Sunday, February 3, 2019

၂၀၀၈ အခြေခံဥပဒေ အဓိကအချက်တွေ ပြင်လို့ရမလား။ ပြင်နိုင်မှာလား။ (Hla Win)

0 comments
(၂၀၀၈ အခြေခံဥပဒေ အဓိကအချက်တွေ ပြင်လို့ရမလား။ ပြင်နိုင်မှာလား)

ဒီချုပ် ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရဖွဲ့စည်းပြီးတဲ့အခါ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကတိပေးခဲ့တဲ့ ၂၀၀၈ ခြေဥပြင်ရေးကို နောက်တန်းသို့ပို့ပြီး ရွှေ့ပစ်လိုက်တယ်။ ငြိမ်းချမ်းရေနဲ့တရားဥပဒေစိုးမိုးရေးတို့ ရှေ့တန်းရောက်လာတယ်။

တရားဥပဒေစိုးမိုးရေးဟာလည်း မတရားတဲ့ ၂၀၀၈ ကြီး ထိပ်က မိုးထားလို့ ဘာမှ လုပ်မရပါဘူး။ စစ်အာဏာပိုင်တွေ ချုပ်ကိုင်ကြီးစိုးထားတဲ့ ပြည်ထဲရေး၊ တရားရုံး၊ တရားစီရင်ရေး၊ စစ်တပ်နဲ့ ရဲတပ် စတဲ့ ဖိနှိပ်ရေးယန္တရားတွေကြောင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်တွေ ဘာမှ ထင်သာမြင်သာ တိုးတက်မလာပါဘူး။

ငြိမ်းချမ်းရေးရအောင် အရင်လုပ်၊ ငြိမ်းချမ်းရေးရမှ ငြိမ်းချမ်းရေးသဘောတူညီချက်ရလဒ်တွေအပေါ် မူတည်ပြီး ဖွဲ့စည်းပုံပြင်ရေးဆိုတဲ့ အခု အစိုးရသဘောထားဟာလည်း ဦးသိန်းစိန် စစ်တပိုင်းအစိုးရလက်ထက်က သဘောထားနဲ့ ဘာမှ မကွာလှပါဘူး။ လက်နက်ချခိုင်းပြီး ၂၀၀၈ အခြေခံဥပဒေအောက်မောင်းသွင်းရေးဆိုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်အုပ်စုဘက်က ရပ်ခံတဲ့ မူတွေကြောင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ လိပ်သွား သွားသလောက်တောင် ခရီးမရောက်ဘဲ ခရုသွားသွားနေပြီး ငွေကုန်သံပြာတာပဲ အဖတ်တင်နေပါတယ်။

ဒီချုပ်အစိုးရဟာ ရွေးကောက်ပွဲမဲဆွယ်စဉ်က ပေးထားတဲ့ ကတိစကားအတိုင်း မလုပ်ဘူးဆိုတဲ့ ပြည်သူလူထုရဲ့ ဝေဖန်ချက်ရလဒ်အဖြစ် လက်ရှိအစိုးရဟာ လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းရေးအဆိုကို ဒီနေ့လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပါတယ်။ စစ်ကိုယ်စားလှယ်တွေ မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြတဲ့ ဒီအဆိုကို မဲခွဲဆုံးဖြတ်ရာမှာ အနိုင်ရရှိသွားပါတယ်။

ပြဿနာက ကော်မတီ ဖွဲ့စည်းတာ ဘယ်လောက်ကြာမှာလဲ။ ကော်မရှင်က ဥပဒေကြမ်း တင်သွင်းနိုင်ဖို့ ဘယ်လောက်ကြာမှာလဲ။ အဲဒီဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးဖို့ ဘယ်လောက်ကြာမှာလဲ။ လွှတ်တော်မှာ ဆွေးနွေးရင်ကော အရေးကြီးတဲ့ အချက်တွေကို ပြင်နိုင်ဖို့ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကို ဘယ်လို ရယူနိုင်မလဲ။ တမတ်သားထဲက တယောက်ကို ဖဲ့ဖို့မလွယ်ရုံမက တမတ်သားထဲက တယောက်လောက်ဖဲ့ယူနိုင်ရင်ကော အရေးကြီးတဲ့ ၂၀၀၈ ဥပဒေကို ပြင်နိုင်ဖို့က မသေချာသေးပါဘူး။
၂၀၀၈ ခြေဥ ပြင်ဆင်ရေးမှာ အဓိက မကျတဲ့ ဥပဒေတွေကို ပြင်ဆင်ရာမှာကိုပဲ ဘယ်လောက်ကြာခဲ့သလဲ။ ဒါဟာ စစ်တပိုင်းအစိုးရခေါ်ခေါ် စစ်အစိုးရခေါ်ခေါ် ဦးသိန်းစိန်အစိုးရလက်ထက်ကပါ။
- ၁၅-၃- ၂၀၁၃ မှာ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။
- ၂၅- ၁၁- ၂၀၁၄ မှာမှ အဲဒီဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းနိုင်ခဲ့ပါတယ်။
- ၁၉- ၁- ၂၀၁၅ ခုနှစ်ကျမှ ဒီဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါတယ်။

လက်ရှိအစိုးရသက်တမ်း ၃ နှစ်ကျော်လာခဲ့ပါပြီ။ သူ အာဏာသက်တမ်းမကုန်မီ ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းနိုင်ပါ့မလား။ ဘယ်တော့ ဆွေးနွေးနိုင်မှာလဲ။ ဆွေးနွေးတော့ကော အရေးကြီးတဲ့အချက်တွေ ပြင်နိုင်မှာတဲ့လား။ လွှတ်တော်တွင်းက ၇၅ ရာခိုင်းနှုန်းရဲ့ ထောက်ခံမှုကို ရနိုင်မှာတဲ့လား။ ဒီချုပ်အစိုးရက ကတိအတိုင်းတော့ လုပ်တယ်။ ဒါပေမဲ့ စစ်တပ်ကိုယ်စားလှယ်တွေ ရှိနေတော့ ထင်တိုင်းမပေါက်ဘူးဆိုတာ လက်ခံပြီး နောက်တခါ ၂၀၀၈ ခြေဥကို ပြင်ရန် ကြိုးစားဖို့ ဒီချုပ်ကို တခါ ထပ်မဲပေးရမယ့် အခြေအနေကို လိုချင်တာလား။

- ဒီအတိုင်းဆို အချိန်နောက်ကျပြီးမှ လုပ်တဲ့ ၂၀၀၈ ခြေဥပြင်ဆင်ရေးဟာ နောက်ထပ် အချိန်တွေ ထပ်ရွှေ့ ထပ်စောင့်ရင်းနဲ့ အချိန်တွေ ထပ်ကုန်ဦးမှာပါ။
ရှင်းရှင်းပဲ ပြောပါမယ်။

၂၀၀၈ ခြေဥကို ပြင်ချင်ရင် ပြင်မရအောင် လုပ်ထားတဲ့ ၂၀၀၈ ခြေဥကို အရင်ဆုံးပြင်မှ ပြင်လို့ရမှာပါ။ ရှင်းရှင်းပြောမှ ရှုပ်သွားသလား။ ပြင်လို့မရအောင် လုပ်ထားပြီး စစ်တပ်ကိုယ်စားလှယ်တွေဆိုတဲ့ ယက္ခဂုမ္ဘာန်တွေ ဝိုင်းရံထားတဲ့ ၂၀၀၈ ခြေဥကို ၂၀၀၈ စည်းဝိုင်းထဲကဘဲ ပြင်နေလို့ကတော့ အဓိကအချက်တွေ ဘာမှ ပြင်လို့ရနိုင်မှာ မဟုတ်ပါ။
(အာချိလိရဲ့အားနည်းချက်ဖနောင့်ကို ရှာသလိုမျိုး) ၂၀၀၈ ရဲ့အားနည်းချက် ဖနောင့်ကို ရှာဖွေရမှာပါ။

- ၂၀၀၈ ခြေဥအားနည်းချက်တခုကတော့ လူထုတရပ်လုံးက ထောက်ခံတယ်ဆိုတဲ့အသွင် လိမ်ညာလှည့်ဖြားပြီး အတည်ပြုထားတဲ့ ဥပဒေဖြစ်နေခြင်း ပါပဲ။ ဒီဥပဒေကို လူထုမထောက်ခံဘူးဆိုတာ ပြရမယ်။ ဒီဥပဒေကို ဖျက်သိမ်းရမယ်။ လူထု တကယ်လိုလားထောက်ခံတဲ့ ဖွဲ့စည်းပုံ ဥပဒေသစ်ပေါါ်ထွန်းလာအောင်လုပ်ရမယ်။ ဒီဖနောင့်နေရာကို တည့်တည့် မြားပစ်ရပါမယ်။ ဒီမြားကို တည့်တည့်ပစ်နိုင်တဲ့ သူရဲကောင်းကလည်း ပြည်သူဆိုတဲ့ သူရဲကောင်းပါပဲ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်အပေါ်ကနေ ငြိမ်းချမ်းရေးရအောင် အရင်လုပ်ပြီးမှ ၂၀၀၈ ခြေဥပြင်ရေးဆိုတာ မှားခဲ့ပါတယ်။ စစ်အုပ်စုနဲ့၂၀၀၈ အခြေခံဥပဒေ ကြောင့် ငြိမ်းချမ်းရေးပန်းတိုင်ဟာ ဝေးမြဲဝေးနေဦးမှာပါ။

- ၂၀၀၈ ခြေဥနဲ့ချုပ်နှောင်ထားတဲ့နှောင်ကြိုးစည်းဝိုင်းထဲက ၂၀၀၈ ခြေဥကို ပြင်ဖို့ဆိုတာ စစ်အုပ်စု ပြင်ခွင့်ပေးတဲ့ အရေးမကြီးလှတဲ့ ဥပဒေပုဒ်မကလေး တချို့တလေ ပြင်ခွင့်ရတာကလွဲလို့ အရေးပါတဲ့ ဘာပြင်ရေးမှ လုပ်နိုင်မှာ မဟုတ်ပါ။ အချိန်ကိုဆွဲပြီး ပြည်သူကို လှည့်ဖြားလိမ်ညာသလိုသာ ဖြစ်နေပါလိမ့်မယ်။

အကြံပြုလိုတာကတော့ ပြည်သူဟာ ၂၀၀၈ ခြေဥကို တကယ်တမ်းဖယ်ရှားပစ်နိုင်မယ့် သူရဲကောင်းပါ။ ပြည်သူနဲ့လက်တွဲ ပြည်သူနဲ့တသားတည်း တိုက်ပွဲဝင်ရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ကလွဲလို့တခြားမရှိပါ။
၂၉-၁- ၂၀၁၉
ယူတာက ဒီနေရာကပါခင်ဗျား  https://www.facebook.com/hla.win.3720/posts/1236323159875719

0 comments:

Post a Comment