Sunday, February 10, 2019

ကိုငြိမ်း (မန္တလေး) ရဲ့ ဆောင်းပါးသုံးပုဒ်တွဲ။

0 comments
ပေါပြူလာဂျာနယ် ဝက်ဘ်ဆိုဒ်က ဆရာကိုငြိမ်း (မန္တလေး) ရဲ့ ဆောင်းပါးသုံးပုဒ်တွဲ။
လှည်းနေလှေအောင်း
*****************
မြင်းစောင်းမကျန်ကို
****************
ထပ်ဖြည့်လိုက်သော
*****************
ကိုငြိမ်း (မန္တလေး)
(၁)
အလုပ်မရှိ၊ ဟိုဟာ ..အကျယ် ချဲပ၊ ဒီဟာအကျယ်လုပ်တတ်တဲ့ ကျွန်တော်ဟာ ..’လှည်းနေလှေအောင်း မြင်းစောင်းမကျန် …’တဲ့ ရှေးကရှိခဲ့တဲ့ အဲဒီစကားကို အလကားနေရင်း အကျယ်ချဲ့ချင်တဲ့စိတ် ပေါက်နေတယ် ကလောင်ကို သက်သက်မဲ့ ခြေဆော့လက်ဆော့လုပ်တယ်ဆိုပါတော့။ ငယ်ကျင့် …ငယ်ကျင့်။ ကြီးတောင်မပျောက်နိုင်တဲ့အကျင့်။
(၂)
ဒီစကားလုံး (လှည်းနေလှေ အောင်း မြင်းစောင်းမကျန်)ကို အကျယ်ချဲ့လိုက်တော့ ဗိုလ်ဗကို ပေါ်လာတယ်ခင်ဗျ။ ဗိုလ်ဗကိုဆိုတာ ရုပ်ရှင်မင်းသား၊ စာရေးဆရာအပြင် စကားပြောကောင်းလှသူအဖြစ် နာမည်ကြီးလှသူဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ မန္တလေးမှာ စာပေဟောပြောပွဲသန့်သန့်တို့ စာရေးဆရာခန့်ခန့်တို့ ဟောကြပြောကြတာတွေ မှတ်မိတယ်။ အခုခေတ်ဆို ဘာ စာပေဖြတ်သန်းမှုမှ မရှိဘဲ၊ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာ၊ ကဗျာဆရာဆိုပြီး အရှက်မရှိ စင်ပေါ်တက် မတ်တတ်ရပ်ရဲသူဆိုတာ မရှိဘူး။ မျက်နှာ မပြောင်ကြဘူး။ စင်ပေါ်မှာ ဗိုလ်ဗကို ရှိတယ်။ သခင်တင်ဦး ရှိတယ်။ မောင်သော်တာ ရှိတယ်။ သေသွားမယ်။

ဒါပေမဲ့ မသေဘူးခင်ဗျ။ မသေလို့လည်း သူတို့အကြောင်း ကျွန်တော်တို့ ထပ်တလဲလဲ ပြောနေကြရတာပေါ့။ စာပေဟောပြောပွဲစင်ပေါ်ကနေ ဆရာဗိုလ်ဗကိုက သူ့စာပေဟောပြောပွဲအကြောင်းလေး ဟောသလို ပြောပြဖူးပါရဲ့။ အညာကျေးလက်က စာပေပြောဟောပြောပွဲတစ်ခုမှာ ဗိုလ်ဗကိုရယ်၊ တွံတေးသိန်းတန်ရယ်၊ နောက်တစ်ယောက်ရယ်၊ ပေါင်းသုံးယောက်ဟောပြောကြတယ်တဲ့။ အဲဒီ နောက်တစ်ယောက်ဆိုတာ သခင်တင်ဦးလို့ ထင်ပါတယ်။ မှတ်တော့ မမှတ်မိတော့ပါဘူး။ ထားပါတော့ သခင်တင်ဦးပဲထားပါတော့ သခင်တင်ဦး ပထမဆုံးပြောမယ်။ အလယ်က ဗိုလ်ဗကိုပေါ့။ နောက်ဆုံးတွံတေး ဒီလိုစီစဉ်ထားကြတယ်။ တွံတေးဆိုတာ မြို့ရောတောရောပေါက်တဲ့ အဆိုတော်မင်းသား ဆိုတော့ နောက်ဆုံးပေါ့လေ။

အဲ …သခင်တင်ဦးနဲ့ ပွဲစပြီဆိုပါတော့။ အဲဒီမှာ သခင်တင်ဦး ဟောလို့ပြောလို့ မရဘူးဖြစ်နေတယ်။ အနီးနားရွာတွေက တွံတေးသီချင်းတွေကို မန်ကျည်းပင်ထိပ်တတ်ပြီး အသံကုန်ဖွင့်ကြတာဆိုတော့၊ စာပေပွဲဘာမှလုပ်မရဘူးဖြစ်နေတယ်။ ဒီ အခါသက်ကြီးဝါရင့်ဆရာဗိုလ်ဗကိုက တွံတေးသိန်းတန်ကိုခေါ်ပြီး . . .
”ဗိုလ်တွံ မင်းဟာတွေ မင်းကြည့်လုပ်ဦးဒီမှာ ပွဲပျက်တော့မယ် ..” အဲသလိုပြောပြီး တွံတေးကိုယ်တိုင် အသံချဲ့စက်ရွာသွားပြီး၊ ဟောပြောပွဲ ဖိတ်ယူရတယ်။ ဒီတော့လည်း ကျေးရွာတွေက မန်းကျည်းပင်ပေါ်က အသံချဲ့စက်တွေ ဖြုတ်၊ အောက်ချ၊ လှည်းပေါ်တင်ကြနဲ့ နောက်ဆုံးတော့ ပတ်ဝန်းကျင်ရွာတွေဟာ လှည်းတွေ လော်တပ်ပြီး စာပေဟောပြောပွဲကို ချီတက်လာကြတော့တာပါပဲ။ ဗိုလ်ဗကို စကားလုံးနဲ့ပြောရင် ”ဗိုလ်တွံ ကြည့်လုပ်လိုက်တာလေ ..”။
အဲ ..ကျွန်တော်ပြောချင်တဲ့ နေရာရောက်လာပါပြီ။
လှည်းနေလှေအောင်း မြင်းစောင်းမကျန်ကို ထပ်ချဲ့ချင်တယ်ဆိုတာလေ။
(၃)
ကျွန်တော်က အနုပညာခံစားမှုနဲ့ပတ်သက်ရင် အတော် ကိုးလို့ကန့်လန့်နိုင်တာရယ်။ ဒိုးလုံးရဲ့ အော်တာနေးတစ်တွေကြိုက်သလို တွံတေး သိန်းတန်ရဲ့ ကျေးလက်တေးတွေကိုလည်း အလွန်ကြိုက်သူပါ။ ဦးတွံ ကွယ်လွန်တုန်းက ‘ဒုတိယကမ္ဘာဦးသီချင်း’နာမည်နဲ့ ကဗျာတစ်ပုဒ် မဂ္ဂဇင်းမှာ ရေးဖူးတယ်။ နောက်တွံတေးကြီးဆုံးတော့လည်း မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှာ ‘ဓာတ်ပြားပဲ့လေး’ခေါင်းစဉ်နဲ့ ရေးခဲ့ပြန်ပါတယ်။ အခုမြားနတ်မောင် မြန်မာရနံ့မှာဖော်ပြခဲ့တဲ့ ဓာတ်ပြားပဲ့လေးကို ပြန်ဖတ်ပြပါမယ်။ မဖတ်ဖူးသေးသူတွေလည်း ပြန်ဖတ်ရအောင်။ ဒီကဗျာလေးကိုကြည့်ခြင်းဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန်ကို ကျွန်တော်ဘယ်လောက်ချဲ့ချင်ကြောင်း တွေ့ရမှာပါ။
ဓာတ်ပြားပဲ့လေး
တစ်ခါက အဖေ့ နောက်ချေးလှည်းပေါ်မှာ …
နက်တက်တက် ကော်ပြားအပဲ့လေးတစ်ခု ပါလို့လာ …
အဲဒါလေး မိုးနံချုံထဲ လွှင့်ပစ်လိုက်တဲ့အခါ
မိုးနံဆူးတွေ ခြစ်မိ ခမျာလေး သနားစရာပါ
”ထွေးညို …ထွေးညို” အော်တော့ ကျွန်တော်ပျော်လိုက်ရတာ ..။
ဟုတ်ကဲ့။ ဒါတွံတေးသိန်းတန်အတွက် ကျွန်တော်ရေးဖွဲ့ဂုဏ်ပြုခဲ့တဲ့ ဓာတ်ပြားပဲ့လေးတစ်ခုပါ။ အများတကာက တွံတေးရဲ့အောင်မြင်မှုကို လှည်းနေလှေအောင်း မြင်းစောင်းမကျန်လို့ ပြောကြပါတယ်။ ကျွန်တော်မြင်းစောင်းမက မိုးနံချုံထဲအထိ အချစ်ချစ်နဲ့ ချဲ့မိပါရဲ့ဗျာ။ ။
ကိုငြိမ်း (မန္တလေး)
______________________________
အိမ်လေးတစ်စင်းပြေးနေတယ်
************************
ကိုငြိမ်း (မန္တလေး)
ဒီနေ့ကစပြီး နောက်လပိုင်းအနည်းငယ်ဆိုရင် ကျွန်တော့်အသက် ၇၅ နှစ်ပြည့်တော့မယ်။ လူ့သက်တမ်းမှာ အနှစ် ၇ဝ ကျော်ရင် သက်တမ်း ရင့်ပြီး အသက်ရှည်တယ်လို့ ပြောကြမြဲ။
ကျွန်တော်က မွေးနေ့တစ်ခုရောက်တိုင်း အခြားသူတွေက ကောင်းမှုကုသိုလ်တွေလုပ်ကြသလို ကျွန်တော် ကောင်းမှုကုသိုလ်မလုပ်ဖြစ်၊ မလုပ်နိုင်ခဲ့ပေမယ့် အများအားဖြင့်တော့ ကျွန်တော်ဟာ အခုဆို မွေးနေ့မှာ ‘အကုသိုလ်’အလုပ် မလုပ်ဖြစ်အောင် အမြဲထိန်းသိမ်းခဲ့ပါတယ်။ ဒီတစ်နေ့အဖို့ အကုသိုလ်အလုပ် ကြိုးစားရှောင်တာဟာ ကျွန်တော်ကောင်းမှုအလုပ်ပါပဲ။ အဲဒီအတွေးမျိုး တွေးမိတဲ့အချိန်ကစပြီး မွေးနေ့ ရောက်တိုင်း အကုသိုလ်ရှောင်တဲ့အလုပ်ကိုသာ ကျွန်တော် ရွေးချယ်ပါတယ်။

ကျွန်တော်နားလည်ခံစားထားသလို ပြောပါမည်။ ကျွန်တော့်ရဲ့အကုသိုလ်ရှောင်တဲ့နည်းကတော့ အခြားမဟုတ်။ စိတ်ကိုဖြူအောင် လျှော်ဖွတ်တဲ့နည်းပါပဲ။ ကျွန်တော့်မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ စိတ်ကို လျှော်ဖွတ်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းရောက်တဲ့အခါတိုင်း ဥပမာ အသက် ၆ဝ၊ ၆၅၊ ၇ဝ နှစ် စသဖြင့် နှစ်စဉ်နီးပါး လျှော်ဖွတ်ခဲ့တာချည်းဖြစ်ပါတယ်။

ကျွန်တော်တွေးတာက ကလေးဘဝက ဖြူစင်တယ်။ အဲဒါထက်ပိုပြီး အဖော်မဲ့ကလေးငယ်တစ်ယောက် ကစားနေတာက ပိုပြီးအဖြူစင်ဆုံးလို့ ကျွန်တော်နားလည်ထားတယ်။ ဒီလို တွေးမိတာကလည်း ကျွန်တော်ကိုယ်တိုင် ကလေးသူငယ်ဘဝက အဖော်မဲ့လွန်းတာကြောင့် ဒီလို တွေးမိခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ မွေးနေ့တွေမှာ မွေးနေ့ရောက်တိုင်း ကျွန်တော် ကလေးဘဝက ကစားခဲ့ပုံတွေ ပြန်ပြန်စဉ်းစားလာခဲ့တာ အခု အသက် ၇၅ နှစ်ပြည့်ဆိုတော့ ကျွန်တော်ငယ်ငယ်က ကစားခဲ့တာတွေလည်း အတော်များရှာပြီပေါ့။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်အဖေ ဖန်ကြယ်သီးလုပ်ငန်းလုပ်တယ်။ ဖန်ကြယ်သီးလုပ်ငန်းဆိုတာ ခုခေတ်မှာ မရှိတော့ပါဘူး။ မိန်းမအင်္ကျီတွေမှာအလှဆင်တဲ့ ကြယ်သီးပါ။ အဲဒီတုန်းက နှိပ်သီးဆိုတာ မပေါ်သေးဘူးထင်ပါတယ်။ ဖန်ကိုအရည်ကျိုပြီး ပုံလောင်းပါတယ်။ ဖန်ကြယ်သီးမှာ ကြေးကွင်း လေးတွေတပ်ပေးရပါတယ်။ မိန်းမအင်္ကျီတစ်ထည်ဆိုရင် ကြယ်သီး ၄၊ ၅၊ ၆ လုံးတပ်ရတယ်။

ပြီးတော့ ဖန်ကြယ်သီးတွေကို ဘုရားကြီးမြောက်စောင်းတန်းက အလှကုန်ရောင်းတဲ့ဆိုင်တွေမှာ တင်တယ်။ ဖန်ကြယ်သီးလေးတွေက မှန် ဘီဒိုထဲမှာ မီးရောင်တဖျပ်ဖျပ်ဆို အလွန်တောက်ပကြတယ်။ အိမ်မှာက ဖားဖိုလည်းရှိတယ်။ ကုန်ကြမ်းတွေဖြစ်တဲ့ ဖန်တိုဖန်စတွေလည်း အလွန်ပေါတယ်။ အဲ ဖန်ကြယ်သီးတွေ ခေတ်မရှိတော့တဲ့အချိန်ကျတော့ အဖေ့လုပ်ငန်းသုံးပစ္စည်းတွေက ကျွန်တော့်အတွက် ကစားစရာတွေ ဖြစ်ကုန်တော့တာပေါ့။ ဖန်စရောင်စုံကလေးတွေ ကျွန်တော့်ရဲ့ ငှက်ရောင်စုံတွေ ဖြစ်ကုန်ရော။ ပြီးတော့ ကျွန်တော့်အိမ်ခြံဝင်းအတွင်းမှာ အဖေစိုက်တဲ့ သစ်ပင်ပန်းပင်ဟူသမျှလည်း ကျွန်တော့်ကစားစရာ ဖြစ်ခဲ့တာပဲ။ ပြောခဲ့တဲ့အတိုင်း မွေးနေ့တိုင်းမွေးနေ့တိုင်း ကစားခဲ့တာ ဆိုတော့ အသက် ၇၅ နှစ်မှာ ဘာကစားရမှန်းမသိ ခက်နေတယ်။ စဉ်းစားပြီး ကစားခဲ့တာတွေလည်း စုံလှပြီ။
ဒီလိုနဲ့ ကလေးဘဝက ကစားခဲ့တာတွေ တွေးလို့မရဘူးဖြစ်နေချိန်မှာပဲ ကံကောင်းချင်တော့ ဦးမောင်ကြီးမြင်းလှည်းကို ကျွန်တော်သတိရမိ တယ်။
ဦးမောင်ကြီးမြင်းလှည်းဆိုတာ ကျွန်တော့်အဖေအငှားမောင်းတဲ့ မြင်းလှည်းပါ။ ဦးမောင်ကြီးဆိုတာ မြင်းလှည်းပန်းပဲဆရာကြီးပါ။ သူက မြင်းလှည်းတွေကိုယ်တိုင်လုပ်ပြီး လှည်းငှားစားပါတယ်။ မြင်းကတော့ ကိုယ်မြင်းကိုယ်ပေါ့။ အဖေက မြင်းနှစ်ကောင်ရှိတယ်။ မြင်းလှည်း မရှိဘူး။ ညနေမြင်းလှည်းသိမ်းချိန်၊ လှည်းကို ပန်းပဲဖိုမှာထားခဲ့ပြီး မြင်းချည်းဆွဲ ပြန်လာရတယ်။ မြင်းလှည်း အိမ်မပေးဘူး။ ဒါပေမဲ့ ရှေးလူတွေက ကတိသစ္စာရှိကြတယ်။ ကျွန်တော့်အဖေဆို ဦးမောင်ကြီးလှည်း သုံးလလောက်မောင်းအပြီး ဦးမောင်ကြီးက အဖေ့ကို မြင်းလှည်းအပိုင်ပေးလိုက်တယ်။ တစ်ခါတည်း ၄၊ ၅ လငှားပြီးရင် ငှားသူကို ပေးလိုက်တာမျိုးပါပဲ။ သဘောကတော့ သူ့ဘာသာ ‘မြင်းလှည်း လုပ်ရောင်း’တဲ့သဘောမျိုး လုပ်ပါတယ်။ ကုသိုလ်ကြီးမားတဲ့ သမ္မာအာဇီဝပေါ့။

ခါတိုင်း မြင်းဆွဲပြန်လာတဲ့အဖေ မြင်းရထားနဲ့အတူအိမ်ပြန်လာတော့ ကျွန်တော်အရမ်းပျော်သွားတယ်။ မိသားစုတစ်စုလုံးကို ပျော်ရွှင်သွား ကြတာ။ အဖေနဲ့အမေက ဦးမောင်ကြီး ကျန်းမာသက်ရှည်ဖို့ ဆုတောင်းရင်း ပျော်ကြတယ်။
ကျွန်တော်က ‘ကစားစရာမြင်း လှည်းလေး’ရတယ်။
ကိုငြိမ်း (မန္တလေး)

ငါဘာကောင်ပါလိမ့်
****************
ကိုငြိမ်း (မန္တလေး)
ငါတော့ ဘဝမှာ ဝတ္တုတိုအပုဒ် ၁ဝဝ ပြည့်အောင် ရေးလိုက်ဦးမယ်ဆိုတဲ့ရည်ရွယ်ချက် မရှိခဲ့တာအမှန်။ ဒါပေမဲ့ ဝတ္တုတိုအပုဒ် ၁ဝဝ မက ရေးခဲ့မိပါလားလို့သိရတဲ့အခါ ကျွန်တော်ကိုယ်ကျွန်တော် ဘယ်လို နားလည်ရမှန်းမသိတော့ဘူးခင်ဗျ။ ဒါ့အပြင် ဘဝမှာ ဝတ္တုတိုရေးဖြစ်ရန် ရည်ရွယ်ချက်မရှိသူအနေနဲ့ ဒီမျှအရေအတွက်ရှိဝတ္တုတိုတွေ ရေးဖြစ်သွားရတာကိုလည်း ကျွန်တော်တော့ နားမလည်တော့ပါဘူး။
”လက်ဖွာဖွာနဲ့ အက္ခရာမဖြုန်းဘူး။ တစ်သက်လုံး ကဗျာရေးတယ် …”ဆိုတာ ကြွေးကြော်ပြီး ကဗျာလောကကို ဝင်လာခဲ့သူဟာ ကျွန်တော်မှ ဟုတ်ပါလေစလို့ သံသယဖြစ်မိတဲ့အထိ။

ကဗျာနဲ့ပတ်သက်ပြီး ပထမဦးဆုံးတွေးစ ပြောရမယ်ဆိုရင် ၁၉၆၅ ခု အောက်တိုဘာလထုတ်၊ နှစ်ကျပ်တန်၊ ငွေတာရီ ပုဂ္ဂလိကမဂ္ဂဇင်းက စပြောရမယ်။ အဲဒါကျွန်တော့်ရဲ့ ပထမဆုံးကဗျာစာမူပါ။ အဲဒီထဲက ကဗျာကို အစဉ်တစိုက်ရေးလာခဲ့တာ ၁၉၉၄ ခု ဧပြီလအထိလို့ ဆိုရမှာပါ။
ဒီ ၁၉၉၄ ခုနှစ်မှာပဲ ကျွန်တော်က ကဗျာအပြင် ဝတ္တုတိုတွေပါ ရေးဖွဲ့ဖြစ်ခဲ့ပါတယ်။ ၁၉၉၄ အောက်တိုဘာလထုတ် ရွှေအမြူတေမဂ္ဂဇင်းပါ ‘တိုရှီဘာ ကြာနီကန်’ဝတ္တုဟာ ကျွန်တော်ဝတ္တုတိုတွေရေးဖို့ အစပျိုးလိုက်တဲ့ဝတ္တုလို့ ဆိုရမှာပါ။ ဝတ္တုက ကွယ်လွန်သူ သူငယ်ချင်း ဝင်းစည်သူအကြောင်း ရေးဖွဲ့ထားတဲ့ဝတ္တုပါ။ အဲ ဒီဝတ္တုကို ဝေဖန်သူတွေက ကျွန်တော့်ကို ‘ဝတ္တုနဲ့ကဗျာကို မကွဲပြားသေးဘူး’လို့ ဝေဖန်ကြတာ မှတ်မိပါတယ်။

အဲဒီတော့ ကျွန်တော် ဝတ္တုနဲ့ကဗျာကွဲသလား၊ မကွဲဘူးလား ကြည့်လိုက်ကြရအောင် …
အစီအစဉ်က ည တောင်သမန်တံတားပေါ်၊ ရန်ကုန်မန္တလေးကဆရာတွေ ဝင်းစည်သူနဲ့ပတ်သက်တဲ့ ခံစားမှုတွေပြောကြတဲ့ အစီအစဉ်တွေပါ။ တံတားပေါ်မှာ အားလုံးနေရာယူပြီးကြပြီ။ ကျွန်တော်က အစီအစဉ်မှူးပါ။ တစ်ယောက်ပြီး တစ်ယောက်ဖိတ်ခေါ်ပေးရတဲ့ တာဝန်ပါ။ ဖိတ်ခေါ်တဲ့နေရာမှာ လူနာမည်ဖော်ပြီး ဖိတ်ခေါ်တာမျိုးမဟုတ်ဘဲ ဒီလိုဖိတ်ခေါ်ပါတယ်။
”အခုဖိတ်ကြားမယ့်ပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့ကို ကျူးဘားတော်လှန်ရေးထဲကို ဆွဲသွင်းတယ်။ ချေဂွေဗားရားဆီက ယာဗနာဆေးပြင်းလိပ် တောင်းသောက်ခိုင်းတယ်။ ပြီးတော့ သင်းက ကျွန်တော်တို့ကို ဟစ်တလာနဲ့ပါ ခြိမ်းခြောက်သွားသေးတယ် …”
ကျွန်တော့်ဖိတ်ခေါ်မှုက ဒါ လောက်ပါပဲ။ ဒီအခါ …ဆရာလင်းယုန်မောင်မောင်က စကားပြောဖို့ ထလာပါတယ်။ အဲ ..ဆရာစကားပြောမယ်လို့ ပြင်တုန်း၊ ကျွန်တော်က ‘ဆရာခဏနေဦး၊ ကျွန်တော်လိုင်လာခါပေး(လက်)ကို ချစ်တယ်ပြောချင်တာ၊ ကျန်သွားလို့ …”လို့ ဝင်ဟန့်လိုက်တော့ သူငယ်ချင်းတွေအားလုံး ပွဲကျသွားပါရော။

ကျွန်တော်တို့က ‘ဥက္ကဋ္ဌကြီး’လို့ ချစ်စနိုးခေါ်ကြတဲ့ ဆရာကြီးလင်းယုန်ပြီးတဲ့အခါ။ ဒုတိယပြောမယ့်လူကို ထပ်ဖိတ်ခေါ်ပါတယ်။
”ဟိုမယ်… လေညင်းရှာသူ ပြန်လာပြီ။ ပြတင်းပေါက်တွေဖွင့်လိုက်ပါ သူ့လမ်းကို ဆက်ရှာပါစေ ..ဒါပေမဲ့ ..သီချင်းတော့ မဆိုစေနဲ့ …”
ကျွန်တော့်ဖိတ်ခေါ်မှုအပြီး ပြုံး ဖြီးဖြီးနဲ့ ထလာသူမှာ ဆရာနေဝင်းမြင့်။ ဝင်းစည်သူလွမ်းတာနည်းနည်း၊ သီချင်းများများနဲ့၊ ဆရာနေအပြီး နောက်ထပ်ကဗျာဆရာတစ်ဦး ထပ်ဖိတ်ခေါ်ပါတယ်။
”လူလည်း ရိုး- ကဗျာလည်း ရိုး၊ အသေရိုးပါတဲ့အို ဗျ၊ ငပွေး ….”
ဒါကတော့ နည်းနည်းပေါ်တင် ကျတယ်။ ကဗျာဆရာနီမောင်ကိုဖိတ်ခေါ်မှန်း အားလုံးသိကြတယ်။ ဒါပေမဲ့ နီမောင် ..ဒီကောင်က ညစ်တယ်။ သူ့ကိုခေါ်မှန်းသိရက်နဲ့ မသိဟန်ဆောင်နေတယ်။ ဒါနဲ့ကျွန်တော်က ပြောင်းခေါ်ရတယ် ..။
”လူလည်း ရိုး- ကဗျာလည်း ရိုး၊ မအေ ရိုး၊ မအေ ရိုးအိုဗျ၊ ပွေးမျက်လုံးနဲ့ ပြုံးတဲ့သခင် …”
ဒီတော့မှ နီမောင် ထလာတယ်။ ပါးစပ်က တဟဲဟဲ။ ဒီတော့ ဆက်ပြီး နောက်တစ်ယောက်
”ငါ ရင်ဘတ် ဖွင့်မကြည့်ဘဲ။ ငါ့နှလုံးသား ပုံတူရေးနိုင်တယ်။ သူဟာ ဗင်ဂိုး မဟုတ်ဘူး။ ပေါ်ဦးသက်လည်း မဟုတ်ဘူး” ဒီဖိတ်ခေါ်ချက် ကိုတော့ ကျွန်တော်တို့အဖွဲ့ထဲက တစ်ဦးတည်းသော ပန်းချီဆရာဖြစ်တဲ့ ဆရာယဉ်မင်းပိုက်ကထလာပြီး တောင်သမန်ညကြီးမင်းကြီးကို ဆေး ရောင်ခြယ်တော့တာပဲ။ နောက်တစ်ဦး ထပ်ဖိတ်
”နီမောင်က စိန်ခေါ်နေတယ် အရိုး ပြိုင်မလား ..ဟဲ”
ဒီတော့ ဘယ်သူရှိရမလဲ။ အင်းစိန်က ကိုကြည်နိုင်တဲ့။ အက်ဆေးကို ပရဆေးဖော်သလို ဖော်တော့တာ။ ဆရာကြည်နိုင်ပြီးတဲ့အခါ ကျွန်တော် အသံတင်ပြီး နောက်တစ်ယောက် ထပ် ‘ပင့်’။
”မိတ်ဆွေတို့ ခင်ဗျားတို့ ကြပ ကြပ် သတိထား၊ ဟိုမှာ …လွယ်အိတ်တစ်လုံးနဲ့ သူလာနေတယ်သူ့လွယ်အိတ်ထဲမှာ ပေတံဆိုဒ်စုံ ပါတယ်၊ ပြီးတော့ ခင်ဗျားတို့ အနုပညာကို သူက ဟိုတိုင်း ဒီတိုင်း လုပ်ဦးတော့မယ် …”
ထိုစဉ်က စာပေဝေဖန်ရေးတွင် နာမည်ရစဖြစ်သော ဆရာစိုးမြင့်လတ်ထလာပြီး တောင်သမန်ညကို ပေကြိုးဆွဲတော့တာပဲ။
ပြောသာပြောရတာ။ ဒါတွေ ပြန်ရေးနေရင် ပြီးမှာမဟုတ်တော့ဘူး။ ကျွန်တော်ဝတ္တုရေးခါစက သူတို့ပဲ ကျွန်တော့်ကို ”ဝတ္တုနဲ့ကဗျာ မကွဲဘူး” ရေးခဲ့ကြတယ်။
ကျွန်တော်ကလည်း ကျွန်တော်ပဲ။ မူးနေရင် အခမ်းအနားမှူးနဲ့ ကဗျာဆရာမကွဲဘူး။
ကျွန်တော် ဘာကောင်မှန်း မသိပါဘူးဗျာ။ ။
ကိုငြိမ်း (မန္တလေး)
သုံးပုဒ်စလုံးကို ပေါ်ပြူလာဂျာနယ် ဝက်ဘ်ဆိုဒ်ကနေ ကူးယူပါတယ်။ ပေါ်ပြူလာကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့

0 comments:

Post a Comment