Wednesday, February 13, 2019

လွိုင်ကော် ပြည်ထောင်စုနေ့ ဖြစ်စဉ်မှာ ကျေးဇူးတင်ထိုက်သူတွေ (Khun A-Than)

0 comments
လွိုင်ကော် ပြည်ထောင်စုနေ့ ဖြစ်စဉ်မှာ ကျေးဇူးတင်ထိုက်သူတွေ
မနေ့(၁၂.၂.၂၀၁၉)တုန်းက လွိုင်ကော်မှာ ကြေးရုပ်ဖယ်ရှားရေး ဆန္ဒဖော်ထုတ်ပွဲဟာ သွေးထွက်သံယိုမှုတွေအပါအဝင် ရလာဒ်တချို့နဲ့ အားလုံးမြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ အရှိန်အတော်မြင့်မြင့်မားမားနဲ့ ထိပ်တိုက်တွေ့မှုကနေတဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်သွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ကဖြစ်စဉ်မှာတော့ ချီးကျူးဂုဏ်ပြုထိုက်သူတွေအများအပြားရှိခဲ့လို့ အကောင်းဆုံးအခြေအနေဖြစ်ခဲ့တယ်လို့ ယေဘုယျပြောနိုင်ပါတယ်။

၁ ။ ဗမာလူငယ်များရဲ့ ရပ်ချက်
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကန့်ကွက်တာဟာ ဗမာလူမျိုးများရဲ့ အသည်းနှလုံးကို ဓါးနဲ့သွားထိုးတာနဲ့မကွာဘူးဆိုတာ ကရင်နီပြည်လူငယ်များက အစကတည်းကသိရှိပြီးသားပါ။ ဒါပေမယ့် သမိုင်း၊ အမျိုးသားတန်းတူရေးနဲ့ဂုဏ်သိက္ခာ၊ မတရားတဲ့အမိန့်အာဏာတွေအံတုရေး စတဲ့ အခြေအနေများကြောင့် မဖြစ်မနေကန့်ကွက်လာရတယ်လို့ မြင်ပါတယ်။
စတင်ချိန်မှာပဲ ကယားပြည်နယ်အတွင်းမှာတောင် ဗမာ၊ ကရင်နီဆိုတဲ့ အသုံးအနှုန်းရပ်ဝန်းနှစ်ခုကြားမှာ အပြန်အလှန် ထိုးနှက်တိုက်ခိုက်မှုတွေ ပေါ်ထွက်လာပြီး အခြားသော ပြည်မဒေသတွေမှာဆို ပြောဖွယ်ရာမရှိပါဘူး။ အာဏာရပါတီဝင်လူငယ်တွေက ဗမာလူငယ်အင်အားစုစသဖြင့် အွန်လိုင်းပေါ် မထိတထိ တိုင်းရင်းသားလူငယ်များကို လူမျိုးရေးအသွင်ဆောင်တဲ့တုန့်ပြန်မှုလုပ်ဖို့ စေ့ဆော်မှုတွေတောင် ဖြစ်လာပါတယ်။

ဒါပေမယ့် သမိုင်းမှန်ကိုလေ့လာမိသူ၊ တိုင်းရင်းသားတန်းတူရေးကိုလက်သင့်ခံသူ ဗမာလူငယ်များ ပေါ်ထွက်လာပြီး ကရင်နီပြည်လူငယ်များနဲ့အတူရပ်တည်ကြောင်း ကြေညာချက်ထုတ်တာ၊ လူငယ်သပိတ်တွေမှာ ပြည်မကနေ လွိုင်ကော်အထိလာပြီး ဝန်းရံအားပေးတာ၊ နုတ်အားဖြင့် ဆက်သွယ်အားပေးထောက်ခံတာတွေ လုပ်ကြပါတယ်။ အထူးသဖြင့် (၁၂.၂.၂၀၁၉) ရက်နေ့မှာ လွိုင်ကော်မြို့ချီတက်ပွဲမှာ ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပြီး ပစ်ခတ်တာတွေဖြစ်တော့ ညနေပိုင်းမှာပဲ ရန်ကုန်မှာ ကရင်နီလူငယ်များကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကိုကျင်းပခဲ့တဲ့ အခြားသော တိုင်းရင်းသားလူငယ်တွေနဲ့အတူ ဗမာလူငယ်များကို အင်မတန်ချီးကျူးရပါမယ်။ ဗိုလ်ချုပ်ကို ဆက်ဆက်အထိမခံတဲ့ လူမျိုးတွေအများစုဖြစ်တဲ့ ရန်ကုန်မြို့လည်ခေါင်မှာ အခုလိုပွဲမျိုးလုပ်တဲ့သူဟာ ကဲ့ရဲ့မှု၊ တိုက်ခိုက်မှု၊ အမြင်မကြည်မှုတွေကို ပြင်းပြင်းထန်ထန်ခံရမှာမလွဲပါဘူး။ ဒါပေမယ့် သူတို့ ရပ်တည်ပြခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ဦးဆောင်သူ (၅)ဦးကို အာဏာပိုင်တွေက တရားစွဲဆိုမယ်လို့ တုန့်ပြန်ပါတယ်။ (ရန်ကုန် ဆန္ဒထုတ်ဖော်ပွဲကျင်းပမှု တိုက်ရိုက်ထုတ်လွင့်မှု live ကို စပီကာနဲ့ဖွင့်ပြီး လွိုင်ကော်ကဆန္ဒဖော်ထုတ်တဲ့ ပြည်သူများနဲ့အတူ ကရင်နီပြည်လူငယ်များကလည်း ငြိမ်သက်စွာ နားထောင်နေခဲ့ပြီး ဝမ်းမြောက်ပီတိဖြစ်ခဲ့ကြပါတယ်။)

ဒါပေမယ့် အထက်ပါ ကြိုးပမ်းမှုတွေကြောင့် ကရင်နီပြည်တိုင်းရင်းသားလူငယ်များရဲ့စိတ်ထဲမှာ ဗမာလူငယ်များလည်း သူတို့ဘက်မှာ ရပ်တည်သူတွေအများအပြားရှိတယ်လို့သိရှိလာပြီး ဗမာ-ကရင်နီ ရပ်ဝန်းနှစ်ခု ဆက်ပြီးနွေးထွေးမှုရခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကဖြိုခွဲချိန်မှာ ရန်ကုန်ကနေလာရောက်ခဲ့ကြတဲ့ ဗမာလူငယ်များလည်း water cannon (ရေသေနတ်)နဲ့ ပစ်တာတွေကြောင့် ထိခိုက်မှုတွေဖြစ်ခဲ့ပါတယ်။
တိုင်းရင်းသားအရေးကိုနားလည်ပေးတဲ့ ဗမာလူငယ်များရှိတာကြောင့် ဗမာလူမျိုးအပေါ် တိုင်းရင်းသားလူငယ်များကလည်း အထူးကို ကျေးဇူးတင်ရပါတယ်။ ဒီဖြစ်စဉ်မှာ ဗမာလူငယ်များရဲ့ ရပ်တည်ချက်ဟာ လက်တွေ့ကျတဲ့ အမျိုးသားရင်းကြားစေ့ရေးကြိုးပမ်းမှုအဖြစ် အသိအမှတ်ပြုရပါမယ်။

၂ ။ တိုင်းရင်းသားလူငယ်များရဲ့ ရပ်တည်ပေးမှု
ကချင်၊ တအောင်း၊ အင်း အပါအဝင် အခြားသောတိုင်းရင်းသားလူငယ်များကလည်း ကရင်နီပြည်လူငယ်များရဲ့ဆန္ဒဖော်ထုတ်မှု၊ ရင်ဆိုင်ကြုံတွေ့မှုတွေအတွက် အဆက်မပြတ် သဘောထားကြေညာချက်တွေထုတ်ပြီး ရပ်တည်ပေးကြပါတယ်။ အထူးသဖြင့် (၁၂)ရက်နေ့ ဆန္ဒဖော်ထုတ်ချီတက်ပွဲကို ကရင်၊ ချင်း၊ နာဂ၊ မြို၊ ကချင်အပါအဝင် တိုင်းရင်းသားလူငယ်များက လွိုင်ကော်မြို့အထိလာရောက်ပြီး ဝန်းရံအားပေးခဲ့ကြပါတယ်။
တိုင်းရင်းသားချင်း ခံစားချက်ကိုနားလည်ပေးမှု၊ အတူတကွရပ်တည်ပေးမှုအားလုံးအတွက် ကရင်နီပြည်လူငယ်များဟာ စိတ်အားလျော့ကျခြင်းမဖြစ်ပဲ ရှေ့ဆက်တိုးဖို့ခွန်အားရရှိခဲ့ပါတယ်။

၃ ။ ရဲတပ်ဖွဲ့
ရဲတပ်ဖွဲ့ရဲ့ ဖြိုခွဲမှုလုပ်ဟန်ကြောင့် သွေးထွက်သံယိုဖြစ်ပြီး ဝေဖန်သံတွေပွက်လောရိုက်သွားတာ အားလုံးအသိပါပဲ။ ဒါပေမယ့် မနေ့ကဖြစ်စဉ်မှာ ရဲတပ်ဖွဲ့တွေကို ကျေးဇူးတင်စရာတွေလည်းရှိပါတယ်။
မနေ့က ချီတက်မှုဟာ လမ်းကြောင်း (၄)ခု နဲ့ ချီတက်ပြီး ကန္ဒာဟေဝန်ပန်းခြံအဝင်ဝမှာ ဆုံကြဖို့ဖြစ်ပါတယ်။ အဲ့ဒီလမ်းကြောင်း (၄)ခုလုံး ကို ရဲတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ထားဖို့ညွန်ကြားခံထားရပါတယ်။ လမ်းကြောင်းတိုင်းမှာလည်း စည်း(၃)စည်းထားပြီး ပြင်းပြင်းထန်ထန်ဖြိုခွင်းဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။
ဒါပေမယ့် အလက(၂)ကျောင်းဘေးလမ်းကြောင်းကရဲတွေဟာ သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြီး ခြောက်လန့်ရုံသာလုပ်ပြီး နောက်ဆုတ်သွားပါတယ်။ ရေသေနတ်တွေ၊ ရာဘာကျည်သေနတ်တွေနဲ့ ပစ်တာက နာရီစင်ကနေတက်လာတဲ့လမ်းကြောင်းဖြစ်ပါတယ်။ မျက်မြင်တွေရဲ့ပြောပြချက်အရ ပစ်မိန့်ပေးတဲ့အချိန် ဒေသခံရဲတပ်သားတွေက မိုးပေါ်ပဲထောင်ပစ်လို့ မြို့မရဲစခန်းမှူးက တပ်သားဆီက သေနတ်ကိုဆွဲလုပြီး လူအုပ်ကိုတည့်တည့်ချိန်ပစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သွေးထွက်သံယိုဖြစ်မှု ထိခိုက်ဒဏ်ရာရမှုတွေဟာ တားဆီးပိတ်ဆို့ဖို့၊ ပစ်ခတ်ဖြိုခွင်းဖို့ အမိန့်ပေးညွှန်ကြားသူအဆင့်ဆင့်နဲ့ လက်တွေ့ပစ်ခတ်သူစခန်းမှူးတို့မှာ အပြည့်အဝတာဝန်ရှိပြီး ဒေသခံရဲတပ်ဖွဲ့ဝင်များဟာ ပြည်သူအပေါ် စာနာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ပြည်သူတွေက သေနတ်အပစ်ခံရတဲ့ကြားထဲကတိုးထွက်ပြီး အတားအဆီးတွေကို ကျော်ဖြတ်ချိန်မှာလည်း ရဲတပ်သားတွေ၊ ရဲမေတွေဟာ နောက်ဆုတ်ဘေးဖယ်ပေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒါဟာ ယခင်ဆန္ဒပြပွဲတွေမှာ မြင်တွေ့ရလေ့မရှိပါဘူး။ အတားအဆီးတွေကိုကျော်လာသူတွေကို ရသလောက် တားဆီးပြီး နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တာတွေ့ရလေ့ရှိတဲ့ လွိုင်ကော်ဆန္ဒပြပွဲတွေရဲ့ ရဲတပ်သားများလုပ်ဟန်ကို ပြောင်းလဲမြင်တွေ့ခဲ့ရပါတယ်။
တကယ်လို့ သွေးဆိုးတဲ့အရာရှိနဲ့ တချို့တပ်သားတွေ လူအုပ်ကိုသေနတ်နဲ့ပစ်တာ၊ နံပါတ်တုန်နဲ့ရိုက်တာတွေကို ကျန်တဲ့ရဲတပ်သားတွေအားလုံးလိုက်လုပ်ခဲ့ရင် ပိုပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိမှာဖြစ်သလို ပြည်သူတွေရဲ့ဒေါသကြောင့် ရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန်တုန့်ပြန်မှုပါ ဖြစ်သွားနိုင်ပါတယ်။
အဓိကရုဏ်းနှိမ်နှင်းရေး ရေသေနတ်ကား (water cannon)ဟာ တကယ်တမ်း အတော်အားပြင်းပါတယ်။ တရုတ်က ဒီ water cannon ကားကို ယခင်အစိုးရလက်ထက်မှာ လှူဒါန်းပေးပို့ထားတာဖြစ်ပြီး nld ပြည်နယ်အစိုးရလက်ထက်မှ ဆန္ဒပြပွဲမှာဖြိုခွင်းဖို့ အသုံးပြုခိုင်းတာ ဖစ်ပါတယ်။ ဒါပေမယ့် မနေ့က ဒီကားကိုမောင်းတဲ့သူကို ကျေးဇူးတင်ရပါတယ်။ ရေပြင်းအားကိုအနှိမ့်ဆုံးလျော့ချပြီးပစ်ခဲ့တယ်လို့ ယူဆ ရပါတယ်။ တကယ်တမ်း ပြင်းအားမြှင့်ပြီးပစ်ခဲ့ရင် လူတွေ လွင့်စင်တဲ့အထိဖြစ်ပြီး အဝတ်တွေစုတ်ပြဲတာ အသားတွေပဲ့တာအထိ ဖြစ်နိုင်ပါတယ်။ (Youtube မှာ water cannon ဆိုပြီး ရှာကြည့်ရင် သိနိုင်ပါတယ်)။ ရေကားမောင်း/ပစ်သူကြောင့် မနေ့က ပြင်းပြင်းထန်ထန်ထိခိုက်မှု မရှိသလောက်ဖြစ်ခဲ့ပါတယ်။
တကယ်တမ်း ဒီဆန္ဒဖော်ထုတ်ပွဲအတွက် ငြိမ်းစုစီဥပဒေနဲ့အညီ တရားဝင်ခွင့်ပြုမိန့်တင်ထားပြီးသား ဖြစ်ပါတယ်။ အာဏာပိုင်တွေကသာ ဥပဒေနဲ့ဆန့်ကျင်ပြီးခွင့်မပြုဘူးလို့ တဘက်သတ်ကြေညာပြီး အကြမ်းဖက်ဖြိုခွဲဖို့ ပြည်နယ်အစိုးရကညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ရာဘာကျည်တွေပစ်ဖို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ခွင့်ပြုချက်၊ ညွှန်ကြားချက်မပါပဲ ပစ်လို့မရပါဘူး။ ဒါကြောင့် မနေ့ကဖြစ်စဉ်မှာ အလုံးစုံတာဝန်ရှိသူဟာ ပြည်နယ်အစိုးရပဲဖြစ်ပါတယ်။

၎ ။ ပြည်သူများ
ကယားပြည်နယ်ဟာ အင်မတန်သေးငယ်ပြီး လူငယ်ဦးရေလည်း တပြည်နယ်လုံးပေါင်းမှ (၂)သိန်း ဝန်းကျင်ပဲ ရှိပါတယ်။ ဒါပေမယ့် မနေ့ ဆန္ဒဖော်ထုတ်ပွဲမှာ (၇)ထောင်ဝန်းကျင်အထိ စုရုံးလာကြတာတွေ့ရပါတယ်။ ဒါဟာ ပြည်နယ်ရဲ့လူဦးရေအချိုးအရ အတော်များများ စုရုံးတာဖြစ်ပါတယ်။ လွိုင်ကော်မြို့အဝင်မှာ အာဏာပိုင်တွေပိတ်ဆို့ပြီး မြို့ဝင်ခွင့်မပြုလို့ လှည့်ပြန်ရသူတွေ၊ ကျေးရွာကတည်းက အုပ်ချုပ်ရေးမှူးတွေဟန့်တားလို့ မလာနိုင်သူတွေလည်း ထောင်နဲ့ချီရှိပါတယ်။
လွိုင်ကော်မြို့ပေါ်ရောက်လို့ စုစည်းချီတက်ချိန်မှာ လမ်းကြောင်းကို ရဲတပ်ဖွဲ့ကအတားအဆီးတွေချပြီး ရေသေနတ်၊ ရာဘာကျည်သေနတ်တွေနဲ့ပစ်ခတ်နေတဲ့ကြားကပဲ ရှေ့ကိုတိုးထွက်ပြီး စုစုစည်းစည်းနဲ့ ဆုံရပ်ကိုချီတက်သွားခဲ့ကြတဲ့ပြည်သူတွေကို အလေးအနက်အသိအမှတ်ပြုရပါမယ်။ ဒါဟာ မြန်မာပြည်ဒေသအနှံမှာတောင် မြင်တွေ့ဖို့ခက်ခဲပါတယ်။ အာဏာပိုင်တွေ သေနတ်သုံးပြီးဖြိုခွဲတဲ့အထိ ဖြစ်ရင် လူစုကွဲကြတာများပါတယ်။ ဒါပေမယ့် မနေ့က ကရင်နီပြည်ရဲ့ပြည်သူများဟာ လူစုမကွဲပဲ ည(၈)နာရီလောက်အထိ ညီညီညွတ်ညွတ်ဆင်နွဲကြတာဖြစ်ပါတယ်။ သူတို့ကိုကြည့်ပြီး လုံခြုံရးတာဝန်ကျတဲ့ရဲမေအချို့ငိုတယ်လို့ ကြားသိရပါတယ်။
***
တကယ်တော့ မနေ့ကဖြစ်စဉ်ဟာ သွေးထွက်သံယိုမှုတွေနဲ့ အရုပ်ဆိုးအကျဉ်းတန်ခဲ့တာပါပဲ။ ဒါပေမယ့် ဒီကြားထဲက အကောင်းဆုံးအခြေအနေတွေကို ရှာဖွေကြည့်ခဲ့တာဖြစ်ပါတယ်။ တာဝန်ရှိသူ၊ အမိန့်ပေးညွှန်ကြားသူ၊ လက်တွေ့တာဝန်ပေးခံရသူ၊ ကိုင်တွယ်ဆောင်ရွက်ရသူ၊ ထိခိုက်ခံရသူ စသဖြင့် အကန့်ပိုင်းခြားပြီး ရှုမြင်နိုင်အောင် ကြိုးပမ်းတာပဲဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ တာဝန်ယူမှုကင်းမဲ့တာ၊ ပြည်နယ်အစိုးရရဲ့ အာဏာရှင်ဆန်ပြီး ပြည်သူနဲ့ဆန့်ကျင်ဆောင်ရွက်တာ၊ အထူးသဖြင့် ပြည်နယ်ဝန်ကြီးချုပ်ရဲ့လုပ်ရပ်တွေက လက်တွေ့ ပစ်တင်ရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဘက်ကိုတိမ်းညွှတ်ဖို့လက္ခဏာပြသလိုတဲ့ ဒေသခံ ရဲတပ်သားတွေကို အသိအမှတ်ပြုရပါမယ်။

ရေ၊ မုန့် တွေ အာဏာပိုင်တွေငြိုငြင်မှာစိုးလို့ တိတ်တခိုးလေးလာလှူကြတဲ့သူတွေ၊ အထူးသဖြင့် ထမင်းတွေချက်ပြုတ်ထုတ်ပိုးပြီး ပေးပို့ကြတဲ့သူတွေဟာ တိုက်ပွဲဝင်နေသူတွေကို လက်နက်ကောင်း တပ်ဆင်ပေးသူတွေပါပဲ။

ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ကျနော်လည်း အသေချာမသိပါဘူး။ ဖြစ်လာနိုင်တဲ့ ရင်ဆိုင်တွေ့မှုတွေတိုင်းမှာ ကောင်းမွန်တဲ့ရပ်တည်ချက်ကို ပြသဝန်းရံပါဝင်သူတွေ ပိုပြီးများလာဖို့ကိုပဲ မျှော်လင့်ပါတယ်။

ကရင်နီကို အစွန်းရောက်တွေအဖြစ်ပုံဖော်လိုသူတွေ၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုလက်မခံရင် ကြံ့ဖွတ်လူတွေလို့ပုံဖော်လိုသူတွေ၊ တဖက်ပိတ်လော်ဘီတွေကို အထက်ကအချက်တွေနဲ့ ချေဖျက်ကြရပါမယ်။
 

0 comments:

Post a Comment