Sunday, February 17, 2019

"နိုင်ငံရေးအရလူသတ်မှု" (အပိုင်း-၂) Hla Thaung

0 comments
"နိုင်ငံရေးအရလူသတ်မှု"

(အပိုင်း-၂)
ဦးတင်ထွဋ် အသတ်ခံရမှုနှင့်ပတ်သက်ပြီး တာဝန်အရထိုအမှုကို လေ့လာစုံစမ်းခဲ့ရသူ ဒုရဲမင်းကြီးဦးဘအေး၏အတွေ့အကြုံကလည်း သဲထိတ် ရင်ဖိုရှိလှသည်။ ဦးဘအေးသည် ဦးတင်ထွဋ်လုပ်ကြံခံရသည့်နေ့က ရန်ကုန်ရဲမင်ကြီးဦးအောင်ချိန် ခွင့်ယူထားသဖြင့် သူ့နေရာတွင် ယာယီ ဝင်ရောက်တာဝန်ယူနေရချိန်ဖြစ်သည်။ ဦးတင်ထွဋ်အား ဗုံးပစ်ခံရသည့်သတင်းရလျှင်ရခြင်း အချင်းဖြစ်နေရာသို့ ဦးဘအေးရောက်သွားသည်။

ယင်းနေ့ ၁၇-၉-၄၈ နေ့ ညဘက်တွင် ဗုံးဒဏ်ရာကြောင့် ဦးတင်ထွဋ်ကွယ်လွန်သွားသည်။ ထို့ကြောင့် ဦးတင်ထွဋ်ကို မည်သူတွေလုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်ကို ဦးဘအေးကစစ်ဆေးရသည်။

Mary P. Callahan သည်မြန်မာတပ်မတော်သမိုင်းကိုပြုစုရန် ၁၉၉၂ ခုနှစ်က ရန်ကုန်ကို ရောက်လာပါသည်။ သူလေ့လာနေသော မြန်မာ့ တပ်မတော်သမိုင်းဖြစ်သည့် "Making Enemies" စာအုပ်ကိုပြုစုရာတွင် ဦးတင်ထွဋ်ကိစ္စပါဝင်ပါသည်။ သူက "ဦးတင်ထွဋ်ကို ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။ လူသတ်မှုကြီး၏ တရားခံများကို မဖော်ထုတ်နိုင်ခဲ့သော်လည်း ဆိုရှယ်လစ် (သို့) ဖဆပလ တို့ကလုပ်ကြံခြင်းဖြစ်ကောင်းဖြစ်မည်။ စစ်ရုံးတွင်ရှိသည့် ကရင်အရာရှိအများစုက စစ်ဝန်ထမ်းတပ်၏ ဒုစစ်ဆေးရးချုပ် ဗိုလ်အောင်ကြီးသည်လူသတ်မှုကို စီစဉ်သူဖြစ်ကြောင်း စစ်ရုံးရှိ British Service Mission ကိုပြောပြသည်" ၁ ဆိုပြီးရေးထားပါတယ်။

ထို့ပြင် Guardian ဦးစိန်ဝင်းနှင့် M. Callaahan တို့နှစ်ဦးတွေ့ဆုံရာမှာ "ဦးတင်ထွဋ်လုပ်ကြံခံရမှုကို ရဲနှင့်စစ်ဘက်တို့မှ စစ်ဆေးခဲ့သည်။ ထိုအချိန်က အရွယ်ငယ်သည့်ဦးစိန်ဝင်းက ရန်ကုန်ပုလိပ်မင်းကြီးဖြစ်သူ ဦးအာင်ချိန်သည် ရာထူးမှထုတ်ပယ်ခံရပြီး အကြောင်းရင်းက လူသတ်သမားကို ဖော်ထုတ်နိုင်ခဲ့သောကြောင့်ဖြစ်ကြောင်း၊ ထို့ပြင်လူသတ်မှုကျုးလွန်သူသည်ဆိုရှယ်လစ်ပါတီမှဖြစ်ကြောင်း" ဆိုပြီး ၂၃-၄-၉၂ နေ့မှာပြောခဲ့သည်။

ထို့ပြင် စာရေးသူနှင့် ရုပ်ရှင်သရုပ်ဆောင် မောင်မောင်တာတို့ ၉-၁-၂၀၁၂ နေ့တွေ့ဆုံရာမှာ သူက "ဦးတင်ထွဋ်ကို ဆိုရှယ်လစ်များက သတ်လိုက်တာဖြစ်ကြောင်း" ပြောခဲ့သည်။ မောင်မောင်တာသည် UAMP (Union Auxiliary Military Police ) မှာအကြပ်အဖြစ်တာဝန်ယူပြီး ဦးတင်ထွဋ်ကိုလုံခြုံရေး ယူထားရသူဖြစ်ပါသည်။

ဦးဘအေးက "အငြိမ်းစားရဲမင်းကြီး ဦးဘအေးဘဝခရီးနှင့်အတွေ့အကြုံများ" ၂စာအုပ်မှာ-
"အမှုကိုကိုင်တွယ်ထိတွေ့ စစ်ဆေးသူအရာရှိမှာ အလယ်ပိုင်းရဲဝန်ထောက် ဦးတင်ဖြစ်သည်။ ကျွန်တော်က ကြပ်မတ်ညွှန်ကြားရပါသည်။ ထိုအမှုကိုစုံစမ်းစစ်ဆေးနေစဉ်မှပင် D.S.P. Intelligence က ကျွန်တော့်ကို ပြောလာ၏။ သူ့နာမည်က ဦးစိုးမြင့်။ သူ့ရာထူးက စုံစမ်းထောက် လှမ်းရေးရဲဝန်။ တစ်ညတွင်သူကကျွန်တော့်ထံရောက်လာပြီး သတင်းတစ်ခုပေးသည်။ သူပေးသာသတင်းက သတင်းထူး၊ သတင်းဆန်း၊ ပြီးတော့ကျွန်တော်နှင့်လည်းပတ်သက်နေသည်။
ဦးစိုးမြင့်က--"ဆရာ၊ ဆရာ့နောက်ကို ရှဲထိုးလိုက်နေတယ်။ ဆရာသွားလာလှုပ်ရှားမှုမှန်သမျှ နောက်ကလူတစ်ယောက် အမြဲတမ်းလိုက်နေ တယ်။ ဆရာသိရအောင်တင်ပြတာပါ။ ဆရာသိလားမသိလားတော့ မသိဘူး။ ဆရာသတိထားဖို့ပါပဲ" ထိုသတင်းရတော့ ကျွန်တော်က ကျွန်တော့် အထက်အရာရှိ ဦးအောင်ချိန်ထံတင်ပြသည်။ ဦးအောင်ချိန်ကပြောသည်။
ဆက်ရန်
Ref:
(၁) Mary P. Callahan, Making Enemies, P. ၁၃၂
(၂) ဦးဘအေး၊ "အငြိမ်းစားရဲမင်းကြီးဦးဘအေး၏ဘဝခရီးအ
တွေ့အကြုံများ"
ဆက်ရန်
ယူတာက https://www.facebook.com/hla.thaung.9?__tn__=%2CdC-R-R&eid=ARCjGfizOr-87NGHTNjkjeUQLmu2ScnFVDJHP5UiBuGtlNxgpP_fKaC0Bnztvryxzjgn7bTSSOS3vece&hc_ref=ARQXhgiJ9NU5Q9IlKHjUqCjiNE75uWn8yn9y6IG2hvP42uorsLza76zSs3b3qFq_bJI&fref=nf

0 comments:

Post a Comment