(သဘာဝကိုရန်လုပ်တော့...)
တရုတ်ပြည်မှာ လူဦးရေကန့်သတ်ဖို့ တအိမ်ထောင်ကလေးတယောက် ပေါ်လစီလုပ်ခဲ့တယ်။
သားယောက်ျားကို ပိုမြတ်နိုးတနာရှိလေတော့ သားလေးမွေးမှတွေဖြစ်ပြီး လူမသိသူမသိ
အသက်ပျောက်ကြရရှာတဲ့ သမီးလေးတွေရှိခဲ့တယ်လို့ဆိုတယ်။ ဟုတ်မဟုတ် ကံသေကံမ
မပြောနိုင်ပေမယ့် ဆယ်စုနှစ်တချို့ကျော်လာတော့ သတို့သမီး
အပြင်ထွက်ရှာရတဲ့ပြဿနာဖြစ်လာတယ်။ မိန်းကလေးတွေ တောင်းကြေးရမ်းကြေး
မင်္ဂလာဆောင်စားရိတ်ကြေးတွေ တက်လာတယ်။ မိန်းကလေးပါးရှားတဲ့ကိစ္စဖြစ်လာတယ်။
အိမ်နီးချင်းပြည်တွေက သမီးကညာတွေ အငှားကိုယ်ဝန်ဆောင်နဲ့ အမြှောင်မယားလုပ်ဖို့
Import လုပ်ယူရတယ်။ ဒါကလည်း တပြဿနာ။
အီရစ်ထရီးယားနိုင်ငံမှာ
နဂိုကမှလူနည်းရတဲ့ကြားထဲ ဘေးနိုင်ငံနဲ့ စစ်ကြာကြာဖြစ်လိုက်တော့ ယောက်ျားတွေ
ကုန်သလောက်ဖြစ်သွားတယ်။ စစ်တပ်ထဲလူနည်းသွားတယ်။ လယ်ယာမြေတွေမှာ ထွန်ယက်မယ့်သူ
ရှားသွားတယ်။ ဒီတော့ အစိုးရက ခင်ပွန်းတယောက် ဇနီးအများယူရေး ဥပဒေရေးပြီး
သားမြန်မြန်နဲ့များများမွေးပြီး လူအင်အားဖြည့်ဖို့ရာ လုပ်ရတယ်။ ကိုယ့်လင်သားက
နောက်မယားယူတာကိုကန့်ကွက်ရင် ကွက်တဲ့မိန်းမထောင်ချမယ်လို့ပါ ပြဌာန်းယူရတယ်။
ယောက်ျားတယောက် မိန်းမတယောက်ထက်မက ယူရမယ်ဆိုပြီးလုပ်ရတယ်။ နောက်ဖြစ်မယ့်
စစ်ပွဲအတွက် စစ်သားလိုတာလည်း ပါလိမ့်မယ်။ ဒါကလည်း တပြဿနာ။
ချမ်းသာပြီးပညာတတ်တွေများတဲ့နိုင်ငံတွေမှာ
Family Planning ဆိုပြီး သားဆက်ခြားတာ သားကြောဖြတ်တာ၊ ကလေးအယူနည်းတာတွေ ဖြစ်လာတယ်။
သားသမီးတွေနိုင်နိုင်နင်းဖြစ်အောင် အစိုးရဝန်တာ သိတ်မပိအောင်စတဲ့ ရည်ရွယ်ချက်တွေလည်းပါတယ်။
တဖြည်းဖြည်းနဲ့ လူဦးရေတိုးနှုန်းက ကျလာတယ်။ ဆယ်စုနှစ်တချို့ကြာလာတော့
တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာလိုအပ်တဲ့ လုပ်သား(အလုပ်သမား)
လိုသလောက်မရှိတော့ဘူး။ ဒီကြားထဲ ပိုချမ်းသာတဲ့တိုင်းပြည်တွေဆီ ပြောင်းသွားကြတော့
ရှင်နည်းရာ အဂ္ဂလူထွက်တွေဖြစ်လာတယ်။ ချို့တဲ့တဲ့နိုင်ငံတွေကနေ
အလုပ်သမားတွေခေါ်ယူရတယ်။ ဒုက္ခသည်တွေကို ဝဲလ်ကမ်းလုပ်လာရတယ်။ ဒါကလည်း တပြဿနာ။
လူ့သက်တမ်းတွေ မရှည် ရှည်အောင် ဆေးဝါး၊
ကုသမှု၊ အစားအသောက်၊ အနေအထိုင်၊ ကျန်းမာရေးစတာတွေနဲ့ ပဲ့ပြင်ယူရင်းယူရင်း လူတွေ
အသက်တွေရှည်လာကြတယ်။ လူ့သမိုင်းမှာ အသက်အရှည်ဆုံးခေတ်များ ရောက်လာပလားတောင်ထင်ရတယ်
ဖိုးသက်ရှည်ဖွားသက်ရှည်တွေ ပေါလိုက်များလိုက်ပုံက။ အသက်အရှည်ဆုံးလူမျိုးကွဆိုပြီး
လက်မတထောင်ထောင်နဲ့ ဂုဏ်ဝင့်ခဲ့ကြတယ်။ ကြာတော့ ပင်စင်စားချိန်တွေ
ရှည်လာဆန့်ထွက်လာတယ်။ ၆ဝ နဲ့ ပင်စင်ပေးရာကနေ ၆၅ နှစ်အထိ အလုပ် လုပ်ရမယ်တွေ
ဖြစ်လာတယ်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာတွေ များသထက်များများ လာတယ်။
ပြုစုခတွေ မတန်တဆဖြစ်လာတယ်။ လူအိုလူမင်းလူဆင်းရဲတွေလည်း တပုံကြီးဖြစ်လာတယ်။
မိသားစုတာဝန်ယူတဲ့ဆီကနေ အစိုးရကကြားဝင် တာဝန်ယူလာရတယ်။ ကြာတော့ လူ့အဖွဲ့အစည်းမှာ
ဝန်ထုံ့ဝန်ပိုဖြစ်လာတယ်။ ဒီတော့ အသက်ကြီးတာဟာ ဂုဏ်ယူစရာထက်
ငြိုငြင်စရာလိုဖြစ်လာတယ်။ ဒါကလည်း တပြဿနာ။
ကိုယ့်နိုင်ငံကသေး လူကနည်း
ကုန်ထုတ်လုပ်ငန်းထက် ဝန်ဆောင်မှုလုပ်ငန်းနဲ့ကြွယ်ဝ လာတဲ့နိုင်ငံတွေကြတော့
နွမ်းပါးတဲ့ပြည်က ပညာတတ်တွေကို မရအရဆွဲဆောင်ပြီး ဦးနှောက်သွင်းကုန်လုပ်တယ်။
ဆင်းရဲတဲ့ပြည်က ရှားရှားပါးပါး အကုန်ကျတွေခံ မွေးယူထားရတဲ့ ပညာတတ်တွေ
ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတယ်။ ရေကြည်ရာမြက်နုရာမှာ အိမ်ယာထူထောင်ကြတယ်။
လူမျိုးတွေ၊ သွေးတွေ၊ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ဘာသာစကားတွေ
ရောနှောကုန်ကြတယ်။ ဒါကို Multicultural Melting Pot တို့ Cultural Diversity
တို့ဆိုပြီး ဂုဏ်လည်းယူ အလိုက်သင့်လည်း ပြောင်းလဲ
လိုက်ပါနိုင်တဲ့မျိုးဆက်သစ်တွေရှိသလို အစဉ်အလာကိုဖက်တွယ် ထိန်းသိမ်းလိုတဲ့
မျိုးဆက်ဟောင်းတွေလည်းရှိတယ်။ ဒီမှာ လူမျိုးရေးဘာသာရေး အခြေခံတဲ့ကိစ္စတွေ
အဆိပ်တက်လာတယ်။ ဒါကလည်း တပြဿနာ။
ဆင်းရဲ ပညာတတ်နည်းပါး အစဉ်အလာ
ဘာသာရေးဆုံးမှုတွေက ထွက်မရတဲ့ပြည်တွေ လူ့အဖွဲ့အစည်းတွေမှာကျ သဘာဝဒဏ်၊ လူလုပ်ဒဏ်တွေ
မချိမဆန့်ခံရရုံမက ကြောက်ခမန်းလိလိ လူဦးရေတိုးပွားနှုန်းနဲ့အတူ အငတ်ဘေးဆိုက်တာတွေ
စားနပ်ရိက္ခာမလုံလောက်မှုတွေ မပြည့်စုံခြင်းနဲ့ဆက်နွယ်ပြီးဖြစ်တဲ့ ရာဇဝတ်မှုတွေ
တင်းကြမ်းဖြစ်လာ ထူပြောလာတယ်။ ဗိုက်ဆာနေတဲ့သူဟာ စိတ်တိုတာဘဲ။ ထမင်းမဝသူဟာ
ဒေါသထွက်မှာဘဲ။ အဖိနှိပ်ခံရသူဟာ တွန်းလှန်ဖီဆန်မှာဘဲ။ အထွေထွေအကျပ်အတည်းတွေ ဒဏ်
ခါးစည်းမခံနိုင်တော့တဲ့အဆုံး ခွဲထွက်တာတွေ၊ နိုင်ငံထောင်တာတွေ၊ ပုန်ကန်မှုတွေ၊
တော်လှန်ရေးတွေ စစ်တွေနဲ့ သွေးချောင်းစီးကုန်တာပဲ။ ကပ်ကြီးသုံးပါးလုံး
ဆိုင်းမဆင့်ဗုံမဆင့်ဝင်ချလာတယ်။ ဒါကလည်း တပြဿနာ။
ဆိုတော့ လူဦးရေနဲ့စပ်တဲ့ပြဿနာတွေ
ဒီလောက်ကြီးနေတဲ့ကြားက အာဏာကိစ္စအတွက် အစိုးရတွေ အတွင်းမှာမွှေးတဲ့မီးကလည်း
ရှိသေးတယ်။
ကမ္ဘာမြေဟာ ဒီလိုနဲ့ဘဲ ပူပူပြင်းပြင်း
လည်ပတ် ရွေ့လျားနေတာပါဘဲ။ လူ့သမိုင်းဟာ ဒီပြဿနာတွေကြားကဘဲ ဒီပြဿနာတွေကို
ဖြေရှင်းဖို့လုံးပမ်းရင်း ကြောင်လိမ်လှေခါးလို တရွေ့ရွေ့ရှေ့သို့ချီနေတာပါဘဲ။
ကျနော်တို့ စိတ်မပျက်လက်မပျက် ဆက်လက်လှော်ခတ်နေကြဖို့သာပါဘဲ။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၂၊ ၂ဝ၁၉)
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၂၊ ၂ဝ၁၉)
0 comments:
Post a Comment