Monday, February 25, 2019

ချစ်ခြင်း၌တည်သောအချစ် (မျိုးမြင့်ချို)

0 comments
(ချစ်ခြင်း၌တည်သောအချစ်)စောက်ရှောက်သူမဲ့ စွန်ပစ်ခံတိရိစ္ဆာန်ဂေဟာမှ ကျနော် ရွေးယူမွေးစားခဲ့သည့် ဤ မိမဲ့ဖမဲ့ ခွေးလေး ၂ ကောင်ကို ကျနော်ချစ်ပါသည်။ အထူးသဖြင့် အဇ္ဇီကို ပိုချစ် ပိုသနားပါသည်။ စိတ်ကောင်းရှိရုံမက ခလေးလေးလို အပြစ်ကင်းစင်သည့်အတွက်လည်း ပါပါသည်။ ညအိပ်လျှင် ကျနော့်ရင်ခွင်ထဲ ဝင်ကွေးကာ ငြိမ်ငြိမ်လေးအိပ်ပါသည်။ တခါတလေ ကျနော် မူးမူးနှင့်လွန့်သဖြင့် ဖိမိကန်မိသဖြင့် သူ မသက်မသာဖြစ်သည့်တိုင် တချက်ကလေးမှ မညည်းပဲ ကိုယ်လေးကို ရွှေ့ရွှေ့ပေးပါသည်။ စောင်တွေခေါင်းအုံးတွေ ကန်ထုတ်မိပြီး ကုတင်အောက် ကျသွားလျှင်လည်း မနိုင့်တနိုင်နှင့် အောက်ဆင်းကောက်ပေးပါသည်။ သူ ချီမရလျှင် မနိုင်တော့လျှင့် ကုတင်ပေါ်ပြန်တက်ကာ ကျနော့်ကို ပါးလျှက်လျှက်ပြီး နှိုးပါသည်။ ကျနော် အိပ်ချင်မူးတူး မထချင်ထချင်နှင့်ထပြီး ပြန်ကောက်ပြန်တင်ပြီးမှ သူပြန်အိပ်ပါသည်။

တခါတလေ အိပ်ယာမဝင်ခင် အီးပါသေးပေါက်ထုတ်ရန်မေ့သွားသည့်အခါ တညလုံး ဆီးအောင့် အီးအောင့်ပြီးနေပါသည်။ မနက်လင်းလို့ သားသားတို့ ရှူရှူးပေါက် အီးအီးပါဟုခေါ်လိုက်လျှင် တညလုံးအောင့်ထားသည့်ဒဏ်ကိုလွှတ်ရန် အိနြေ္ဒမရဖြစ်ပါသည်။ ထိုအခါမျိုးတွင် ကျနော် စိတ်မကောင်းပါ။ နှိပ်စက်သလိုဖြစ်သွားပါသည်။

အဇ္ဇီသည် တခုခု စားစရာချကျွေးလျှင်လည်း ဘယ်တော့မှအရင်မစားဘဲ ရော့ကီအလာအထိစောင့်ပါသည်။ သူ့ကျွေးထားသည့်အစာ ရော့ကီက ယူစားပြီး ငေါက်ငေါက် ငေါက်ငေါက်နှင့်ထွက်သွားမှ မျက်ဝန်းနက်နက်ကြီးတွေ ပုတ်ခတ်ပုတ်ခတ်နှင့် အလွှာချလိုက် မော့ကြည့်လိုက်လုပ်ကာ သားသားဖို့ရောဆိုသည့်အထာနှင့် အငြိမ်ထိုင်ကာနေတတ်ပါသည်။ ထို့ကြောင့် သူ့အားချစ်သနားပိုကာ ရော့ကီတခုဆို သူ ၂ ခု အမြဲလိုလို ချချပေးဖြစ်ပါသည်။ သို့သော် သူ ဘယ်တော့မှ ၂ ခုလုံးမစားပါ။ သူ့ပေးပြီးသား အပိုမုန့်ကို တပိုင်းချိုး၍ ရော့ကီထံပေးလိုက်မှ သူ့အပိုဆောင်းတဝက်ကိုစားပါသည်။
ကျနော်အိမ်မှာတနေကုန်ရှိလျှင် သူတို့ အလွန်ကစားပါသည်။ တအိမ်လုံး ဗြောင်းဆန်အောင်ကစားဖြင့် ဟိုဟာတွေတိုက်မိ ဒီဟာတွေတိုးမိ ပြုတ်ပြက်ကျကာ ရှုပ်ပွနေပါသည်။ ဇနီးက အပြင်မှပြန်လာသည့်အခါ ပွစိပွစီဖြင့် အကုန်လိုက်ကောက်ပြန်သိမ်းရင်း သိတ်မကြည်ပါ။ နင် နည်းနည်းပါးပါးပြောထားဖို့ကောင်းတယ်ဟု ပြောပါသည်။

ကျနော့်သာ ပြောထားဖို့ကောင်းတယ်ဟု မာန်သော်လည်း သူ အဲ့ ၂ ကောင် အဆော့လွန် အဖွလွန် အပြင်ထွက်ညစ်ပတ်ပေရေပြီးပြန်အလာ ကြမ်းတွေရွှံ့လူးအောင်လုပ်လျှင်တော့ ဟိုကောင်တွေကိုတော့ လက်ဖျားနှင့်တို့ရန်ဝေးစွ အဆူအငါက် အမာန်အမဲတောင်မလုပ်ဘဲ ပြောမကောင်းဆိုမကောင်းတွေ အိမ်ရှုပ်တဲ့ဟာတွေဟု ပြောပြောပြီးငိုပါသည်။ သူ ငိုလျှင် ဟို ၂ ကောင်ရော ကျနော်ပါ အသာငြိမ်နေရပါသည်။ သို့သော် သူ့အငိုသည် တာရှည်မခံပါ။ ခနနေလျှင် မျက်ရည်လေးသုတ် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး Hey, Boys come and sit together ဟုခေါ်ကာ ရေမိုးချိုးသန့်ရှင်းရေးလုပ်ပေး အပူပေးစက်မှုတ်ပေး အမွှေးလေးတွေ ဖီးသင်ပေးပါသည်။ ထို ၂ ကောင်လည်း ကျေနပ်ပြီး တအီတအင်အင်တွေလုပ်ကာ ပွတ်သီးပွတ်သပ်နှင့် ခေါင်းကြီးတွေတိုးဝှေ့ရင်း မြူးနေပါသည်။ ကျနော်က သူတို့ ၃ ဦးကို ကြည်နူးစိတ်ဖြင့်ကြည့်ရင်း ရင်ထဲနွေးနေပါသည်။

ကျနော် သည်နှစ်ကောင်အတွက် ငွေကုန်ပါသည်။ တိရိစ္ဆာန်ဆရာဝန်နှင့် ပုံမှန် တနှစ် ၂ ကြိမ် ဆေးခန်းသွားပြရပါသည်။ ခွေးရူးကာကွယ်ဆေး၊ နှလုံးသန်ကောင်ကာကွယ်ဆေး၊ ခွေးလှေး ခွေးသန်းကာကွယ်ဆေး၊ အနံ့အသက် ကင်းစင်ရေးအပါအဝင် အခြားကြိုတင်ကာကွယ်ဆေး များလည်း ထိုးရတိုက်ရပါသည်။ တခါလေ နေမေကောင်းလျှင် ဆေးခန်းသို့ ကြားဖြတ်ပြေးရပါသေးသည်။ အစာဖိုးအပါဝင် တနှစ်ကုန်လို့ ချုပ်လိုက်လျှင် ဒီနှစ်ကောင်စာက တထောင်ဝန်းကျင်ရှိပါသည်။
သူတို့ ကျနော့်အပေါ် ဘာမှ ကျေးဇူးပြန်ပြုနိုင်သည်မဟုတ်ပါ။ ကျနော် သူတို့ဆီမှ ဘာ မျှော်လင့်ချက်မှမထားပဲ ချစ်ရုံသက်သက်ချစ်တာ ဖြစ်ပါသည်။ သူတို့လည်း ကျနော့်ကို ချစ်ရုံသက်သက်ချစ်ကြပါသည်။ သူတို့နှင့်ကျနော့်ကြားတွင် အပြန်အလှန် ဘာအကျိုးစီးပွားမှမရှိပါ။ မေတ္တာသက်သက်ဖြင့် ချစ်ခင်ကြခြင်းဖြစ်ပါသည်။

မေတ္တာဖြင့်ချစ်ခင်ခြင်း၌ ကျေးဇူးရှင်တို့ အနန္တောအနန္တတို့မရှိပါ။ အကျိုးမျှော်ကာ လူမွေးပြီး အနန္တောအနန္တလုပ်နေသူများထက်စာလျှင် ဘာအကျိုးမှမျှော်မဖြစ်သည့် ကျနော်နှင့်ကျနော့်ခွေးလေးများချစ်ခြင်းက ပိုအပြစ်ကင်းသည်ဟု ထင်ပါသည်။ ပိုသန့်စင်ပါသည်။ ပိုမေတ္တာ ပါပါသည်။ အကျိုးမျှော်သည့် ကျေးဇူးခံကျေးဇူးစားသဘောလည်း မရှိပါ။
ဤအကြောင်းအရာကို ရေးရသည်မှာ စိတ်မကောင်းပါ။ ကျနော့်ခွေးလေးများ အမေရိကန်လိုပြည်မှ ကျနော့်အိမ်တွင် ခွေးလာဖြစ်ကာ ဘာအပူအပင်မှမရှိသည့်အပြင် အချစ်ချည်းသက်သက်ခံနေရချိန်၌ ဗမာပြည်တွင် ဆင်းရဲတွင်းနက်ကာ ဝမ်းမဝခါးမလှသူများ ဒုနဲ့ဒေး ဖြစ်နေပါသည်။ ကျနော်ပြောချင်သည်မှာ ကျေးဇူးခံကျေးဇူးစားသဘောကင်းသည့် ချစ်ခြင်းမေတ္တာအစစ်ကိစ္စသက်သက်သာဖြစ်ပါသည်။
မျိုးမြင့်ချို(လွန်ခဲ့တဲ့ ၅ နှစ်က ရေးခဲ့တာပါ)

0 comments:

Post a Comment