"ဓားနှင့်နှင်းဆီ" မင်းလူ
ပြကွက်သည် တဖြည်းဖြည်းပို၍ သည်းထိတ်ရင်ဖိုဖွယ် ဖြစ်လာ၏။ မန်နေဂျာ၏ အစီအစဉ် ကောင်းမွန်ခြင်းနှင့် ဇာတ်ခုံပေါ်မှအခင်းအကျင်းကလည်း ပြကွက်ကို အထောက်အကူဖြစ်စေ၏ ။ ခုပြကွက်မရောက်ခင် နောက်ဆုံးပြသွားသောအခန်းမှာ လူရွှင်တော်သုံးယောက်တို့၏ ဟာဒယရွှင်ဆေး တိုက်ကျွေးခြင်း ဖြစ်၏။ ဟာသကွက်တွေကို ကိုယ်နှုတ်အမူအရာ နှစ်ပါးလုံးဖြင့် ပြောင်မြောက်စွာ သရုပ်ဆောင်သွားရာ ပရိသတ်များ ပါးစပ်မစေ့နိုင်အောင်ပင် တဝါးဝါးတဟားဟား ပွဲကျနေခဲ့ကြသည်။
ထို့နောက် ရုတ်တရက် ခုပြမည့် ပြကွက်ဝင်လာသောအခါ လုံးဝဆန့်ကျင်ဘက် ရသဖြစ်သောကြောင့် ပို၍ ပီပြင်သွားရလေသည်။ ဓားသမားအောင်ငွေ၏ ဓားစွမ်းပြသည့် အခန်းပင်ဖြစ်၏ ။ ဓားသမားအောင်ငွေသည် အနီရောင်ဝတ်စုံကို ဝတ်ထားသည်။ ခါးရှည်ကုတ်အင်္ကျီ၏ ကျောဘက်တွင် အဖြူရောင် အရိုးခေါင်းပုံတစ်ခုကို ကပ်ထား၏။ ဆလိုက်မီးရောင်တွင် သူ့ဝတ်စုံမှာ မီးလျှံတွေ တောက်လောင်နေသလို၊ သွေးတွေလိမ်းကျံထားသလို ထင်မှတ်ရသည် ။
သူနှင့် ပေနှစ်ဆယ်လောက်အကွာ မျက်နှာချင်းဆိုင်တွင် သစ်သားဘီးဝိုင်းကြီးတစ်ခုရှိ၏။ ဘီးဝိုင်းကြီးတွင် အမျိုးသမီးတစ်ယောက်ကို လက်ကောက်ဝတ်၊ ခြေချင်းဝတ်၊ ခါးနှင့် လည်ပင်းတို့တွင် သားရေပြားများနှင့် စည်းနှောင်ပြီး ကားကျက်ထားသည်။ သူကားဓားပေါက်ခံမည့် ဇာနည်စိန်ပင်ဖြစ်၏။
ဇာနည်စိန်သည် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားသည်။ အင်္ကျီက လက်ပြတ်ဖြစ်ပြီး ဘောင်းဘီက ပေါင်လယ်လောက်ထိတိုသည်။ အနက်ရောင်ဝတ်စုံသည် ဖြူဖွေးသော အသားအရေနှင့် အလွန်လိုက်ဖက်သည် ။ သူ့ရုပ်ရည်မှာ ချောမောလှပြီး ကိုယ်လုံးကအချိုးအဆစ်ပြေပြစ်သည် ။
"ရွှေပွဲလာ ဧည့်ပရိသတ်များ ခင်ဗျား၊ ခုအချိန်မှစပြီး ဓားဝိဇ္ဖာအောင်ငွေနဲ့ ဇာနည်စိန်တို့ရဲ့ ဓားစကြာအစွမ်းပြခန်းကို ရင်သပ်ရှုမောအံ့ဩဖွယ် အသည်းတယားယား ရင်တဖိုဖို ရှုစားကြရပါတော့မယ် ခင်ဗျား" အစီအစဉ်ကြေညာသူ၏ အသံထွက်ပေါ်လာပြီးနောက် တီးဝိုင်းက စိတ်လှုပ်ရှားဖွယ်တီးလုံးကို စတင်တီးခတ်သည်။ ဓားအောင်ငွေသည် ထောင့်တိုင်မှာ လိပ်ပြီးချိတ်ထားသည့် သားရေခါးပတ်ကြီးကို ဖြေချလိုက်သည်။ စီထည့်ထားသော ဓားမြှောင်များသည် မီးရောင်တွင်ဖွေးခနဲ လက်ခနဲ ဖြစ်သွား၏ ။ ဓားအောင်ငွေက ဓားမြှောင်နှစ်လက်ကိုဆွဲထုတ်ယူပြီး လွှင့်မြှောက် ကစားပြသည်။ ဓားနှစ်လက်သည် လေထဲတွင် လှည့်ပတ်ပျံဝဲနေကြသည် ။
ဓားသမားတစ်ယောက်ဖြစ်လာဖို့ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စပင်ဖြစ်၏။ အောင်ငွေသည် ဆပ်ကပ်လောကသို့ အသက်ဆယ့်လေးနှစ်တွင် စတင်ရောက်လာခဲ့၏။ သူပထမဆုံးလုပ်ရသည့် အလုပ်ကတော့ ဓားဝိဇ္ဇာကြီးတစ်ဦး၏တပည့်အဖြစ် လုပ်ကိုင်ရခြင်းပင်ဖြစ်၏။ ဓားပေါက်ခံမည့်သူငှားမရသည့်အခါမျိုးတွင် သူကလူစားဝင်၍ ဓားပေါက်ခံရသည်။ နောက်ပိုင်းပင်တိုင် ဓားပေါက်ခံသူဖြစ်လာသည်။ ထိုအတောအတွင်း ဓားဝိဇ္ဇာကြီးထံမှာ ဓားပစ်လေ့ကျင့်ရသည်။ ဦးစွာ ပန်းကန်ပြားဝိုင်းခန့်ရှိသော စက်ဝိုင်းအတွင်းဝင်အောင် ပေါက်ရသည်။ စက်ဝိုင်းကို တစ်စတစ်စကျဉ်းသွားပြီး နောက်ဆုံးကျပ်ပြားဝိုင်းခန့်အတွင်း ဝင်အောင်ပစ်ရ၏။ နောက်တစ်ဆင့်ကျမှာ လူပုံသဏ္ဌန် ကောက်ကြောင်းရေးထားသည့်သစ်သားပြားပေါ် အပစ်ကျင့်ရသည်။ နောက်တစ်ခါကောက်ကြောင်းဘေးရှိ တည့်တည့်မတ်မတ်မှန်စေလိုသောနေရာများကို မှတ်သားပြီး ထိမှန်အောင်ပစ်ရသည်။
ဘယ်လိုပဲပစ်ပစ် လိုရာပစ်မှတ်ကို တစ်ဆံချည်မလွဲ ပစ်နိုင်ပြီဆိုမှ လူနှင့် စမ်းသပ်ရသည်။ အလွတ်ပစ်ပေါက်စဉ်က ဘယ်လောက်တိကျစွာ မှန်ခဲ့သည်ဖြစ်စေ လူကိုပစ်ရသောအခါ စိတ်လှုပ်ရှားတုန်လှုပ်ခဲ့သည်မှာ အမှန်ပင်။ ပထမဆုံးပစ်ပေါက်ခံသူအဖြစ်တော့ သူ့ဆရာ ဓားဝိဇ္ဇာကြီးးကိုယ်တိုင်က ဝင်နေပေးသည်။ ထိုအဆင့်ကိုရောက်ဖို့ နှစ်ပေါင်းများစွာ ကြာအောင်လေ့ကျင့်ခဲ့ရ၏။ နောက်တော့သူသည် ဓားဝိဇ္ဇာဖြစ်လာသည်။ သူက သမားရိုးကျပုံစံများအပြင် ပြကွက်ဆန်းများ အသစ်ထွင်ခဲ့သည်။
ထို့ကြောင့် သူသည် အတော်ဆုံးနှင့် ကြေးအကြီးဆုံး ဓားပေါက်သမားဖြစ်လာခဲ့၏။ ဆပ်ကပ်အဖွဲ့ပိုင်ရှင်က သူ့ကို စပေါ်သို့မဟုတ် အသုံးငွေ တစ်သောင်းနှင့် ညကြေး တစ်ရာ့ငါးဆယ် ပေးထားသည်။ သူပါမှ ဆပ်ကပ်လူဝင်သောကြောင့် လက်မလွှတ်နိုင်။ ဆပ်ကပ်အဖွဲ့ထဲတွင် ညကြေးအများဆုံးရသူတွေထဲမှာ သူတစ်ယောက်အပါအဝင်ဖြစ်၏။ ဓားပေါက်သမားက အရေးကြီးသလို ဓားပေါက်ခံမည့်သူလည်း အရေးပါသည်။ ဓားပေါက်ခံသူက တည်တည်ငြိမ်ငြိမ်မရှိဘဲ တုန်လှုပ်ကြောက်ရွံ့နေလျှင် ဓားပေါက်သူအတွက် အနှောင့်အယှက် ဖြစ်နိုင်သည်။ ဓားပေါက်ခံသူမှာ မိန်းကလေးဖြစ်လျှင် ပရိသတ်က ပိုသဘောကျသည်။ ရုပ်ချောပြီး ကိုယ်လုံးကိုယ်ပေါက်လည်းလှမည်၊ အသက်လည်း ငယ်မည်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်၏။ ဇာနည်စိန်သည် ထိုအချက်အားလုံးနှင့်ကိုက်ညီသည်။
ထို့ကြောင့် သူ့ကိုလည်း ညကြေး အမြင့်ဆုံးပေးထားသည်။ သူကအောင်ငွေထက်ပင် ငါးဆယ်ပိုရသည်။ ထိုငွေငါးဆယ်မှာ အသက်ဖိုးဟု ဖွင့်မပြောသော်လည်း လူတိုင်းက ဒီအတိုင်းပင် နားလည်ထားကြ၏။ သူတို့နှစ်ယောက်မှာ အလွန်အတွဲညီသည်ဟု အားလုံးကသတ်မှတ်ထားသည်။ တီးဝိုင်းရှိ ဒရမ်က အဆက်မပြတ်ခေါက်နေသည်။ အောင်ငွေ ပထမဆုံး ဓားတစ်ချောင်းပစ်ပေါက်ဖို့ ပြင်ဆင်သည်။ ဓားမြှောင်ကို အရိုးဘက်ကကိုင်ထားရာမှ ဆတ်ခနဲ တစ်ပတ်လည်စေလျက် အသွားထိပ်ကို ဖမ်းကိုင်လိုက်၏။ ဇာနည်စိန်ကို ကားကျက်ထားသည့် သစ်သားဝိုင်းဘေးမှာ ရပ်နေသော တပည့်လူရွှင်တော်ပေါက်စက မျက်လုံးကိုလက်နှစ်ဖက်ဖြင့်ပိတ်ထားပြီး မကြည့်ရဲဟန်လုပ်လိုက်သည်။ လက်ခနဲဖြစ်ပြီး ဓားမြှောင်ပြေးသည်။ လင်ကွင်းက ရှဲခနဲမြည်သံပေးလိုက်သည်။ ဒုတ်ခနဲ စိုက်ဝင်သွားသည်။ ဇာနည်စိန်၏လက်မောင်းနှင့်လက်ပြင်ကြား ကျဉ်းမြောင်းသော ကွက်လပ်ကလေးမှာ။ ပေါက်စသည် လက်ဝါးတစ်ဖက်ကို ဖွင့်ကြည့်သည်။ ထို့နောက်သက်ပြင်းကို အသံအကျယ်ကြီးမြည်အောင်ချသည်။ ပရိသတ်ထဲကကြောက်ရယ်သံ အနည်းငယ်ထွက်လာ၏။ နောက်တစ်ချက်အခြားလက်ပြင်အနီး။
ဇာနည်စိန်သည် တော်တော်အံ့ဩဖို့ကောင်းသည့်မိန်းကလေး။ ဓားပေါက်ခံဖို့ဆိုသည်မှာ တော်ရုံတန်ရုံ သတ္တိကောင်းသည့် ယောက်ျားများပင် မလုပ်ဝံ့။ ဇာနည်စိန်ကတော့ တစ်ချက်ကလေး မျက်နှာမပျက်။ တစ်စက်မှ စိုးရွံ့ဟန်မပြ။ သူရောက်လာတုန်းက ကျွမ်းဘားအဖွဲ့မှာ အလှပြရုံသက်သက်ဖြစ်၏။ တစ်ရက်ဓားပေါက်ခံသူ အလုပ်ထွက်သွားသဖြင့် လူစားထိုးဖို့တိုင်ပင်ကြရာ အောင်ငွေက မိန်းကလေးငယ်ငယ်တစ်ယောက်ဆိုလျှင်ကောင်းမည်ဟု ပြောသည်။ ဒါကိုကြားသွားသော ဇာနည်စိန်က သူလုပ်မည်ဟုဆိုလာသည်။ ပထမဆုံး ဓားစမ်းကြည့်သည့်အခါကပင် သူ့သတ္တိကို လက်ဖျားခါကြရ၏။ ဇာနည်စိန်သည် သတ္တိကောင်းရုံမျှမက ချစ်ဖို့လည်းကောင်း၏။ သူ့အနေနဲ့ အဆိုအကသင်ပြီး ဇာတ်ထဲအငြိမ့်ထဲဝင်လျှင် ခေါင်းဆောင်မင်းသမီးဖြစ်နိုင်သည်။ သူ့ရုပ်က ဆွဲဆောင်မှုအလွန်ရှိသည်။ ကိုယ်လုံးကျစ်ကျစ်ကလေးက မလွတ်တမ်း ထွေးပွေ့ထားချင်စရာ။
အင်း... ရေစက်ဆုံးချင်လို့ပေါ့လေဟု အောင်ငွေတွေးမိ၏။ အောင်ငွေသည် သူ့ဘဝတစ်သက်တာမှာ ဘယ်မိန်းကလေးကိုမှ မချစ်ခဲ့ဖူးချေ။ ယုတ်စွအဆုံး မိန်းမဆိုလျှင် အမေကိုပင် ချစ်ခွင့်မရခဲ့ဖူး။ သူ့အမေက သူ့ကိုမွေးပြီး ဆုံးပါးသွားခဲ့သောကြောင့်ဖြစ်၏။ သူ့တစ်သက်လုံး ဓားဖြင့်သာ အချိန်ကုန်ခဲ့သည်။ သူ့အတွက် အရင်းနှီးဆုံးမိတ်ဆွေမှာ ဓား။ သူ၏အပျင်းပြေ ကစားဖော်မှာ ဓား။ သူ့ဘဝသည် ဓား။
ထိုသို့သော ဘဝထဲသို့ ဇာနည်စိန်ဝင်ရောက်လာသောအခါ... အောင်ငွေသည် ဇာနည်စိန်ကို သံယောဇဉ်တွယ်တာမိသည်။ သူ့ဘဝတွင် ဘယ်သူ့ကိုမှ မချစ်ဖူးသည့်အချစ်နှင့်အရူးအမူးချစ်မိသည်။ အမှန်အတိုင်းပြောရလျှင် သူသည် သူ့ဓားများထက်ပင် ဇာနည်စိန်ကို ပို၍ချစ်နေမိလေသည်။ သို့ရာတွင် ဖွင့်မပြောဖြစ်ခဲ့။ သူ ပြောလည်း မပြောတတ်။ ပြောလည်းမပြောရဲ။ ပြောဖို့လည်းလိုမည်ဟူ၍လည်း မထင်။ သူချစ်နေတာ ဇာနည်စိန်သိလိမ့်မည်။ ဇာနည်စိန်ကလည်း သူ့ကိုချစ်လာလိမ့်မည်။ ထိုအခါ လက်ထပ်ကြမည်။ ဒီလိုပဲသူစိတ်ကူးယဉ်နေခဲ့သည်။ ဇာနည်စိန်က သူ့ကို လေးလေးစားစားဆက်ဆံသည်။ တစ်ခါတစ်ခါတော့ ကလေးလိုနွဲ့ဆိုးဆိုးချင်သည်။ ဒါကို သူသိပ်သဘောကျသည်။
ဓားလေးချက်ပစ်ပြီးသွားပြီ။ လက်ကြားမှာနှစ်ချက်။ ပေါင်ကြားမှာ နှစ်ချက်။ ပြကွက်တစ်ဆင့် အရှိန်မြှင့်သည်။ လူရွှင်တော်ပေါက်စက သစ်သားဘီးဝိုင်းကို လှည့်ပေးလိုက်၏။ ဒီတစ်ခါ လှုပ်ရှားနေသောပစ်မှတ်။ ဓားနှစ်လက်သည် ဇာနည်စိန်၏ခါးဘေးမှာ ဒေါက်ခနဲ ဒေါက်ခနဲ စိုက်ဝင်သည်။ သစ်သားဘီး အရှိန်ပိုမြင့်လာသည်။ ဓားတစ်လက် ဝှီးခနဲ ဇာနည်စိန်၏လည်ပင်းနှင့်လက်နှစ်လုံးအကွာမှာ စိုက်သည်။ ပရိသတ်များ ဟယ်ခနဲဖြစ်သွား၏ ။ နောက်တစ်ချက်... ။
ညနေက အဖြစ်အပျက်က ဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့မရအောင် စွဲနေသည်။ ဇာနည်စိန် အခန်းရှိရာသို့ သူသွားသည်။ ဘာရယ်မဟုတ်။ အပျင်းပြေစကားပြောဖို့ မျက်နှာလေးကို ခိုးကြည့်ဖို့။ လိုက်ကာများဖြင့် ဖွဲ့ထားသော အခန်းရှေ့ရောက်တော့ သူ့ခြေလှမ်းတန့်သွားသည်။ အထဲမှာ လူတစ်ယောက်ရှိသည်။ စကားပြောသံကိုကြားရသည်။ ခြင်္သေ့ညိုမှိုင်းဖြစ်၏။ ခြင်္သေ့ညိုမှိုင်းသည် တိရစ္ဆာန်များနှင့် ကစားပြရသူဖြစ်၏။ အထူးသဖြင့် ခြသေ့င်္ကြီး၏ပါးစပ်ထဲသို့ ဦးခေါင်းထိုးထည့်ရသည့်ပြကွက်ကြောင့် သူသည်လည်း အသက်ဖိုး ငါးဆယ်ပိုရနေသူဖြစ်၏။
ညိုမှိုင်းက... " ကိုယ်တို့နှစ်ယောက်က ဘဝတူတွေပါ။ နှစ်ယောက်စလုံးအသက်ကို အလောင်းအစား လုပ်ထားရသူတွေ မဟုတ်လား" "ဟုတ်တယ်လေ၊ ဒါကြောင့် ကို့အချစ်ကို လက်ခံခဲ့တာပေါ့" အောင်ငွေ့ရင်ထဲက ဆူဝေပေါက်ကွဲထွက်သွားသလားထင်မိ၏။ "ကိုယ်ကစိုးရိမ်နေတာ" "ဘာကိုလဲ" "ကိုအောင်ငွေကိုပေါ့" "အို... ညီမက ကိုအောင်ငွေကို ဆရာသမားတစ်ယောက်အနေနဲ့လေးစားတာပါ။ ကိုအောင်ငွေကလည်း သူ့ဓားတွေကလွဲရင် ဘာမှစိတ်ဝင်စားတတ်တာမှမဟုတ်ဘဲ။ "နောက်ပြီးတော့..."
နောက်ဆုံးနှင့် သည်းထိတ်ရင်ဖိုစရာကောင်းသော ပြကွက်သို့ရောက်လာခဲ့ပြီ။ ပေါက်စသည် အောင်ငွေနားသို့လျှောက်လာပြီး မျက်လုံးကိုအဝတ်ဖြင့် စည်းနှောင်လိုက်သည်။ အဝတ်မစည်းခင်လေးမှာပင် ဇာနည်စိန်ကို တစ်ချက်လှမ်းကြည့်သည်။ ဇာနည်စိန်က ပြုံးလိုက်၏။ သူ့ကိုပြုံးပြခြင်းမဟုတ်။ စင်၏ ထောင့်မှာကွယ်ရပ်နေသော ညိုမှိုင်းကိုလှမ်းပြုံးပြခြင်းဖြစ်၏။ အောင်ငွေနှင့် ပေါက်စတို့ မျက်လုံးချင်းတစ်ချက်ဆုံသည်။ မျက်စိကိုလည်း ပိတ်စည်းထားပြီးပြီ။ သစ်သားဘီးဝိုင်းကိုလည်း လှည့်ထားသည်။ အလွန်ခက်ခဲသည့်ပြကွက်ပင်။ ဒီအခန်းကိုပြနိုင်ဖို့ လပေါင်းများစွာလေ့ကျင့်ခဲ့ရသည်။
ပရိသတ်သည် အသံတစ်ချက်မှမထွက်ဘဲတိတ်ဆိတ်ငြိမ်သက်နေသည်။ တီးဝိုင်းကလည်း ဘာတီးလုံးမှ မတီးဘဲထားပေးသည်။ သို့ရာတွင် အောင်ငွေနားထဲမှာတော့ ညနေက သူလှည့်မထွက်လာခင် ဇာနည်စိန်က ညိုမှိုင်းကိုပြောလိုက်သည့်စကားတစ်ခွန်းကို ပဲ့တင်ထပ်စွာကြားယောင်နေသည် ။
"နောက်ပြီးတော့လည်း ကိုအောင်ငွေရုပ်က ကြောက်စရာကြီး"
"ဟုတ်တယ် ၊ ငါ့ရုပ်ကကြောက်စရာကြီး၊ ညိုမှိုင်းကတော့ လူချောလူလှကိုး" သူ့လက်ဖြန့်လိုက်သည်။ ပေါက်စက သူ့လက်ထဲသို့ ဓားမြှောင်တစ်ချောင်းကို ထည့်ပေးသည်။ သူကဓားကို ဆလိုက်၏။ တကယ်လို့ အခုငါပစ်လိုက်တဲ့ဓားက သူ့ကိုတည့်တည့်မှန်မယ်ဆိုရင် ဘာဖြစ်သွားမလဲ။ လူတွေက မတော်တဆဖြစ်တာလို့ပဲ ထင်ကြမှာပေါ့။ အမှုအခင်းဖြစ်ရင်တောင် မတော်တဆမှုထက် မပိုနိုင်ဘူး။ အားလုံးက ငါ့ဘက်က သက်သေလိုက်ကြမှာအမှန်ပဲ။ ငါတကယ်လုပ်တာပါလို့ ဘယ်သူကထင်မှာလဲ။ ဘယ်သူမှသံသယရှိမှာမဟုတ်ဘူး။ ငါကရုပ်ဆိုးတယ်။ ကြောက်စရာကြီး၊ ဟုတ်တယ်။ ကြောက်စရာ ဓားအောင်ငွေ။
သူအံတစ်ချက်ကြိတ်လိုက်၏။ ပြီးတော့ ဓားကိုဝှီးခနဲပစ်ပေါက်လိုက်သည်။ ဒုတ်ခနဲ။ ငယ်သံပါအောင်အော်သောအသံများ။ မျက်လုံးမှာစည်းထားသောအဝတ်ကို အမြန်ဆွဲဖြုတ်လိုက်သည်။ သူ့ရင်ထဲက ဟာခနဲဖြစ်သွားသည်။ ဓားသည် မူလသတ်မှတ်ထားသည့်အတိုင်း ဇာနည်စိန်၏ ဦးခေါင်းထိပ်မှာပန်ဆင်ထားသော နှင်းဆီပွင့်နီနီကလေးကို ထုတ်ချင်းခတ်ပြီး နောက်ခံသစ်သားမှာ စွဲဝင်လျက်။ ခါတိုင်းနှင့်မတူတာကတော့ ဓားသည်သစ်သားမှာ အရင်ထက်ပို၍ စူးနစ်ဝင်နေခြင်းပင်။ ဓားရိုးက ဆတ်ဆတ်ခါလျက်။ လက်ခုပ်သံတွေက မစဲတော့။ ဇာနည်စိန်က တစ်ချက်ပြုံးပြီး ညိုမှိုင်းကိုကြည့်သည်။ ပေါက်စသည် သက်ပြင်းကို အသံမမြည်ဘဲဖြည်းဖြည်းမှုတ်ထုတ်၏။
ထိုနေ့ညမှာပင် အားလုံးတောင်းပန်တားဆီးနေသည့်ကြားက အလုပ်မှ နုတ်ထွက်လိုက်သည်။ သူ့တပည့်ပေါက်စကလည်း အလုပ်ကထွက်ပြီး သူနှင့်လိုက်လာသည်။ ညတွင်းချင်းပင် ထွက်ခွာလာသဖြင့် နားမလည်နိုင်အောင် ဖြစ်နေကြသည်။ နားလည်လိုက်သူဟူ၍ ပေါက်စတစ်ယောက်သာရှိသည်။ "ဆရာ အံတစ်ချက်ကြိတ်လိုက်တော့ ကျွန်တော် တော်တော်စိုးရိမ်သွားတယ်။ ဆရာ့ရဲ့ သဘောထားကြီးတဲ့စိတ်ဓာတ်ကို ကျွန်တော်လေးစားပါတယ်ဆရာ၊ တကယ်လို့ ဆရာသာ စိတ်လိုက်မာန်ပါလုပ်ခဲ့ရင်..."
အောင်ငွေသည် ခေါင်းကိုယမ်းခါသည်။ ကျန်ရစ်ခဲ့ပြီးဖြစ်သော ရွက်ထည်ရုံကြီးကို တစ်ချက်လျည့်ကြည့်သည်။ "မဟုတ်ဘူး၊ မင်းထင်သလိုမဟုတ်ဘူး၊ ငါသူ့ကို အသေပစ်ပေါက်ထည့်လိုက်တာ၊ တကယ်ထိအောင်ပစ်ခဲ့တာ၊ ဒါပေမယ့်၊ ဒါပေမယ့်ကွာ ငါဟာ နှစ်ပေါင်းများစွာ ဘေးကိုချော်ပြီး မထိအောင် မမှန်အောင်ပစ်တဲ့အကျင့်ကြီးက ပါနေခဲ့ပြီး တကယ်ထိအောင် ငါမပစ်တတ်တော့ဘူး၊ ငါ့စိတ်က သူ့ကိုသတ်ချင်ပေမယ့် ငါ့လက်တွေက ခွင့်မပြုဘူး၊ ဒါပါပဲကွာ" ဟု စိတ်ထဲက ပြန်ပြောသည် ။
မင်းလူ
ရင်ခုန်ပွင့်၊ စက်တင်ဘာ၊ ၁၉၉၀။

0 comments:
Post a Comment