“ အိမ်ကလေး (၃) ” နေဝင်းမြင့်
မနက်ခင်း ကျနော် လမ်းလျှောက်ထွက်တိုင်း သည်အိမ်ကလေးနားက ဖြတ်ရသည်။ အိမ်ကလေးဆိုသော်လည်း ခေတ်ဟန် တိုက်တလုံး ဖြစ်သည်။ ကျနော် လမ်းလျှောက်သော တာရိုးကမြင့်ပြီး ထိုတိုက်အိမ်က ခပ်လှမ်းလှမ်းအနိမ့်ထဲမှာ ရှိနေခြင်းဖြစ်၏။ သုတ်ထားသည့်ဆေးရောင်က “မနက်ခင်း၏ ကျက်သရေ”ဟု ခေါ်သည့် မီးခိုးဖျော့ရောင်ဖြစ်သည်။ တံခါးတွေ၊ ပြတင်းတွေအားလုံးပိတ်ထားသော်လည်း တိုက်အိမ်၏သစ်လွင်မှုက ကျန်နေသေးသည်။ အိမ်ပတ်လည်မှာ ကျွန်းပင်တွေစိုက်ထားသဖြင့် ရပ်ကွက်က ကျွန်းတောအိမ်ဟု ခေါ်ကြသည်။ အိမ်ရှေ့မှာ စိန်ပန်းပင်ကြီးတပင်ရှိသဖြင့် တိုက်အိမ်၏လေသာဆောင်ကို စိန်ပန်းကိုင်းတွေ တိုးဝင်နေသည်။
“သည်တိုက်အိမ်ကလေးမှာ အရင်က သစ်တောအရာရှိကြီးတယောက်နေခဲ့တာ၊ မနက်ခင်းဆိုရင် ခွေးတကောင်နဲ့ လမ်းလျှောက်နေကျ၊ လမ်းလျှောက်တုတ်ကြီး ဝင့်ဝင့်လျှောက်တာရယ်၊ ခါးမှာ စစ်သုံးခါးပတ်ပြားကြီး ပတ်ထားတတ်တာရယ်ကြောင့် လူတွေက ဘုမသိဘမသိ တောအုပ်ကြီးလို့ ခေါ်ကြတယ်၊ သူ့မိန်းမက သိပ်ချောတာပဲ၊ တောအုပ်ကြီးနဲ့ မလိုက်ဘူး”
တရက် လမ်းလျှောက်ရင်း ဇနီးသည်က ပြောပြခြင်းဖြစ်သည်။ သည်အဖြစ်အပျက်က ကြာပြီဟုဆိုသည်။ သည့်နောက်ပိုင်းဇာတ်လမ်းကတော့ သိပ်ပြီး မရေရာသည့်ဇာတ်လမ်းမျိုးသာ ဖြစ်သည်။ တရက်မှာတော့ တောအုပ်ကြီး၏ဇနီး မိန်းမချော ရုတ်တရက်ကွယ်လွန်ခဲ့သည်ဟုဆိုသည်။ သည့်နောက်မှာ တောအုပ်ကြီးက တပည့်ဖြစ်သူ ချောင်းခေါင်းလင်မယားကိုထားရစ်ကာ အဝေးသို့ ထွက်ခွာသွားတာလည်း ပါသည်။ မကြာမီ ချောင်းခေါင်းလင်မယားလည်း တိုက်ကို သော့ခတ်ပြီးကတည်းက ပြန်ရောက်မလာတော့တာလည်း ပါသည်။
“ဒါက အစိုးရပိုင် အိမ်ပဲ၊ တခြားအရာရှိတွေ မထားတော့ဘူးလား”
“မှတ်မိသလောက်တော့ နေကြတယ်နဲ့တူတယ်၊ ခက်တာကသည်နေရာက ခုမှသာ စည်ကားလာတာလေ၊ ဟိုတုန်းက သည်ဘက်ကို တော်ရုံတန်ရုံကိစ္စနဲ့လာကြတာမဟုတ်ဘူး၊ သည်တာရိုးကြီးက ဟိုတုန်းက မြစ်နဲ့ ပိုနီးတာဆိုတော့ သည်ဘက်မှာ လမ်းရယ်လို့ မရှိခဲ့ဘူး”
ကျနော့်စိတ်ထဲမှာ သည်ဇာတ်လမ်းသည် ထူးခြားမနေသော်လည်း လမ်းလျှောက်တိုင်း သည်တိုက်အိမ်ကို မြင်ရ၊ မြင်ရတိုင်း ဇာတ်လမ်းအကြမ်းထည်ကို သတိရ၊ သတိရတိုင်း သိချင်စိတ်ကလေး “လူ” လာတတ်တာတော့ ရှိသည်။ တညတော့ တာရိုးစောင်း မေးတင်ထားသည့်မီးကင်းတဲမှာ ကျနော် သွားထိုင်သည်။ ထိုညက အိုက်စပ်ပူလောင်လွန်းလှသည့် ည ဖြစ်ပါသည်။ လေသည်ပင် ကမ္ဘာလောကနှင့် ဝေးရာအရပ်သို့ ခရီးလွန်နေပုံမျိုး။ လရောင်ကတော့ ရှိ၏။ ကင်းသမားကြီး ဦးကြီးဖေက မယ်ဒလင်ကလေး ဘေးချကာ ကျနော့်ကို ရေနွေးငှဲ့ပေးသည်။ သည်ကင်းသမားကြီးက အ အိပ် အနေ နည်းသည်။ ဝါသနာပါ ဟန်တူသည့် မယ်ဒလင်ကလေးကို ဂျောင်ဂျောင်ဂျင်ဂျင် တီးနေတတ်သူ ဖြစ်၏။
“ဦးကြီးဖေက ဝန်ထမ်းဟောင်းလား”
“သစ်တောထွက်ပေါ့ဗျာ၊ သစ်တောထွက်ဆိုပေမယ့် ကျွန်း၊ ပျဉ်းမတိုးထဲက မဟုတ်ပါဘူးဗျာ၊ ဒီဒူး လက်ပံလောက်ပါ”
သူ့စကားကို ကျနော် သဘောကျသွားသည်။ သည်လိုနှင့် သစ်တောထွက် ကင်းသမားကြီးနှင့် ကျနော် စကားတွေ ပြောဖြစ်ကြသည်။ တောခေါင်းကြီး၏ တိုက်အိမ်အကြောင်းလည်း အကြောင်းတိုက်ဆိုင်စွာ ပါလာခဲ့၏။
“အဲသည့်တိုက်က အင်မတန် သရဲခြောက်တယ်လို့ နာမည်ကြီးတာကိုးဗျ၊ တောခေါင်းကြီးမိန်းမက မကျွတ်ဘူး ပြောကြတာပဲ၊ တချို့က လေသာဆောင်ကို ထိုးဝင်နေတဲ့ စိန်ပန်းပွင့်တွေကိုခူးနေတာ တွေ့ကြသတဲ့၊ ကျုပ်တောင် တာဝန်နဲ့ အဲသည့်နား အစောင့်ကျဖူးတယ်၊ မတွေ့ခဲ့ပေါင်ဗျာ”
“ဌာနက နောက်ထပ် ဝန်ထမ်းတွေ မထားတော့ဘူးလား”
“အစိုးရပဲဗျာ ဘာအယုံအကြည်ရှိလိမ့်မလဲ၊ ထားတာပေါ့၊ ခက်တာက အစိုးရကို ခြောက်တာ မဟုတ်ဘူးဗျ၊ နေတဲ့လူကိုခြောက်တာဆိုတော့ သိပ်ကြာကြာ မနေကြဘူး”
ဦးကြီးဖေ ပြောစကားအရ သည့်နောက်ပိုင်း ပိတ်ထားလိုက်ရတာကပဲ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့ပြီဆို၏။ ကျနော့ဇနီး၏ အမှတ်သညာနှင့် မကွာလှပါ။ ဦးကြီးဖေက သည်တိုက်ကလေး ဆောက်စက “သာကဝန်”ဟု အမည်ပေးခဲ့ကြောင်း ပြောပြနေသည်။ သာကဝန၊ ကျွန်းတောဆိုသည့် အဓိပ္ပာယ်။ သို့သော် သာကဝန်လို့ မခေါ်ကြဘဲ ကျွန်းတောအိမ်လို့သာ ခေါ်ခဲ့ကြတာ ကျနော် ပြောခဲ့ပြီ။
“တိုက်ကြီး ဘယ်လောက်ကောင်းကောင်း လူမှ မနေဝံ့ရင် ဘာလုပ်မလဲဗျာ၊ ကျုပ်ရဲ့ ဟောသည့် ကင်းတဲကမှ ကျက်သရေရှိသေးတယ်”
ကင်းတဲကပြန်တော့ ကျနော့်မှာ တွေးစရာတွေ ရခဲ့သည်။ တွေးစရာဆိုတာထက် သတိရစရာဟု ဆိုနိုင်ပါသည်။ ကျနော် ငယ်ငယ်ဝန်ထမ်းဘဝက နယ်မြို့ကလေးတမြို့သို့ တာဝန်ဖြင့် ရောက်ခဲ့ရသည်။ တာဝန်ဖြင့် ပြောင်းရွှေ့ရတာ မဟုတ်သော်လည်း မိခင်ဌာနအတွက် လိုအပ်သောကုန်ကြမ်းတမျိုးကို သည်နယ်မြို့ကလေးမှတဆင့် ပို့ပေးရသည့်အတွက် နှစ်ပေါက်နေဖို့ ဖြစ်လာသည်။ ရောက်စက ကုန်ကြမ်းကောက်ပေးသည့်ပွဲစားများနှင့် အတူနေခဲ့သော်လည်း ရေရှည်မှာ မကောင်းနိုင်သဖြင့် အိမ်ငှားရတော့သည်။ ကျနော်က သီးခြားနေချင်သည်။ မြို့ကလေးနှင့် ဝေးချင်သည်။ စာရေးစာ ဖတ်ရင်း တာဝန်ထမ်းဆောင်ချင်သူ ဖြစ်သည်။
ကျနော်သည်ပင် တပည့်သာသာဝန်ထမ်းဆိုတော့ကျနော့်အတွက် တပည့်ဆိုတာကို မမျှော်လင့်နိုင်။ သည်တော့ ကိုယ်တိုင် ချက်ရပြုတ်ရသည်။ နေ့လယ်ခင်း မြို့ထဲမှာရှိနေရသော်လည်း လမ်းလျှောက်ပြီး ထမင်းပြန်စားသည်။ တရေးတမောအိပ်၊ စာကလေးဖတ်ပြီး နှစ်ချက်ထိုးလောက် မြို့ထဲပြန်၊ ညနေ မှောင်မှ တခုခုဝယ်ကာ ပြန်လာတတ်မြဲ ဖြစ်သည်။ ကျနော့်ကို ငှားပေးသည့်အိမ်ကလေးက မြို့နှင့်လှမ်းသော်လည်း အနီးက ရွာတန်းရှည်ကလေးနှင့်တော့ အဆက်အစပ်ရှိသည်။ သည်အိမ်ကိုငှားတော့ ပွဲစား ကိုကောင်း ပါသည်။
“အိမ်ကလေးက ခင်ဗျားကြိုက်မှာပါ၊ သစ်သားအိမ်၊ ပျဉ်ကာသွပ်မိုး၊ ကြမ်းခင်းနှစ်ထပ်ဗျ၊ ခွေးကတက်၊ ဖိနပ်ချွတ်က တထပ်၊ ပြီးမှ အိမ်မကြမ်းခင်းပေါ် တက်နိုင်တာ၊ ပြီးတော့ ကိုယ့်ဝင်း ကိုယ့်ခြံကလေးနဲ့ဗျ၊ ဝင်းတံခါးကလည်း သော့နဲ့၊ အိမ်ကလည်း သော့နဲ့၊ ရေချိုးဖို့ အုတ်ကန်ကလေး ရှိတယ်၊ ဘူးစင်ကလေးတောင် ရှိသေးတယ်”
အိမ်လခ၊ အိမ်၏ အကျယ်အဝန်း၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမည့်အချက်များ၊ ရေမီးကိစ္စ၊ စပေါ်အပျောက် စသည့် အချက်အလက်များကိုမပြောဘဲ သော့၊ အုတ်ကန်၊ ဘူးစင် အကြောင်းသာ ပြောနေသည်။ မေးကြည့်တော့ ရေက မနက်ခင်း ရေထမ်းသမားက အုတ်ကန်ထဲထည့်ပေးသည်။ မီးမရှိ။ စပေါ်အပျောက် မရှိတာထား၊ အိပ်လခပင် ပေးစရာမလိုဟု ဆိုလေသည်။
“သည်အိမ်က တရားသူကြီးတယောက်ရဲ့ အိမ်၊ အိမ်မှာ လူမရှိဘူး။ မိန်းမသေပြီးကတည်းက တာဝင်ကျရာ နယ်မှာပဲ နေတော့တာ။ အိမ်မပျက်စီးအောင် လူနေရင် တော်ပြီတဲ့၊ တရားသူကြီးအမျိုးတွေ ရွာထဲမှာ ရှိတယ်၊ ခင်ဗျားဆိုရင် အရှုပ်အရှင်းမရှိနိုင်လို့ ထားချင်တယ်လို့ပြောတယ်”
ဤသို့အားဖြင့် ကျနော် သည်အိမ်ကို ရောက်လာခဲ့သည်။ ဝင်းထဲမှာ မြက်ပင်က ရှည်လှပြီ။ အိမ်ကလေးကတော့ တော်တော့်ကို သစ်လွင်ပါသေးသည်။ မျက်နှာကြက်မပါသဖြင့် အိမ်မိုးသွပ်တွေကို မြင်နေရသည်။ အိမ်မျက်နှာမှုသည့်အတိုင်းဆိုလျှင် ဘယ်ဘက်မှာ မီးဖိုချောင်အဆောင်နှင့် တွဲထားသည်။ အိမ်ကြမ်းခင်းတွေမှာ ဖုန်တွေ တင်းကျမ်း။ ဘုရားစင် ပေါ်မှာ ညောင်ရေအိုးတလုံးရှိနေကာ ပန်းခြောက်တွေက ကြွပ်ရွနေ၏။
အိမ်ရှေ့ဧည့်ခန်းကလည်း တပြင်တည်း အလျားရှည်ကြီး ဖြစ်သည်။ အတွင်းခန်းလို့ ပြောနိုင်သည့် သုံးထပ်သားကန့် အခန်းထဲမှာတော့ အိပ်ရာခေါင်းအုံးတွေ ရှိနေပြီး ခေါက်ခေါက်သိမ်းသိမ်း မဟုတ်။ ဖုန်တသောသော၊ အိမ်ရာတွေ ခင်းဖြန့်ထားပုံက ထူးဆန်းနေသည်။ မီးဖိုချောင်ကို ဝင်ကြည့်ကြတော့ ဆန်အိုးထဲမှာ ဆန်တွေရှိသော်လည်း ပိုးထိုးလောက်ကိုက်။ သစ်သားမီးခြစ်ကလေးက မီးဖိုဘေးမှာ။ အဆန်တွေအတော်များများ ကျန်သေးသည်။ ချိတ်ထားသည့်မှန်အိမ်ထဲမှာ ရေနံဆီတဝက်၊ မှန်အိမ်ပြောင်းက မည်းညစ်နေသည်။ မီးသွေးတွေကတော့ မြင်မကောင်းအောင် ပြန့်ကျဲနေ၏၊ နံရံစင်ပေါ်မှာတော့ အိုးတွေ ရှိသည်။ အိမ်ရှေ့သံဆန်ခါကွက်မှာချိတ်ထားသည့် နတ်စင်သေးသေးက ဘယ်နတ်ကို ညွှန်းလေသည် မသိ။
ကိုကောင်း၏တပည့်များက တအိမ်လုံး သန့်ရှင်းပေးကြသည်။ တယောက်က ရေထမ်းပြီး၊ တယောက်က တဝေါဝေါ ဆေးချသည်။ “ညစ်ပတ်လိုက်တဲ့ တရားသူကြီးနှယ်”လို့လည်း ညည်းကြသေးသည်။ ကျနော်က ဧည့်ခန်း သုံးထပ်သား အကန့်တွေပေါ်က ဓာတ်ပုံကြီးသုံးပုံကိုသာ စိတ်ဝင်စားနေမိသည်။ အမျိုးသမီးသုံးယောက်၊ နှစ်ယောက်က ၆ဝ ကျော် အမယ်အိုများ။ တယောက်ကတော့ ငယ်သေး၊ ချောသေးသည်။ သွားတက်ကလေးပေါ်အောင် ပြုံးထားသည့် အပြုံးက ချစ်ခင်ဖွယ်ကောင်းသည်။ တရားသူကြီး၏ ကွယ်လွန်သူဇနီး ဟု ဆိုသည်။
“အဘွားကြီးနှစ်ယောက်က တရားသူကြီးရဲ့ အမေနဲ့ ယောက္ခမဗျ၊ ဒါက တရားသူကြီးကတော်၊ သိပ်ကို ငယ်သေးတာ၊ ဒေါ်မြသန်းကြည် တဲ့၊ ထူးဆန်းတာက သုံးယောက်စလုံး အဆုတ်ရောဂါနဲ့ သေကြတာ၊ သားသမီးတော့ မပေါ်ခဲ့ဘူး”
ကိုကောင်းပြောပြတော့မှ ကြက်သီးထသွားသည်။ အမျိုးသမီးသုံးယောက်စလုံးက ကျနော့်ကို ကြည့်နေကြသည်။ ဓာတ်ပုံအရိုက်ခံကြစဉ်က ကင်မရာမှန်ဘီလူးကို ကြည့်ကြသဖြင့် သည်လိုဖြစ်နေမှန်း ကျနော် သိပါသည်။ သို့သော် ဓာတ်ပုံထဲကအကြည့်တွေက ကျနော့်ကို အကဲခတ်နေကြပုံမျိုး ဖြစ်သည်။ ဒေါ်မြသန်းကြည်က ပိုဆိုးသေးသည်။ ဓာတ်ပုံကသာ ပြုံးနေသော်လည်း “ရှင်က ဘာကိစ္စ သည်အိမ်ပေါ် လာချင်ရတာလဲ”ဆိုသည့်အကြည့်မျိုး ဖြစ်နေသည်။ ဓာတ်ပုံကြီးတွေက သုံးပေခွဲ နှစ်ပေခွဲ ဆိုက်ကြီးတွေ။ မောက်တပ်ထားပြီး မောက်အောက်ခြေမှာ အမည်၊ မွေးဖွားသည့်ရက်တွေ ဓာတ်ပုံတိုင်းမှာပါတာ သတိထားမိပါသည်။
ကိုကောင်းက အတွင်းအိပ်ခန်းတခြမ်းကို ကန့်လန့်ကာဟောင်းတချပ်နှင့် ကာလိုက်ပြီး ဓာတ်ပုံကြီးများ အပါအဝင် စုံစီနဖာအားလုံး ထိုအခန်းထဲ ထိုးသိပ်ထည့်အေးသည်။ ဧည့်ခန်းအလယ်မှာ လူတရပ်စာမြင့်သည့်ကျွန်းဗီရိုတလုံး ရှိသည်။ အကန့်လေးကန့်ပါသည်။ အကန့်တိုင်းမှာ စာအုပ်တွေ၊ ဥပဒေကျမ်းတွေ၊ မဂ္ဂဇင်းတွေ၊ ဖိုင်တွေ ရှိနေတာ မှန်ချပ်များကတဆင့် မြင်နေရသည်။ အကန့်လေးကန့်ဆိုတော့ တံခါးနှစ်ချပ်အတွက် အကန့်ရှစ်ကန့်။ တကန့်မှာက ဒေါ်မြသန်းကြည်၏ ဓာတ်ပုံတပုံ အတွင်းက ကပ်ထားသည်။ မှန်ကွက်နှင့် ကွက်တိ။ ကျန်မှန်ကွက်များမှာတော့ ဘာမှမရှိသဖြင့် စာအုပ်တွေကိုမြင်နေရခြင်း ဖြစ်သည်။ ကိုကောင်းက ရုံးသုံးစက္ကူရှစ်ရွက်ကို ကော်သုတ်ပြီး မှန်ကွက်တွေပေါ်က ကပ်ပေးသည်။
“ဗီရိုက သော့ခတ်ထားတော့ အထဲက ဓာတ်ပုံကို ခွာလို့မရဘူးဗျ၊ မှန်ပေါ်က စက္ကူကပ်လိုက်တော့ သပ်ရပ်သွားတာပေါ့၊ စာအုပ်တွေနဲ့ဆိုတော့ ဗီရိုကို ရွှေ့ဖို့လည်းခက်တယ်”
သူပြောတာ မှန်ပါသည်။ ဗီရိုအတွက် ကျနော့်မှာ ကျဉ်းကျပ်မသွားပါ။ တယောက်တည်းဆိုတော့ အိမ်က ကျယ်လွန်းနေသေးသည်။ ကျနော့်သေတ္တာကလေး၊ အဝတ်ချိတ် သုံးလေးချောင်း၊ စာအုပ်တချို့၊ သောက်ရေအိုးတလုံး၊ ဖျာတချပ်၊ ခေါင်းအုံးတလုံးရောက်လာတော့ ပြည့်စုံသွားသည်။ ပက်လက်ကုလားထိုင်ကလေးကိုတော့ ဘူးစင်ရိပ်မှာချလိုက်သည်။ ရေက ရေထမ်းသမားကို သုံး၊ မီးက ဖယောင်းတိုင်ကို သုံး၊ တံမြက်စည်းက သည်အိမ်က အဟောင်း၊ ဟန်ကျသွားပြီ။ သို့သော် ကျနော့်အဖို့ ဆန်းနေသည့်အချက်မှာ အိမ်လခ မပေးရခြင်းနှင့် မည်သူကမှလည်း လာရောက် မစပ်စုကြခြင်းဖြစ်သည်။ တရားသူကြီး၏အမျိုးဆိုသူတွေပင် မလာကြ။ တပတ်လောက်နေတော့ ခြံဘေးအိမ်က ဘကြီးပွားမိသားစုနှင့် ခင်မင်သွားသည်။ ဘကြီးပွား အိမ်ထောင်သည်က ဘူးစင်အောက် စာဖတ်နေတတ်သည့်ကျနော့်ကို ပဲပြုတ်ဆီဆမ်းကလေး၊ လက်ဖက်ကလေး လာပေးတတ်၏။ တခါတခါတော့ နှီးဖျာနေသည့် ဘကြီးပွားထံ ရောက်သွားတတ်၏။
“အရေးအကြောင်းဆို ခေါ်ကွ၊ မင်းရှေ့က ငှားနေတဲ့ မိသားစုခြောက်စုလောက်လည်း သည်လို ပြောရတယ်၊ သိပ်မခံကြဘူးကွ၊ ပြေးကြတာပဲ”
ဘကြီးပွားက ကျနော့်ကို အိမ်ထောင်ရှိသလား မေးသည်။ နေရတာ အဆင်ပြေရဲ့လားမေးသည်။ ခြံရှေ့တောင်ပို့နားက ထွက်လာတတ်သော ခွေးနက်တကောင်ကိုမြင်ပြီးပြီးလား မေးသည်။ ဘုရားပန်းလဲဖို့၊ ရတနာသုံးပါးဆည်းကပ်ဖို့ ပြောတတ်သည်။ ကျနော်က မနက်ခင်းစောစော ထမင်းတလုံးတည်ကာ နေ့လယ် ပြန်လာမှ မြို့ထဲက ဟင်းဝယ်လာတတ်သည်။
တရက်မှာတော့ သတိထားမိတာတခု ရှိလာသည်။ အိမ်တံခါးသော့ဖွင့်လိုက်သည်နှင့် ကြမ်းပေါ်မှာ စက္ကူတရွက်ကျနေတတ်ကာ ထိုစက္ကူမှာလည်း မမြသန်းကြည်၏ ဓာတ်ပုံကပ်ထားသည့် မှန်ချပ်က စက္ကူလိုလိုချည်း ဖြစ်နေသည်။ တရက် မဟုတ်။ နှစ်ရက် မဟုတ်။ တခြားစက္ကူတွေက မကွာ။ သည်တချပ်တည်းကွာတာဆိုတော့ ကျနော်ကလည်း ကော်ကလေးပြန်သုပ်၊ ပြန်ကပ်။ နောက်တနေ့ တံခါးဖွင့်ကြည့်တော့ ကြမ်းပေါ်မှာ။ ဓာတ်ပုံကလေးက မှန်အတွင်းထဲကနေ ကျနော့်ကို ပြုံးပြမြဲ။ တညတော့ အိပ်မက်မက်သည်။ အမျိုးသမီးတယောက် ကျနော့်ခြေရင်းမှာ ရပ်နေသည်။ သွားတက်တွေက ညအမှောင်ထဲမှာ လက်ခနဲ။
“ကျမကို စက္ကူနဲ့မကာနဲ့လေ၊ ကျမ မကြိုက်ဘူး”
အိပ်ရာကနိုးတော့ ချွေးတွေပြန်နေသည်။ သံဆန်ခါကြားက လရောင်ကို မြင်နေရသည်။ သွပ်မိုးပေါ် နှင်းကျသံက ဖြိုးဖြိုးဖြောက်ဖြောက်။
တခါတော့ သေတ္တာပေါ်တင်ထားသည့် ကျနော့်နာရီကလေးမနက်မိုးလင်းတော့ မတွေ့။ ရှာသော်လည်း ဘယ်မှာမှ မတွေ့တော့ အံ့သြရသည်။ နာရီတလုံး ဝယ်လိုက်ရတော့သည်။ နောက်တပတ်လောက်ကြာတော့ အိပ်မက် မက်ပြန်သည်။ အမျိုးသမီးတယောက်နှင့် ကျနော် ဘူးစင်အောက်မှာ စကားတွေ ပြောနေသည်။
“နာရီကလေးကို နှမြောနေတယ် မဟုတ်လား၊ ကျမ စထားတာပါ ပြန်ပေးမယ်”တကယ်လည်း ပြန်တွေ့ခဲ့သည်။ တညမှာလည်း ဖိနပ်ချွတ်နှင့် အိမ်မကြီး ကြမ်းပြင်ကြား ဟနေသည့်နေရာမှာ ခွေးနှုတ် သီးမည်းမည်းကိုမြင်လိုက်ရတော့ တံမြက်စည်းနှင့် ရိုက်ချလိုက်သည်။ ကန့်လန့်ကာကြီး ကာထားသည့် တိုလီမုတ်စအခန်းဆီမှ ပစ္စည်းရှာသံ၊ ခြေလျှောက်သံတွေ ကြားရတာကလည်း ခဏခဏ။ တရက်တော့ သည်အိမ်ကပြောင်းရဖို့ ဖြစ်လာခဲ့သည်။ ကြီးမားသလောက် တောင့်တင်းလှသော သွပ်မိုးပျဉ်ကာအိမ်ကြီးကို ဆင်နှင့်အောင်းနေသလို တသိမ့်သိမ့် လှုပ်ခါနေတာကို ကျနော် မခံနိုင်တော့၍ ဖြစ်သည်။ ကိုကောင်းနှင့် ဘကြီးပွားက ကျနော့်ပစ္စည်းကလေးတွေ ပြန်သိမ်းပေးကြသည်။
“တရားသူကြီးက နယ်မှာ နောက်အိမ်ထောင်ပြုလိုက်ပြီဆိုတဲ့သတင်း ရောက်လာကတည်းက သည်အိမ်ဟာ ထူးခြားလာတာပဲ၊ သည်အိမ်က ဝယ်မယ့်သူလည်း မရှိဘူး၊ ငှားမယ့်သူလည်း မရှိဘူး၊ ရောက်လာသမျှလည်း မမြဲကြဘူး၊ မိန်းမသုံးယောက်ဓာတ်ပုံတွေကို ပြန်ချိတ်ပေးလိုက်ကြပါကွာ၊ သူတို့ပဲ နေကြပါစေတော့”
သည်အဖြစ်အပျက်က ပြောလျှင် ယုံလောက်စရာမရှိသော ကျနော့်ကိုယ်တွေ့ ဖြစ်သည်။ ဤသို့ဆိုသဖြင့် လောက၌ တစ္ဆေသရဲတို့သည် ရှိကုန်၏ဟု ကျနော် မဆိုဝံ့ပါ။ သို့သော် ပြင်းပြသော မိန်းမသားတို့၏ ချစ်ခြင်းမေတ္တာကိုတော့ လျစ်လျူမရှူသာ။ တောအုပ်ကြီး၏ဇနီးသည်လည်းကောင်း၊ တရားသူကြီး၏ ဇနီးသည်လည်းကောင်း ထိုအိမ်များ၌ရှိနေသည်ဆိုလျှင်ပင် မည်သူ့ကိုမျှ ထိခိုက်စရာမရှိ။ သို့သော် အိမ်ကလေးတွေကို ထိခိုက်နေသည်။ တပါးသော ပယောဂကြောင့် မဆီမဆိုင် အိမ်ကလေးတွေမှာ ပြစ်ဒဏ်ကျခံရသည်။
သည်အကြောင်းကို ညကျလျှင် ကင်းသမားကြီး ဦးကြီးဖေကို ပြောပြဦးမည်။ ထုံးစံအတိုင်း အိမ်ကြီးတိုက်ကြီး ဘယ်လောက်ကောင်းကောင်း လူမှ မနေဝံ့ရင် ကျုပ် ကင်းတဲလောက်တောင် ကျက်သရေမရှိဘူးလို့များ ဆိုနေလေမလား။ တကယ်တော့ အိမ်ကလေးတွေမှာ အပြစ်မရှိ။ နေဝင်းမြင့်
အိမ်ကလေး ၁၆ လုံးမှ …
( linnmyatyaungsin.blogspot မှ တစ်ဆင့်ကူးယူ ပြန်လည်မျှဝေပါသည်

0 comments:
Post a Comment