(မှားလိုက်မှန်လိုက်)
ဇာဂနာ(ကိုသူရ)နဲ့ ဗေဠုဝတို့က သင်္ကြန်သံချပ်တွေ စိစစ်ရေးအရင်တင်ပြီးမှ ထိုးရမယ်။ မတင်ရင် ဘယ်မဏ္ဍပ်စင်ပေါ်မှ တက်မထိုးရလို့ဆိုတဲ့တားမြစ်မိန့်ကို ဖီဆန်မယ်လို့ဆိုလာပါတယ်။ ကောင်းတဲ့ကိစ္စဖြစ်ပေမယ့် စောင့်တော့ကြည့်ရဦးမယ့်လူတွေဖြစ်နေလို့ အားတော့ အပြည့်မပေးရဲသေးပါ။ လက်ခုပ်လည်း ကျယ်ကျယ် မတီးဝံ့သေးပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ မှားလိုက်မှန်လိုက် ခနခနဖြစ်တတ်သူတွေ ဖြစ်နေတာကြောင့်ပါဘဲ။
သူတို့ ဘာလို့ မှန်လိုက်မှားလိုက် ခနခနတွေဖြစ်ရလဲဆိုတော့ တရားမရှိ(ချို့တဲ့)တဲ့ပြဿနာဆိုတာ ကွက်ကွက်ကွင်းကွင်း ပေါ်လာပါတယ်။ တရားအမှားကို ကိုင်စွဲတဲ့လူဟာ တခါတည်း အပြီးမှားသွားပါတယ်။ တရားတခုခု ပီပီပြင်ပြင်မရှိတဲ့သူကတော့ မှန်လိုက်မှားလိုက်သံသရာ လည်နေတတ်ပါတယ်။
ဒီနေရာမှာ တရားဆိုတာက နိုင်ငံရေးနဲ့ပြောရရင် အဘိဓမ္မာချို့တဲ့မှုလို့ ဆိုရမှာပါ။ တခါ နိုင်ငံရေးအဘိဓမ္မာဆိုတာ လောကအမြင် သမိုင်းရေးအမြင်နဲ့ လူတန်းစားရပ်တည်ချက်မကုံလုံမှုလို့ ဆိုရမယ်ထင်ပါတယ်။ တခါ လူတန်းစားအမြင်ဆိုတာမှာလည်း ကွန်မြူနစ် အရှင်းရှင်စတာတွေအထိ မဟုတ်ပဲ ဖိနှပ်သူနဲ့ဖိနှိပ်ခံ အုပ်စိုးသူနဲ့အုပ်ချုပ်ခံဆိုတဲ့သဘောလောက်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ့ထက်ပိုမြင်လွယ်အောင်ကြည့်မယ်ဆိုရင် 'မင်းနှင့်ပြည်သူ' ဆိုတဲ့သဘောဆိုတာပို ပတ်ပတ်နပ်နပ်မရှိသေးတဲ့လက္ခဏာလို့ ဆိုရမယ်ထင်ပါတယ်။
ဇာဂနာ(ကိုသူရ)ဟာ ဖြတ်သန်းမှုရှိခဲ့သူတဦး ခု ဒီမိုကရေစီလို့ပြောနေတဲ့ အာဏာရအဝန်းအဝိုင်းထဲကလူတွေနဲ့ လက်ပွန်းတတီးရှိခဲ့သူတဦး ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ခေတ်ပညာတတ်တယောက်ပါ။ သူ့ပြက်လုံးတွေမှာ နိုင်ငံရေးသဘောသက်ဝင်သလို အဆင့်အတန်းရှိတဲ့ဟာသတွေလည်း ထူထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့မိုးနတ်သူဇာဟာ ပညာတတ် လူလတ်တန်းစားအလွှာရဲ့ အဓိက သိမြင်ခံစားအားပေးမှုကိုရတယ်ဆိုပေမယ့် ၈၈ အပြီး သူပြက်တဲ့ပြက်လုံးတွေကတော့ အောက်ခြေလူတန်းစား(ပြည်သူ)တွေ ရင်ထဲအထိ ကျပါတယ်။ လမ်းဘေးသာလာယံဇရပ်ကနေ အဖိနှိပ်ခံနိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေကြားထဲအထိ တွင်ကျယ်ခဲ့ပါတယ်။ အာဏာရှင်(အုပ်ချုပ်သူလူတန်းစား)တွေ အောင့်သီးအောင့်သက်နဲ့ အသဲကိုအပ်နဲ့ဆွသလို ခံစားခဲ့ရပါတယ်။ သူတကယ် ပြက်မပြက်မသေချာပေမယ့် ဇာဂနာ့ပြက်လုံးလို့ ဆိုတာတွေလည်း လူတွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ ဗေဠုဝကတော့ ထားလိုက်ပါ။
ဇာဂနာ အချိန်တော်တော်ကြာ မှန်နေတဲ့ကာလရှိခဲ့ပါတယ်။ နောက်ပိုင်း (စကားတွေ)မှားလိုက် ပြန်ပြင်ပြန်ဖာရ ပြန်မျှောရ ပြန်ဖာရ မှားလိုက်မှန်လိုက်ဖြစ်ရနဲ့ ရပ်တည်ချက်ပဲ့ပြားပင်ဖြစ်လာပါတယ်။ နိုင်ငံရေးလူရွှင်တော်အဖြစ်အနေသဘောက လျှောကျသွားခဲ့ပါတယ်။ သူမှန်ခဲ့တဲ့ကာလတွေက သူပြက်သမျှ လူတွေဘဝင်ခွေ့ရ အားပါးတရရှိရ လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကို ဆန်းစစ်ကြည့်ရင် သူဟာ ပြည်သူဘက်က၊ အုပ်ချုပ်ခံတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ကာလဖြစ်မှန်းကို ရှင်းရှင်းလင်းလင်းမြင်မှာပါ။
ပြည်သူဟာ သိပါတယ်။ ဘယ်လူဟာ ဘယ်ဘက်ကရပ်တယ်ဆိုတာကို။ ပြည်သူဟာ သူ့အကျိုးစီးပွားဘက်ကရပ်တယ်ဆို အဲ့ဒီလူနဲ့အတူရှိပါတယ်။ ဒီလူဟာ ငါတို့နဲ့အတူ တကယ်ရှိတယ်လို့ယုံကြည်ရင် ပြည်သူဟာ အဲ့ဒီလူနဲ့အတူရှိပါတယ်။ ခု ဇာဂနာ ပြည်သူတို့နဲ့အတူ(ခနလောက်ဖြစ်ဖြစ်) ပြန်ရှိမရှိကို ကြည့်ရမယ့်တဒင်္ဂရောက်လာတယ်လို့ ဆိုရမယ်ထင်ပါတယ်။ နောက်တော့လည်း တခါပြန် လည်ထွက်သွားဦးမယ် မသွားဘူးကို ဘယ်သူမှ အာမဘန္တေမခံဝံ့ပါ။
သင်္ကြန်သံချပ်ဆိုတာ အုပ်စိုးသူတွေမနာဝံ့တဲ့ ပြည်သူတွေရဲ့အသံကို ထင်ဟပ်ပါတယ်။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၂၄၊ ၂ဝ၁၉)

0 comments:
Post a Comment