လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၁၃) ဖြတ် ၄ ဖြတ်ထဲကထွက်ပေါ်လာတဲ့ခေါင်းဆောင်
ကျွန်တော်တို့နေရတဲ့တန်းလျားမှာ အိမ်ထောင်စု ၄ စုရှိပါတယ်။ ကြေးနန်းဌာနတာဝန်ခံ
ကိုအောင်စိန်နဲ့ သခင်ဗသိန်းတင်ရဲ့စစ်ရေး အကြံပေး ကိုအောင်မြင့်(နောင်အခါ UWSA
ပြောခွင့်ရဖြစ်လာသူ)တို့ရဲ့ အခန်းတွေအကြားမှာ ကျွန်တော်တို့ အခန်းရှိတယ်။ အရှေ့ဖက်ဆုံးအခန်း
ကတော့ ကြေးနန်းဌာနက မခင်တို့အခန်းဖြစ်ပါတယ်။ မခင်ဆိုတာ တပ်မှူးရဲဘော်တိုက်အောင်ရဲ့ဇနီးဖြစ်ပြီး
ရှမ်းပြည်အင်းလေးဒေသကပါ။ ဦးတိုက်အောင်ဟာ အလယ်ပိုင်းဗျူရိုတပ်မှူးဖြစ်ပေမယ့်
ဒီတန်းလျားမှာဘဲ နေပါတယ်။ ကျွန်တော်တို့ရောက်သွားပြီး တစ်မနက်မှာ ကျွန်တော်တို့ အခန်းရှေ့ကဖြတ်သွားတဲ့
ဦးတိုက်အောင်ဟာ နောက်တစ်ခေါက်ပြန်လာပြီး ရော့ ကြက်သွန်လေးနဲ့သုပ်စားကြဆိုပြီး
ထမင်းနဲ့စားဖို့ခံတက်ချဉ် သုပ်နေတဲ့ ကျွန်တော့်ဇနီးငြိမ်းငြိမ်းကိုပေးခဲ့တာ
မှတ်မိနေသေးတယ်။ သူ့ဇနီး မခင် ဟင်းချက်မယ့်ထဲက ကြက်သွန်နီသုံးလေးဥ ယူလာတာတဲ့ လေ။
နောက်တစ်ခု
မှတ်မိနေတာတစ်ခုက ကျွန်တော့်ဇနီး မီးဖွားတဲ့နေ့က ဖြစ်ပါတယ်။ အဲဒီနေ့က ပန်ဆန်းဈေးနေ့ဖြစ်လို့
စခန်းမှာလူသိပ်မရှိဘူး။ ဈေးသွားနေကြတယ်။ ကံကောင်းချင်တော့ ဒေါက်တာလှကျော်ဇောက
ဈေးနေ့မှာ အားလပ်လို့ သူ့မိဘများဆီတက်လာတယ်။ ကျွန်တော်တို့ တန်းလျားမှာ
ဦးတိုက်အောင်ဘဲကျန်တယ်။ နောက်တော့ ဈေးကစောစောပြန်လာတဲ့ ဒေါ်ဦးစိန်တို့ဒေါ်ရှုမေတို့
ရောက်လာတယ်။
သူတို့အမျိုးသမီးများ
မီးဖွားဖို့အလုပ်ရှုပ်နေချိန်မှာ ကျွန်တော်နဲ့ဦးတိုက်အောင်တို့ဟာ တန်းလျားရှေ့မှာ
အခြေအနေကို နားစွင့်နေကြတယ်။ ကျွန်တော်ကအားနာလို့ သူ့ကိုအခန်းပြန်ခိုင်းလည်း မပြန်ဘဲ
နေတယ်။ နောက်ဆုံး ကလေးငိုသံကြားမှ စိတ်ချလက်ချပြန်သွားတယ်။ ကျွန်တော်နဲ့ အတူထိုင်ရင်း
ပြောက်ကျားဒေသတုံးက ရဲဘော်မတစ်ယောက်ကို သူကိုယ်တိုင် ဝမ်းဆွဲဆရာလုပ်ပြီး
မီးဖွားပေးခဲ့ဘူးတာတွေ ပြောနေခဲ့တယ်။ အဲဒီကာလ ခေါင်းဆောင်အတော်များများဟာ
ဆေးမှူးတစ်ပိုင်းဆိုရင်လည်း မမှားဘူး။
ဦးတိုက်အောင်ကို
၁၉၇၄ ခုကတည်းက ကျွန်တော်ရင်းနှီးနေခဲ့တာပါ။ အဲဒီတုံးက မန်ရှိုးလို့ခေါ်တဲ့
မန်ဟီးရိုးကို ကျွန်တော် ပထမဆုံးအကြိမ် ရောက်လာတယ်။ မြို့ပေါ်ကအခြေအနေတွေကိုသိဖို့
ဗဟိုအလုပ်အဖွဲ့တာဝန်ခံ ဦးတိုက်အောင်ရောက်လာပြီး မန်ရှိုးမှာ အတော်ကြာနေသွား တယ်။
သူရောက်နေတဲ့အတောအတွင်း အရှေ့မြောက်စစ်ဒေသ အခြေအနေတွေပြောပြလို့ အတော်လေး အားတက်ခဲ့ရတယ်။
သူက ပဲခူးရိုးမ မှာလည်း အကြာကြီးနေခဲ့လို့ ၆၄ စစ်နိုင်ရေးလမ်းစဉ်ချအပြီး
တော်လှန်ရေးလှုပ်ရှားမှုတွေ အားကောင်း လာပုံတွေကိုပြောပြတယ်။
တိုက်ကြီး-နတ်တလင်းကနေ
မကွေးအထိ၊ တောင်ငူ-ပဲခူးကနေ မြစ်ဝကျွန်းပေါ်အထိ၊ ရခိုင်ဘက်၊ ထားဝယ်ဘက်မကျန် သေနတ်သံတွေ
ပြန်ပေါ်လာကြောင်းပြောပြတယ်။ အဲဒီတုံးက ဗကပ ဥက္ကဌသခင်ဇင်နဲ့
အတွင်းရေးမှူးသခင်ချစ်တို့ ပဲခူးရိုးမမှာ အတော်လေးခက်ခက်ခဲခဲ ရပ်တည်နေရတာတွေလည်း
သူက တစွန်းတစပြောပြတယ်။ သူကိုယ်တိုင်လည်း တိုက်တိုင်းအောင်တပ်က
တပ်မှူးတစ်ဦးဖြစ်ပါတယ်။
ဦးတိုက်အောင်ဟာ
ဂျပန်ဖက်ဆစ်တော်လှန်ရေး စတင်ခါစကထဲကပါခဲ့တဲ့ ဝါရင့်တော်လှန်ရေးသမားတစ်ဦး ဖြစ်ပါတယ်။
ဂျပန်တော် လှန်ရေးမှာ ဂျပန်နဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ရတဲ့
ညောင်ကိုင်းတိုက်ပွဲမှာလည်း ပါခဲ့သူဖြစ်ပါတယ်။ ပဲခူးခရိုင် ဝေါမြို့နယ်မှာတာဝန်ထမ်း
ဆောင်ရင်း ပြည်တွင်းစစ်ဖြစ်လာတော့ တပ်ရင်းမှူးတာဝန် တပ်မဟာမှူးတာဝန်တွေ ယူခဲ့ရသူဖြစ်ပါတယ်။ တပ်မကြီးတွေဖွဲ့တော့လည်း
တပ်မကြီး ၃ ဒုတပ်မမှူးအဖြစ် တာဝန်ယူခဲ့တယ်။ နာမည်ကျော်မြေရှင်ကြီး ပဲခူးဦးစိန်ဝင်းနေအိမ်ကိုဝင်စီးပြီး စာချုပ်စာတမ်းတွေ မီးရှို့ဖျက်ဆီး တာတွေလည်း သူလုပ်ခဲ့ဘူးတယ်။ နောက်တော့ တရုတ်ပြည်ကို လေ့လာရေးသွားရင်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူ(၅)ချက်အရ မြန်မာပြည် ပြန်လာလို့မရတော့ဘဲ သောင်တင်နေတယ်။
ဆောင်ရင်း ပြည်တွင်းစစ်ဖြစ်လာတော့ တပ်ရင်းမှူးတာဝန် တပ်မဟာမှူးတာဝန်တွေ ယူခဲ့ရသူဖြစ်ပါတယ်။ တပ်မကြီးတွေဖွဲ့တော့လည်း
တပ်မကြီး ၃ ဒုတပ်မမှူးအဖြစ် တာဝန်ယူခဲ့တယ်။ နာမည်ကျော်မြေရှင်ကြီး ပဲခူးဦးစိန်ဝင်းနေအိမ်ကိုဝင်စီးပြီး စာချုပ်စာတမ်းတွေ မီးရှို့ဖျက်ဆီး တာတွေလည်း သူလုပ်ခဲ့ဘူးတယ်။ နောက်တော့ တရုတ်ပြည်ကို လေ့လာရေးသွားရင်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူ(၅)ချက်အရ မြန်မာပြည် ပြန်လာလို့မရတော့ဘဲ သောင်တင်နေတယ်။
၁၉၆၂မှာ
သူဟာ ဗီယက်နမ်ကွန်မြူနစ်တွေအကူအညီနဲ့ လာအိုကတဆင့် မြန်မာပြည်ထဲဝင်လာပြီး
ပဲခူးရိုးမကိုရောက်သွားတယ်။ ၁၉၆၆ နောက်ပိုင်းမှာ ပဲခူးရိုးမနဲ့ ရှမ်းပြည်ဗဟိုခွဲအကြား
ကူးချီသန်းချီ ဆက်သွယ်ရေးတာဝန်တွေ ယူခဲ့တယ်။ နောက်တော့ အရှေ့မြောက်စစ်ဒေသ
ကိုရောက်သွားတယ်။ ဦးတိုက်အောင်ဆိုတာနဲ့ တပ်ပေါင်းစုထဲက ပအို့ရဲဘော်တွေ
ကယန်းရဲဘော်တွေ ကရင်နီရဲဘော်တွေက အလွန်လေးစား တန်ဖိုးထားကြတယ်။
ခေါင်းဆောင်တွေသာမက
ရဲဘော်ငယ်လေးတွေကလည်း သူ့ကိုချစ်ကြတယ်။ သူစီးဖို့ပေးထားတဲ့မြင်းကို
ဘယ်တော့မှမစီးဘူး။ နေမကောင်းတဲ့ သူ လမ်းမလျှောက်နိုင်တဲ့သူတွေကိုဘဲ
တင်စေတဲ့သူမျိုးပါ။ ကျွန်တော်တို့တန်းလျားဆိုရင် သူရှိနေချိန်တွေမှာ လူမျိုးစုရဲဘော်လေးတွေ
တရုန်း ရုန်းနဲ့ရှိနေတယ်။ သူ့ဆီမှာ ဧည့်ခံစရာ ရေနွေးကြမ်းတောင် ကောင်းကောင်းမရှိပေမယ့်
ဧည့်သည်က မပြတ်ဘူး။
ဘာလို့
အဲသလောက်ချစ်ကြတာလည်းဆိုတော့ သူဟာအောက်ခြေရဲဘော်တွေနဲ့ တသားထဲနေသူ၊ ရဲဘော်တွေရဲ့အခက်အခဲကို
အကင်းပါးပါး သိမြင်တတ်သလောက် စာလည်းစာနာတတ်သူဖြစ်လို့ပါ။ ကိုယ့်ကိုယ်ကို
တင်းတင်းကျပ်ကျပ် နှိမ့်ချစွာနေထိုင်သလောက် ကျန်တဲ့သူတွေ အပေါ်မှာတော့
အတော်လေးသက်သက်ညှာညှာ ကူညီတတ်သူဖြစ်ပါတယ်။ သူရှမ်းပြည်အလယ်ပိုင်းတုံးက
ကိုယ့်လင်သားဖြစ်သူကို ချစ်လို့သာ တောထဲလိုက်လာခဲ့တာဖြစ်ပြီး
တော်လှန်ရေးအကြောင်းမသိရှာတဲ့ ဗဟိုခွဲတာဝန်ခံ သခင်တင်ထွန်းရဲ့ဇနီးဖြစ်သူ
(နှစ်ယောက်စလုံး ၁၉၇ဝခု ဗဟိုခွဲအဝိုင်းခံရစဉ် ကျဆုံးသွားပါပြီ) အပေါ်
အကြောင်းမသိတဲ့ ရဲဘော်တချို့အထင်မြင်လွဲကြတဲ့အခါတွေ မှာ ဦးတိုက်အောင်က
သူတို့နားလည်အောင်ကြားဝင်ပြီး မကြာခဏရှင်းပြခဲ့တယ်ဆိုတဲ့သတင်းမျိုးလည်း
ကျွန်တော်ကြားခဲ့ရတယ်။ လူက ကြံ့ခိုင်သလောက် အပင်ပန်း လည်း ခံတယ်။ အလုပ်တာဝန်ရှိရင်
မရရအောင် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၇၅ တိုးချဲ့ဗဟိုကော်မတီ အစည်းအဝေးအပြီးမှာ
သူဟာ ဗဟို ကော်မတီဝင်ဖြစ်လာသလို ၁၉၇၉အသစ်ဖွဲ့စည်းတဲ့ အလယ်ပိုင်းဗျူရိုရဲ့
တပ်မှူးတာဝန်ကိုလည်း သူ ယူရတယ်။ ဗဟိုကော်မတီဝင်တွေထဲမှာ သူက
အသက်အငယ်ဆုံးဖြစ်ပါတယ်။
၁၉၇၉မှာ
ရှမ်းပြည်အလယ်ပိုင်းကို နိုင်ငံရေးမှူး ဗကပ ဒု ဥက္ကဌရဲဘော်ခင်မောင်ကြီးနဲ့အတူဆင်းခါနီးမှာ
အစိုးရရဲ့မင်းရန်အောင် စစ်ဆင်ရေး ကြောင့် နဲနဲနှောင့်နှေးသွားတယ်။ ကောင်းလင်း
ကောင်းလန်းတိုက်ပွဲအတွင်း သံလွင်မြစ်ဖြတ်ကူးဖို့ လမ်းပေါက်တစ်ခု ရလာတဲ့အတွက်
ဦးတိုက်အောင်တို့ အလယ်ပိုင်းဗျူရိုအဖွဲ့ကြီး မြစ်ကို
အောင်မြင်စွာဖြတ်ကူးနိုင်ခဲ့ကြတယ်။ တကယ်ဆိုရင် ဦးတိုက်အောင်ဟာ ပန်ဆန်းဗဟိုရုံး
သူ့အခန်းမှာ လည်းကျသတိလစ်သွားဘူးတယ်။ အဲလိုဖြစ်တာ မကြာသေးဘူး။ သူ့ကို မသွားသေးဖို့
ဆရာဝန်အပါအဝင် လူကြီးတွေ ဝိုင်းတား ကြပေမယ့် သူ့ကြောင့် အကုန် နှောင့်နှေးသွားတာမဖြစ်စေလိုလို့
သူအတင်း လိုက်လာခဲ့တာဖြစ်ပါတယ်။
၁၉၈၃
ခုမှာ မမျှော်လင့်တဲ့သတင်းတစ်ခု ကြားလိုက်ရတယ်။ ရှမ်းပြည်အလယ်ပိုင်းတစ်နေရာမှာ
ဦးတိုက်အောင်တစ်ယောက် ကျန်းမာရေး အတော်လေးဆိုးဝါးနေလို့ ပန်ဆန်းကို ပြန်လာနေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။
သူ့ကိုပန်ဆန်းရောက်တာနဲ့ တဖက်နိုင်ငံဆေးရုံကို အမြန်ပို့ လိုက်ကြတယ်။ အဲဒီနှစ် ဒီဇင်ဘာလမှာ
သူဆေးရုံကဆင်းပြီး ဗဟိုရုံးသူ့အိမ်ခန်းလေးကိုပြန်လာပါတယ်။ သူပြန်လာပြီဆိုလို့
ရဲဘော်တွေ နယ်စပ်မြစ်ကမ်းဘေးအထိ သွားကြိုကြတယ်။ ကားပြတင်းပေါက်ကနေ အားလုံးကိုပြုံးပြနေတဲ့
ဦးတိုက်အောင်ကို တွေ့လိုက်ရလို့ လာကြို သူတွေ စိတ်သက်သာရာရသွားတယ်။ ဒါဟာ
တဒင်္ဂဘဲခံပါတယ်။ ဦးတိုက်အောင် ကားပေါ်က သူ့ဖာသာမဆင်းနိုင်ဘဲ ကိုယ်ရံရဲဘော်တွဲပြီး ဆင်းလာတာတွေ့တော့
သူတို့အားလုံးငိုင်သွားတယ်။ ဦးတိုက်အောင်ဟာ ညာဘက်ကိုယ်တစ်ခြမ်းသေသွားပြီး
စကားတောင်မပြောနိုင်တော့ ဘူး။
သူ့အကျင့်အတိုင်းရဲဘော်တွေ
စိတ်မပူအောင် လူတိုင်းကို ပြုံးပြနေရှာတယ်။ သူပြုံးနေပေမယ့် ရဲဘော်တွေက
ပြန်ပြုံးမပြနိုင်တော့ဘူး။ ငိုသူက ငိုနေပြီ။ ဒီမြင်ကွင်းကိုတွေ့တော့ သူ့ဇနီးမခင်တစ်ယောက်
ဘယ်လိုမှ ခံနိုင်ရည်မရှိတော့ဘူး။ ခြေဦးတည့်ရာထွက်ပြေးသွားလို့ ကျန်တဲ့သူတွေ က သူ့နောက်ကို
လိုက်ခေါ်ကြရတယ်။ ဦးတိုက်အောင်ကတော့ တန်းလျားကိုရောက်တဲ့အချိန်အထိ
သူ့ကိုလာတွေ့သူတွေကိုပြုံးပြရင်း ကောင်းသေးတဲ့လက်တစ်ဖက်နဲ့ လက်ဆွဲနှုတ်ဆက်တာတွေ
လုပ်နေတုံးဖြစ်ပါတယ်။
သူအခုလို
ကျန်းမာရေးထိခိုက်သွားတဲ့အတွက် အနစ်နာဆုံးဟာ အလယ်ပိုင်းဗျူရိုလုပ်ငန်းတွေဘဲ ဖြစ်ပါတယ်။
သူဟာ အရှေ့မြောက်စစ်ဒေသ ကတည်းက စစ်ဒေသ ဒုတပ်မှူးလုပ်ခဲ့သူဆိုတော့ အရှေ့မြောက်တပ်တွေနဲ့
တပ်မှူးတွေအကြောင်း ကောင်းကောင်းသိသူဖြစ်သလို တပ်တွေ ကလည်း ဦးတိုက်အောင်ဆိုရင်
တလေးတစား အမိန့်လိုက်နာလေ့ရှိတယ်။ ရှမ်းပြည်အလယ်ပိုင်းဆိုရင်လည်း တပ်ပေါင်းစုအဖွဲ့တွေနဲ့
အရင်ကထဲက ထိတွေဆက်ဆံလာခဲ့သူဖြစ်လို့ သူ့သြဇာတွေရှိနေတယ်။ အပင်ပန်းလည်းခံ
ရဲဘော်တွေနဲ့လည်းတသားထဲရှိတဲ့ သူ့လိုတပ်မှူးကောင်းတစ်ယောက် အစားပြန်ရဖို့ဆိုတာ
တကယ်မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။
ဦးတိုက်အောင်ကို
ဆုံးရှုံးလိုက်ရတဲ့ နောက်ဆက်တွဲရလာဒ်ကတော့ ရှမ်းပြည်အလယ်ပိုင်းအခြေစိုက်ပြီး
ပြည်မထိုးဖောက်ရေး ဗကပ စီမံကိန်းဟာလည်း အကောင်အထည်ဖော်ဖို့
အများကြီးခက်ခဲကုန်ပါတယ်။ အဲဒီအချိန်က နယ်စပ်ကပါသွားတဲ့ ကေဒါအတော်များများဟာ
နယ်စပ်ကို ပြန်လာနေကြတဲ့အချိန်ဖြစ်ပြီး တချို့ဆိုရင် ဝနယ်ထဲမှာဘဲအပြီးနေတယ်။
သံလွင်မြစ်အနောက်ဖက်ကို ပြန်မကူးတော့ပါဘူး။
ကျွန်တော်ဟာ
ဦးတိုက်အောင်အကြောင်း တွေးမိတိုင်း ပဲခူးရိုးမနဲ့မြစ်ဝကျွန်းပေါ်အခြေခံဒေသတွေ
ကျဆုံးကုန်တဲ့အကြောင်းတွေကို ပြန်တွေးနေမိတယ်။
ကျွန်တော်
ရန်ကုန်တက္ကသိုလ်ရောက်တဲ့နှစ်က တရုတ်ဗမာအရေးအခင်းဖြစ်ပြီး ကျောင်းတွေပိတ်ဘူးတယ်။ ကျောင်းပိတ်ချိန်မှာ
ငပုတောမှာ ရောက်နေတဲ့ အမလတ်က သူ့ဆီလာဖို့ခေါ်လို့ ရန်ကုန်ပုသိမ်အထူးသင်္ဘောစီးသွားတယ်။
ပုသိမ်ကို ရောက်တော့မှ ငပုတောကို ဆက်သွား တယ်။ လမ်းတလျောက်တွေ့ရတဲ့
သင်္ဘောတွေမော်တော်တွေမှာ စစ်သားတွေအပြည့် တွေ့နေရတယ်။ ကုန်းပတ်ပေါ်မှာ သဲအိတ်တွေနဲ့
ကတုတ်လုပ်ထားပြီး စက်သေနတ်တွေအသင့်တင်ထားတဲ့ ကင်းလှည့်မော်တော်တွေက
ချောင်းပေါက်တွေမှာ စောင့်နေကြတယ်။ အဲဒီကာလ က အစိုးရဘက်က မိုးဟိန်းစစ်ဆင်ရေးတို့
ရွှေလင်းယုန်စစ်ဆင်ရေးတို့ အရှိန်ပြင်းပြင်းလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။
ကမ်းခြေဖက်ကြည့်လိုက်ရင်လည်း
လေးတိုင်နဲ့ ဆောက်ထားတဲ့ကင်းမျှော်စင်တွေ တသီကြီးမြင်နေရတယ်။ မှတ်မှတ်ရရ အဲဒီတုံးက
ဗီယက်နမ် မှာလည်း အမေရိကန်တပ်တွေက မဟာဗျူဟာရွာတွေဆောက်ပြီး နယ်ခံရွာသားတွေနဲ့
ဗီယက်ကောင်းပြောက်ကျားတွေ ဆက်သွယ်လို့မရအောင် လုပ်နေချိန်ဖြစ်ပါတယ်။ ဒီနည်းဟာ
မလေးရှားကွန်မြူနစ်သူပုန်တွေကို ဆာရောဘတ်သော်မဆင်ရဲ့ ဗြိတိသျှတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်
တုံးက ပထမဆုံးအသုံးပြုတဲ့ မဟာဗျူဟာကျေးရွာတည်ထောင်တဲ့ နည်းဗျူဟာဖြစ်ပါတယ်။ အခု
ဒီနည်းကို မြန်မာစစ်အစိုးရကအသုံးပြုတာပါ။ ဒီနည်းကို ဖြတ် ၄ ဖြတ်နည်းလို့လည်းခေါ်ကြပါတယ်။
စားနပ်ရိက္ခာဖြတ်၊ ငွေကြေးထောက်ပံ့မှုဖြတ်၊ လူသစ်စုဆောင်းမှုဖြတ်၊ သတင်းထောက် လှမ်းမှုဖြတ်ဆိုတဲ့
ဒီဖြတ် ၄ ဖြတ်ကိုလုပ်ဖို့ဆိုရင် ရွာတွေကို မူလနေရာမှာဆက်မနေခိုင်းတော့ဘဲ
မဟာဗျူဟာရွာသစ်တွေမှာနေခိုင်းပြီး အဝင် အထွက်တင်းကျပ်ပစ်တာ၊ အဆက်အသွယ်တွေ
စောင့်ကြည့်ဖမ်းဆီးတာတွေ လုပ်ဖို့လိုသလို စတုရန်းမိုင် ၄ဝ-၅ဝ အကွက်တွေသတ်မှတ်ပြီး
အရပ်သားအကူအညီနဲ့ ခြံခတ်ပိတ်ဆို့တာတွေ လက်ချင်းယှက် ဝိုင်းပတ်ကာရံတာတွေလုပ်ပြီး
အဲဒီအကွက်ထဲမှာရှိတဲ့ပြောက်ကျားတပ်တွေကို ချေမှုန်းတာတွေလုပ်ကြတာဖြစ်ပါတယ်။
၁၉၆၅
တဝိုက်မှာ ဖြတ် ၄ ဖြတ်နည်းနဲ့မြစ်ဝကျွန်းပေါ်ကို တပ်မ ၇၇၊ ၈၈၊ ၉၉ တို့ကို ဖွဲ့စည်းပြီး
စတင်ထိုးစစ်ဆင်ရာမှာ မြစ်ဝကျွန်းပေါ်က အင်အားအလွန်ကောင်းတဲ့ KNUP နဲ့ ဗကပတပ်တွေဟာ ၅
နှစ်လောက်အတွင်း အင်အားတွေ အများကြီးကျဆင်းသွားခဲ့တယ်။ KNUP ခေါင်းဆောင်တွေဖြစ်တဲ့
ဗိုလ်ချုပ်ကျင်ဖေတို့ စောဂျိုးတို့လို အစဉ်အလာရှိတဲ့ခေါင်းဆောင်တွေ ကျဆုံးရသလို
ဗကပမြစ်ဝကျွန်းပေါ်တိုင်း ကော်မတီတွေဖြစ်တဲ့ သခင်ဗိုလ်ဦးတို့ ဗိုလ်အောင်ဖေတို့လည့်း
ကျဆုံးသွားတယ်။ ၁၉၇ဝ လွန်ကာလတွေမှာတော့ ဝိုင်းပတ်ပိတ်ဆို့ချေမှုန်းတာ တွေကြောင့်
တစ်လကျော်လောက်ကာလအတွင်း ကျဆုံးသူ ဖမ်းမိသူလက်နက်ချသူ ရာဂဏန်းအထိဖြစ်လာခဲ့တယ်။
အစိုးရတပ်တွေကတော့ တော်လှန်ရေးဝမ်းဗိုက်နဲ့တူတဲ့ မြစ်ဝကျွန်းပေါ်ကို
မွှေနှောက်ဖျက်ဆီးပြီးတာနဲ့ သူတို့ရဲ့ အဓိကဦးတည်ချက်ဖြစ်တဲ့ ပဲခူးရိုးမကို တပ်မ ၃
ခုနဲ့ စတင် ဝိုင်းပတ်ထိုးစစ်ဆင်ပါတော့တယ်။
ထိုးစစ်နဲ့အတူ
ဖြတ် ၄ ဖြတ်လည်းပါလာတယ်။ ပဲခူးရိုးမကတော့
သူတို့မျှော်မှန်းသလိုလွယ်လွယ်နဲ့မချေမှုန်းနိုင်ဘူး။ တပ်မ ၇၇ ဟာ ဗကပ တပ်တွေရဲ့ ပြင်းထန်တဲ့ခုခံမှုတွေရင်ဆိုင်ရပြီး
အကျအဆုံးအတော်များတဲ့ သတင်းတွေထွက်လာတယ်။ အဲဒီကာလက ဗကပ တိုက်တိုင်း အောင် ၄ တပ်ရင်းဟာ
လှုပ်ရှားမှုမြန်ဆန်သလို တိုက်ရည်ခိုက်ရည်ကောင်းတဲ့တပ်မှူးတွေက ဦးဆောင်ထားလို့
တောင်ငူခရိုင်စစ်တောင်း မြစ်အနီးမှာ ချေမှုန်းရေးတိုက်ပွဲတွေ အများကြီးလုပ်သွားခဲ့တယ်။
နောက်ထပ်ဖွဲ့စည်းတဲ့ ဗကပအောင်နိုင်တပ်လည်း အလားတူဘဲ ပဲခူးမြစ်ညာ တဝိုက်လှည့်လည်တိုက်ခိုက်နေခဲ့တယ်။
ဗကပ အနောက်မြောက်ဒေသက တိုက်တိုင်းအောင် ၇ တပ်ရင်းဆိုရင် မင်းတုန်းမြို့ကိုဝင်စီးတာ
တောင်လုပ်ခဲ့ပါတယ်။
ဒါပေမယ့်
ဖြတ် ၄ ဖြတ်ကို ချိုးဖျက်ရေးလုပ်ရင်း ဗကပဖက်က အစဉ်အလာကြီးတဲ့ခေါင်းဆောင်တွေလည်း တဖြည်းဖြည်း
ကျေပြုန်းကုန်တယ်။ အဲသလို ကျေပြုန်းရာမှာ ဗမာလွတ်လပ်ရေးသမိုင်းမှာ
အထင်ကရခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သခင်သန်းထွန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဇေယျလို
စစ်ရေးကျွမ်းကျင်တဲ့ခေါင်းဆောင်တွေလည်း အတော်များများကျဆုံးကုန်တယ်။
၁၉၇၅အောင်စိုးမိုးစစ်ဆင်ရေး ရဲနွယ်ချောင်းဖျားမှာတော့ ဥက္ကဌ သခင်ဇင်
အတွင်းရေးမှူသခင်ချစ်တို့ပါ ကျဆုံးခဲ့ရတယ်။ ပဲခူးရိုးမမှာ နောက်ဆုံးကျန်နေတဲ့
ဗိုလ်ဘုန်းကျော်တို့ ဗိုလ်စိုးကြည်တို့ဟာ ဒိုက်ဦး အနီးတိုက်ပွဲမှာကျဆုံးသွားပြီး
ပဲခူးရိုးမအခြေခံဒေသလည်း ကျဆုံးသွား ခဲ့တယ်။ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးရိုးမမှာ
အစွမ်းပြခဲ့တဲ့ အဲဒီဖြတ် ၄ ဖြတ်နည်း ဟာ အရှေ့မြောက်နယ်စပ်မှာတော့
ဘာမှမထိရောက်တော့ပါဘူး။ အရှေ့မြောက်သာမက တရုတ်အိန္ဒိယထိုင်း တခြားနယ်စပ်တလျောက်တွေ မှာလည်း
သုံးမရတဲ့နည်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် လက်နက်ကိုင်သူပုန်အများစုဟာ
ပြည်တွင်းခြေကုတ်စခန်းတွေကနေ ကိုယ်နဲ့နီးစပ်ရာ နယ်စပ်ဒေသတွေဆီ တဖြည်းဖြည်းပြောင်းရွှေ့ကုန်ကြတာဖြစ်ပါတယ်။
တိုက်ပွဲသဏ္ဍာန်တွေလည်း ပြောက်ကျားနည်းကနေ သမရိုးကျတိုက်နည်း တွေ ဖြစ်ကုန်ကြတယ်။
ဒီအချက်တွေဟာ
ပဲခူးရိုးမဗကပဗဟိုကျဆုံးရာမှာ အဆုံးအဖြတ်သဘောဆောင်တဲ့ ပြင်ပ ရုပ်ဘဝအကြောင်းရင်းတွေဖြစ်ပါတယ်။
ဗကပရဲ့
အတွင်းပိုင်းအကြောင်းရင်းအမှားအမှန်ကိစ္စတွေ၊ စစ်ရေး၊မြေယာနဲ့
တိုင်းရင်းသားလူမျိုးစုဆိုင်ရာလမ်းစဉ်တွေအပါအဝင် ပါတီတည် ဆောက်ရေး အမှားတွေကိုဘဲနားလည်ပြီး
မိမိရင်ဆိုင်ရတဲ့ ဆန့်ကျင်ဘက်ရန်သူအခြေအနေကို ထည့်မစဉ်းစားရင်ပြည့်စုံမယ် မထင်ဘူး။
အဲဒီ ပါတီအတွင်းပိုင်းကိစ္စတွေမှာတောင် ကမ္ဘာလုံးဆိုင်ရာအင်အားအခြေအနေတွေ အပြောင်းအလည်းတွေကလည်း
အတော်ဘဲလွှမ်းမိုးမှုရှိတဲ့ ပြင်ပ အကြောင်းရင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ အဲဒီကာလဟာ
တရုတ်-ဆိုဗီယက်အကွဲ အပြင်းထန်ဆုံးအချိန်ဖြစ်သလို ကွန်မြူနစ်ပါတီ အတော်များများ
ဘယ်သူ့ဘက်လိုက်မလည်းဆိုတဲ့မေးခွန်းတွေ ရင်ဆိုင်နေရတဲ့ကာလလည်း ဖြစ်ပါတယ်။
ပဲခူးရိုးမဟာ တရုတ်ပြည်ကွန်မြူနစ် ပါတီနဲ့ မော်အတွေးအခေါ်ဘက်က မားမားမတ်မတ်ရပ်ခံပြီး
အဲဒီမေးခွန်းကို ပြတ်ပြတ်သားသားဘဲ အဖြေပေးလိုက်တယ်။
၆၄
လမ်းစဉ်မှာ မော်အတွေးအခေါ်ကို အတိအလင်းထည့်သွင်းလိုက်တယ်။ ဆိုဗီယက် ပြန်လည်ပြင်ဆင်ရေးဝါဒကို
ဆန့်ကျင်ရမယ်။
ပစ္စည်းမယ့်တော်လှန်ရေးကို လုပ်ဆောင်ရမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလမ်းစဉ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေမှာကောင်း တာလည်းရှိသလို ဆိုးတာတွေလည်းပေါ်ထွက်လာပါတော့တယ်။
ပစ္စည်းမယ့်တော်လှန်ရေးကို လုပ်ဆောင်ရမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလမ်းစဉ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေမှာကောင်း တာလည်းရှိသလို ဆိုးတာတွေလည်းပေါ်ထွက်လာပါတော့တယ်။
နေဦးဝေ
0 comments:
Post a Comment