်း မိမိပုန်းအောင်းနေရာမှာ လုံခြုံသဖြင့် စိတ်ကိုသက်သာစေ၏
ကြောက်စရာ ခြင်ကောင်များသည် နား၌ကပ်ဝဲလျက် ထက်စွာသောအစွယ်နှစ်ချောင်းဖြင့် မောင်းမဲကာ တ၀ီဝီလုပ်၍ လည်ကုပ်ထိုးကြလေ၏။ မောင်ချိတ်မှာ မခံချိသော်လည်း ပိပြားစွာငြိမ်၍နေရလေ၏။ ယင်းသို့ မှက်၊ ခြင်ထိုးခံရသည့်အထဲတွင် နေ့လယ်က ကိုသာကြွယ်သား ရှင်ပြုအလှူတွင် ရှာလပတ်ရည် ဗိုက်ပြဲအောင်သောက်ခဲ့သဖြင့် ချောင်းဆိုးချင်၍လာလေရာ အသံထွက်မည်စိုး၍ ပါးစပ်ကိုပိတ်လေရာ ချောင်ထဲ၌ တခွီးခွီးနေလေ၏။

မကြာမီ ကြက်သူခိုးနှစ်ယောက်သည် တမာပင်အောက်သို့ ချွတ်မနင်းဘဲရောက်လာလေ ၏။ မောင်ချိတ်မှာ ချောင်းသံတခွီးခွီးနှင့်နေလေ၏။
‘‘ဟေ့... သရဲခြောက်တယ် ထင်တယ်ကွ။ ဣတိပိသော... အရဟံ အရဟံ’’
‘‘သရဲမဟုတ်ပါဘူးကွ။ ခါတိုင်းမှ မခြောက်ဘဲ’’
‘‘ခွီး...ခွီး...အဟူး အဟူး... ခွီး...’’
‘‘ငါတော့ ကြက်သီးထလာပြီ ကွာ။ ပြန်ကြစို့’’
‘‘မင်းဘာသာပြန်ပေတော့၊ ငါ ဖောင်းတစ်ကောင်ရမှ ပြန်မယ်’’
‘‘အေး... ငါခြံပြင်ဘက်က စောင့်နေမယ်’’
ကျန်ရစ်ခဲ့သောသူခိုးသည် တမာပင်ကို ဖက်၍တက်လေ၏။ မောင်ချိတ်သည် အသေအချာ စောင့်စားချောင်းမြောင်းနေစဉ် ကြွက်စုတ်တစ်ကောင်သည် မောင်ချိတ်၏ပုဆိုးထဲသို့ တိုး၍၀င်လေရာ ငချိတ်မှာကြောက်လန့်ပြီး ၀ူးဝဲ..၀ူးဝဲ အော်လျက်ထ၍ ခုန်လေ၏။
ကြက်သူခိုးလည်း အသံကြားရသဖြင့် ‘‘သရဲကြီးဗျ’’ ဟု အော်ဟစ်ကာ သစ်ပင်တစ်ဝက်က လန့်၍ကျလေရာ သစ်ငုတ်တစ်ခုတွင် လုံကွင်းငြိနေသဖြင့် မြေပေါ်သို့မကျဘဲ လင်းနို့ကဲ့သို့ တွဲလောင်းကြီးဖြစ်လျက်နေလေ၏။

ဦးတလုပ်သည် အိမ်နောက်ဖေးမှ လူသံကြား၍ ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး ဓားရှည်ကြီးကိုဆွဲ၍ မီးခွက်ကိုတစ်ဖက်ကကိုင်ကာ ထွက်လာလေ၏။ မောင်ချိတ်သည် ရုတ်တရက်အကြံရပြီး တွဲလောင်းနေသော သူခိုး၏ဆံပင်ကိုဆွဲထားပြီး...‘‘သူ ခိုးမိပြီ...သူခိုးမိပြီ’’ ဟုအော်လေ၏။
ဦးတလုပ်က ဒီတစ်ခါ ငချိတ်တော့ ဇက်ဖြတ်ရလိမ့်မည်ဟု ကြိမ်းဝါးပြီးလာလေရာ ငချိတ်မှာ သူခိုးဖမ်းပေးသူဖြစ်သည်ကို တွေ့ရလေ၏။

‘‘ငချိတ်..မင်းဒီတစ်ခါသူခိုး ဖမ်းပုလိပ်လုပ်နေသလား’’
‘‘အရင်ခိုးတာလည်း သူပဲဗျ၊ အခုမှမိတယ်’’
ဦးတလုပ်သည် အံ့အားသင့်စွာနေပြီးမှ မောင်ချိတ်၏ကျောကိုပုတ်၍ ‘‘တော်ပေ့ကွာ၊ မင်း ဖမ်းပေးပေလို့ပဲ၊ ဒီအကောင် သူကြီးဘိုးတက်တူအိမ်ကိုပို့ရမယ်’’ ဆိုပြီး သူခိုးကိုတုပ်နှောင်ထား၍ မောင်ချိတ်ကို အိမ်သို့ခေါ်သွားလေ၏။ အိမ်ပေါ်သို့တက်သွားရာ လှေကားရင်း၌ ပြုံးနေသော စိန်တုတ်ကိုမြင်ခဲ့ရသဖြင့် မောင်ချိတ်သည်အိမ်ထဲသို့ရောက်၍ မကြာမီ အပြင်ထွက်ဦးမည်ဆို၍ ထွက်လာလေ၏။
ဦးတလုပ်သည် အတန်ကြာ၍ မောင်ချိတ်ပြန်မလာသည်ကို တွေ့သဖြင့် နောက်ဖေးသို့ဆင်း၍ကြည့်ရာ ငချိတ်နှင့်စိန်တုတ် ချောင်ကုပ်၍နေသည်ကို တွေ့ရ မှ... အချက်မသိလို့ သမက်သူခိုးထင်ခဲ့မိတာကိုး...ဟု တွေးမိလေ၏။
ဇဝန
(သူရိယရုပ်စုံသတင်း၊ ဒီဇင်ဘာလ၊ ၁၉၃၀။)

0 comments:

Post a Comment