Monday, February 25, 2019

ကပ်ပါး (မျိုးမြင့်ချို)

0 comments
(ကပ်ပါး)
"ဒေါ်နယ်လထရမ့်ပ်ဟာ လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်အပါအဝင် အမေရိကန် နှုန်စံတန်ဖိုးတွေကို တွယ်ကပ်ခိုစီးပြီး နိုင်ငံရေးကပ်ပါးကောင်လို အာဏာထဲဝင်လာတဲ့ ကူးစက်ရောဂါပိုးဖြစ်တယ်။ ကင်န်ဆာလို မြစ်ပွားနာလည်းဖြစ်တယ်။ အမေရိကလူ့အဖွဲ့အစည်းအတွက် နိမိတ်ဆိုးနဲ့ အကျိုးမဲ့မှုတွေကို ဆောင်ကျဉ်းလာသူနတ်ဆိုးလည်း ဖြစ်တယ်။ စေတီမှီပြီးပေါက်လာတဲ့ညောင်ပင်ဟာ စေတီကိုမျိုသလို ပြန်မျိုတဲ့ အကျင့်တန်မှုမျိုးလည်းဖြစ်တယ်။ တချိန်က အမေရိကန်ဆို ဖိန့်ဖိန့်တုန်ခဲ့တဲ့ မလောက်လေး မလောက်စားနိုင်ငံလေးတွေကတောင် ခုဆို အမေရိကန်ကို မထေမဲ့မြင်နဲ့ လူမလေးခွေးမခန့် လုပ်လာနေတယ်။ ဒါတွေဟာ ထရမ့်ပ်ရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးပေါ်လစီအမှားတွေကြောင့်" ဆိုပြီး အမေရိကန်နိုင်ငံရေးသမားတွေနဲ့ သတင်းမီဒီယာတွေက ပြောနေကြတာဖြစ်ပါတယ်။ အမေရိကမှာ နိစ္စဓူဝ ကြားနေရပါတယ်။

ခုဆို ထရမ့်ပ်ဟာ သူ တွယ်ကပ်တက်လာတဲ့ အမေရိကန်နှုန်းစံတန်ဖိုးတွေကိုတွေကို ဖျောက်ကွယ် ဖျက်ဆီးဖို့ကြိုးစားနေသူဖြစ်ပါတယ်။ မီဒီယာတွေကို အကြီးအကျယ်တိုက်နေပါတယ်။ လူမျိုးရေးအစွန်းရောက်မှု လူဖြူကြီးစိုးရေးတွေ ပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ အကြီးစားလိမ်လည်မှုကြီးတွေ တရစပ်လုပ်နေပါတယ်။ ကမ္ဘာကြီးကို စီးပွားရေးနဲ့ တနည်းပြောရရင် ငွေနဲ့လွှမ်းမိုးရေးလုပ်ဖို့ အားနည်းလာတော့ စစ်အင်အားနဲ့ဗိုလ်ကျစိုးရေးဘက် ပြန်လှည့်လာပါတယ်။ တိုက်ခိုက်လုယက်ပြီး အရင်းရှင်ချင်း ဈေးကွက်ဝေစုခွဲဖို့ စားကျက်လုဖို့သက်သက်လောက်တင် မဟုတ်တော့ဘဲ တင်နေတဲ့အကြွေးတွေ ပြန်မဆပ်ရအောင်လို့လုပ်နေတာလို့တောင် မှတ်ချက်ပြုသူ ထင်မြင်ချက်ပေးသူတွေလည်း ရှိနေပါပြီ။

အမေရိကန်ပထမလို့လုပ်ချင်ရင် အခြားသူတွေနဲ့ တပူးပူးတတွဲတွဲလုပ်နေလို့ မရတော့ဘူး။ အားလုံးကိုခွာပြီး ကိုယ့်ရှိထားတဲ့စစ်အင်အားနဲ့ တကိုယ်တော် ဇက်ကုန်ဖွင့်မှရမယ်ဆိုတဲ့ အသွန်အသင်အဆုံးအမပြုသူတွေလည်း သူ့အပါးမှာ ဝိုင်းဝိုင်းလည်နေပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်သဘာဝ ထိန်းသိမ်းရေးလို၊ ယူနီဆက်ဖ်အဖွဲ့လို အဖွဲ့တွေထဲကထွက်တာ၊ ဆီးရီးယားတို့ အာဖဂန်တို့က သူများနဲ့တွဲလုပ်နေတာတွေကနေ ပြန်ဆုတ်မှာတို့ လုပ်လာနေတာဖြစ်ပါတယ်။

နောက်ဆုံး ကုန်ကုန်ပြောရရင် သူဦးဆောင်ပြီးဖွဲ့ထားတဲ့ စစ်ဘီလူးချင်း အမြီးလိမ်ထားတဲ့ နေတိုးစစ်စာချုပ်ထဲကနေ ထွက်မယ်ဆိုတာအထိ လုပ်လာပါတယ်။ နေတိုးဟာ ချမ်းသာတဲ့အရင်းရှင်စစ်အုပ်စုလို့ ဘယ်လိုပြောပြော သူ့မှာ အစုအစည်းဖြစ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ရပါတယ်။ နာခံရတာရှိပါတယ်။ လွန်ဆန်မရတာတွေ ရှိပါတယ်။ မြင်းတစီးဓားတလက်နဲ့ ထင်ရာစိုင်းလို့မရတာတွေရှိပါတယ်။ တကိုယ်တော် သိတ်လုပ်ချင်လာရင် နေတိုးအပြင်ကနေလုပ်ရတယ်။ နေတိုးအနေနဲ့တော့ ဝင်မပါဘူး။ နေတိုးထဲက တနိုင်ငံချင်းတွေအလိုက်တော့ ပါလို့ရပါတယ်။ ဒီတော့ နေတိုးထဲကနေလုပ်ရတာ မလွတ်လပ်ဘူး။ ထင်တိုင်းကြဲလို့မရဘူး။ ကုလသမဂ္ဂကတော့ ထားပါတော့။ အမေရိကန့်အရုပ်နီးနီးပါ။ ကစားလို့ရပါတယ်။ အီရတ်လိုကိစ္စတွေမှာ ကုလသမဂ္ဂအပြင်ထွက်ပြီးလုပ်ခဲ့တဲ့ သာဓကရှိပါတယ်။

ခုလည်း ထရမ့်ပ်နဲ့သူ့ဂိုဏ်းသားတွေဟာ အရင်က နိုင်ငံငယ်တွေမှာသုံးခဲ့တဲ့ မီးစဖက်ရေမှုတ်တဖက်ပေါ်လစီမျိုး မုန့်နဲ့တုတ်ပေါ်လစီမျိုးလိုတွေကို တဖြည်းဖြည်း စွန့်ခွာနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဘယ်ပေါ်လစီပေါ် အခြေခံပြီး ချဉ်းကပ်ဖြေရှင်းမလဲဆိုတဲ့ ပေါ်လစီရေးရာ တိကျရှင်လင်းမှုတခုခုကို မချမှတ်နိုင်ပဲဖြစ်နေပါတယ်။

ပြဿနာက အမေရိကန်လိုနိုင်ငံဟာ နိုင်ငံခြားရေးပေါ်လစီဖိုးကပ်စ်လုပ်ရာမှာ တခြားနိုင်ငံတွေ ထည့်သွင်းစဉ်းစားရတာမှန်သမျှ သူလည်း စဉ်းစားရသလို စူပါ ပါဝါဆိုတဲ့အထိုင်ကနေလည်း ကြည့်ရပါတယ်။ အဲ့ဒီအထိုင်ပေါ်ကနေမှ ပေါ်လစီဖိုးကပ်စ် လုပ်ရပါတယ်။

စူပါ ပါဝါဆိုတာ စစ်အင်အားတခုတည်းနဲ့မရပါ။ ပိုက်ဆံရှိမှ လက်ဖွာမှ ရပါတယ်။ ခု အန်ကယ်လ်ဆမ် ပိုက်ဆံတော့ မပြတ်သေးပါ။ လည်လည်း လည်ပတ်နေပါတယ်။ ဒါပေမဲ့ မပိုင်ဝက်မွေးဖြစ်နေသလိုပါ။ စူပါ ပါဝါ အိပ်ထဲငွေမရှိရင်ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ သက်လုံမကောင်းနိုင်ပါ။ ငွေအာဟာရပြတ်ရင် နိုင်ငံဆိုတာ ခြေကုန်လက်ပမ်းကျပါတယ်။
မျိုးမြင့်ချို။ (ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၉)

0 comments:

Post a Comment