Tuesday, February 19, 2019

(နိုင်ငံရေးလုပ်ရမယ့်မြို့) မျိုးမြင့်ချို

0 comments

(နိုင်ငံရေးလုပ်ရမယ့်မြို့)
ရန်ကုန်မြို့သစ်စီမံကိန်းကိစ္စကို ဘာ့ကြောင့်လုပ်သင့်/မလုပ်သင့်ကိုလူအများ နားအလည်လွယ်အောင် ရှင်းပြကြပါလားဗျာ။ ခုက ပညာရှင်ပြောတွေဆိုတော့ လူသာမန်တွေနားလည်ဖို့ ခက်နေပါတယ်။

မြစ်ဆုံကိစ္စတောင် ဘာစာချုပ်မှ ဘယ်သူမှ မမြင်ရပေမယ့် လနားလည်လွယ်အောင် ရှင်းပြနိုင်ကြတော့ နားလည်ပြီး ထောက်ခံသူ/ကန့်ကွက်သူတွေ ပေါ်လာပဲဟာ။

မြို့သစ်စီကံကိန်းကို တယောက်ကရှင်းတာမှာ ကျောင်းခန်းရုံးခန်းထဲက ဝေါဟာရတွေနဲ့ရှင်းတော့ ပိုရှုပ်ကုန်တယ်ထင်ပါတယ်။ ဥပမာဗျာ အတိုး၊ အရင်း၊ ငွေတိုး၊ အတိုးပေါ် အတိုးထပ်၊ အရင်းပြန် ဖဲ့ဖဲ့ဆပ်၊ အရင်း မဆပ်နိုင်သေးလို့ အတိုးသတ်ထား။ အတိုးပေးရင်း အရင်းလေးပါ ထိုးထိုးဆပ်စတဲ့ အရပ်သုံး ငွေကြေးစကားမျိုးတွေသုံးပြီးရှင်းပြရင် ကျနော်တို့ ဗဟုသုတတိုးမယ့်အပြင် ပိုနားလည်သိမြင်လာတာမို့ ထောက်ခံရမလား ဆန့်ကျင်ရမလားကိုလည်း ပီပီပြင်ပြင် ပိုင်းချက်ချနိုင်တာပေါ့။

“မင်း ဆန့်ကျင်တော့ရော ဘာဖြစ်မှာလဲ၊ အစိုးရကွာ သူ့အာဏာရှိတယ်၊ လုပ်စရာရှိတာ လုပ်သွားမျာဘဲ၊ မင်း ဆန့်ကျင်နေလည်း သဲထဲရေသွန်ပဲဖြစ်မှာ“ ဆိုပြီး ဒုံးပိတ်ဘုတောရင်လည်း ခံရမှာပေါ့ဗျာ၊ တိုင်းပြည်အတွက် လူထုအတွက် နောက်ဆုံး စကားကုန်ပြောရရင် ရန်ကုန်သူရန်ကုန်သား ဒလသူဒလသားတွေအတွက် အကျိုးသိတ်ဖြစ်စရာမမြင်ရင် အစိုးရ သူ့ဘာသာသူဇွတ်လုပ်ကာမှ လုပ်ရော ပြောစရာရှိတာ ကန့်ကွက်စရာရှိတာ ဆန့်ကျင်စရာရှိတာ ပြောရဆိုရ ကန့်ကွက်ရ ဆန့်ကျင်ရမှာပေါ့ဗျာ။

တရုတ်က လုပ်တာမို့ တရုတ်ဘဏ်တွေက ငွေလှည့်ရမှာမို့ သဘောမတူဘူး ဆန့်ကျင်တယ်ဆိုတာကတော့ အခြေအမြစ်မရှိ အချက်အလက်မရှိသလို ကျိုးသင့်ကြောင်းသင့်လည်းမဟုတ်တာမို့ အစိုးရမပြောနဲ့ လမ်းဘေးကလူတောင် ဖင်ကြားညှပ်မှာမဟုတ်ပါဘူး။ မြစ်ဆုံကိစ္စမှာကြည့်ပါ အချက်အလက်နဲ့ ကျိုးသင့်ကြောင်းသင့်နဲ့ လူအများနားလည်အောင်ပြောပြပြီး ဆန့်ကျင်ကန့်ကွက်တဲ့လူတွေကို အစိုးရက မကြိုက်ကာမှမကြိုက်ရော တလေးတနက်တော့ နားထောင်ရပါတယ်။ ဧရာဝတီဟာမြစ်ကြီးဧရာမို့လို့ မြစ်ဆုံဟာ သဘာဝအလှမို့လို့မထိနဲ့ဆိုတာလောက်တော့ ဘယ်သူမှ အဖက်လုပ် အချိန်ကုန်ခံပြီး နားမထောင်ပါဘူး။

ပညာရှင်တွေမို့ ပညာရှင်ချင်းကြားမှာ ပညာရှင်စကားပြောကြတာ ကောင်းပေသင့်ပေမယ့် နိုင်ငံရေးသဘော လူထုသဘော တိုင်းပြည်သဘော လူ့အဖွဲ့အစည်းအကျိုးစီးပွားသဘောတွေ ပြောကြပြီဆိုရင်တော့ လူတွေကို သိမ်းသွင်းတာ စည်းရုံးတာ ဖြောင့်ဖျနားချတာတွေ ပါမှရပါတယ်။ အဲ့လိုလုပ်တဲ့အခါ ပညာအခြေခံနည်းပါးသူကို တက္ကသီလာကပါမောက္ခကြီးတွေက ဘွဲ့လွန်သင်တန်းတက်နေသူကို သင်ပြရှင်းပြသလိုဆိုရင်တော့ အလုပ်မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ပစ်မှတ်ကို မထိဘူးပေါ့ဗျာ။ အချိန်ကုန် လူပမ်းတာပေါ့ဗျာ။

ပညာရှင်အဆင့်တွေ နားလည်အောင်လည်း ဖလှယ်ကြစေချင်ပါတယ်၊။ ပညာရှင်တွေ ငြင်းကြခုန်ကြတာတွေလည်း တိုင်းပြည်အတွက် အလွန်အကျိုးများပါတယ်။ သာမန်လူတွေအတွက်လည်း ပညာရပ်ဆိုင်ရာဝေါ ဟာရတွေကို သာမန်အရပ်သုံးစကားတွေအဖြစ် အပင်ပမ်းခံဖလှယ်ပြီး ရှင်းပြနိုင်ကြရင် အပင်ပမ်းခံရကျိုးနပ်မှာပါ။ ထောက်ခံစေချင်တဲ့လူ ပိုထောက်ခံလာအောင်ဖြောင့်ဖျလို့ရသလို ဆန့်ကျင်ကန့်ကွက်လိုတဲ့သူ ပိုဆန့်ကျင်ကန့်ကွက်လာအောင် စည်းရုံးလို့ရတာကိုးဗျာ။

နိုင်ငံရေးလက္ခဏာပါတဲ့ ပြည်နဲ့ချီ မြို့နဲ့ချီတဲ့စီးပွားရေးကြီးတွေ လုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာပါ။ စီးပွားရေးဆိုတာကိုက နိုင်ငံရေးမဟုတ်လားဗျာ။ ဆိုတော့ ကျနော်တို့ ရန်ကုန်မြို့သစ်ကိစ္စကိုလည်း နိုင်ငံရေးဖြစ်အောင် လုပ်ကြရအောင်လားဗျာ။

နိုင်ငံရေးဆို စည်းရုံးရေးက ရှေ့ဆုံးမှာပါ။ စည်းရုံးရေးဆို စည်းရုံးမယ့်သူရော အစည်းရုံးခံရမယ့်သူရော သေချာဃဏနားလည်မှ ဖြစ်မှာကိုးဗျာ နော။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၉

0 comments:

Post a Comment