Thursday, February 21, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၃)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၃)
အစဉ်အလာအားဖြင့် အနောက်တိုင်းဒဿနများသည် တက္ကိကအခြေပြုဒဿန (Metaphysical Philosophy)နှင့် သံသယအခြေပြုဒဿန (Skeptical Philosophy)များ ဖြစ်ကြပါသည်။ တက္ကိကအခြေပြုဒဿနများသည် အခြေခံအတွေ့အကြုံ အကြောင်းခြင်းရာများကို ရှင်းလင်း ရာ၌ အတွေ့အကြုံအားဖြင့်လက်လှမ်းမမီသော၊ အတွေ့အကြုံကို ကျော်လွန်နေသည်ဟူသောအရှိတရားတို့ကို လက်ခံထားကြပြီး တင်ပြ ရှင်းလင်းကြသည်။ တဖက်က သံသယအခြေပြုဒဿနများကလည်း လူသားအတွေ့အကြုံဟူသည် တိကျသေချာခြင်းမရှိ။ ထို့ကြောင့် မည်သည့်အရာကိုမျှ တိတိကျကျမှန်မှန်ကန်ကန် သိနိုင်သည်မဟုတ်။ ရုပ်လွန်တက္ကိကခံယူချက်အားလုံးမှာလည်း မှန်မှန်ကန်ကန် အားကိုးထိုက်သည်မဟုတ်ဟု ယူဆကြသည်။

ဖြစ်တည်မှုဝါဒသည် ယင်းအယူအဆနှစ်ခုစလုံးကို ပယ်ဖျက်ပစ်ပေသည်။ သံသယဝါဒကိုဆန့်ကျင်၍ လူသားသည် သူ၏ကိုယ်ပိုင်ဖြစ်တည်မှု အခြေခံတရားကို ရှာထွေတွေ့ရှိနိုင်သည်ဟု ဖြစ်တည်မှုဝါဒကခံယူပေသည်။ ထိုနည်းတူ အစဉ်အလာတက္ကိကဝါဒကိုဆန့်ကျင်၍ အစစ်အမှန် အရှိတရားဟူသည် ကျွန်ုပ်တို့ တွေ့ကြုံခံစားရရှိသည့်အရာဖြစ်သည်ဟု ဖြစ်တည်မှုဝါဒက လက်ခံပေသည်။ ယင်းတို့ခံယူသောအရှိတရားသည် ရှင်သန်နေသည့်အရှိတရား(Lived Reality) ဖြစ်သည်။ ယင်းအရှိတရားသည်လူ့ဘဝအခြေအနေ(HumanCondition)ကိုကျော်လွန်၍ ဖြစ်တည်နေသည် မဟုတ်။ လူ့ဘဝက လက်လှမ်းမမီသောအရာ မဟုတ်။ လူ့ဘဝအခြေအနေအတွင်း၌ ဖြစ်တည်နေသောအရာဖြစ်သည်ဟု ဖြစ်တည်မှုဝါဒီတို့က ယူဆကြပေသည်။

အနောက်တိုင်း ဒဿနသမိုင်းတွင် ယေဘုယျအားဖြင့် တွေးခေါ်ပုံ၊ တွေးခေါ်နည်း (ဝါ) အတွေးအခေါ်လမ်းကြောင်းနှစ်သွယ်ရှိပါသည်။ လမ်းကြောင်းတသွယ်မှာ လူသား၏ပြင်ပလောကတွင်ရှိသောသဘာဝတရား သို့မဟုတ် စကြဝဠာကိုဗဟိုပြု၍တွေးခေါ်ပါသည်။ ယင်းလမ်းကြောင်းကို အိုင်အိုနီယန်အစဉ်အလာ(Ionic Tradition)ဟု ခေါ်ဆိုပါသည်။ ကျန်အတွေးအခေါ်လမ်းကြောင်းကမူ သဘာဝတရားကို သိရှိခံစားနေသောလူသားအားဗဟိုပြု၍ တွေးခေါ်ပါသည်။ လူသား၏သဘော၊ လူသား၏အနေအထား၊ လူသား၏ ဂုဏ်သိက္ခာတို့ကို အလေးထားသည့်အတွေးအခေါ်လမ်းကြောင်း ဖြစ်ပါသည်။ ယင်းကို ဆော့ခရတ္တိအစဉ်အလာ (Socratie Tradition) ဟု ခေါ်ကြပါသည်။

ဖြစ်တည်မှုဝါဒသည် ဆော့ခရတ္တိတွေးခေါ်ပုံလမ်းကြောင်းကိုလိုက်သောဒဿန ဖြစ်သည်။ လူသား၏ဘဝ၊ အတွေ့အကြုံ အခြေအနေ၊ ခံစားမှုများကိုအခြေတည်၍ လူသား၏ဂုဏ်သိက္ခာကိုဖော်ထုတ်မြှင့်တင်ကာ လူသားကိုဗဟိုပြုစဉ်းစားတွေးခေါ်ခြင်းပြုသော မျက်မှောက်ခေတ် ဒဿနတရပ်ဖြစ်ပေသည်။

0 comments:

Post a Comment