Sunday, February 10, 2019

မိုးပြာဦးဉာဏနဲ့စပ်လို့(လင်းထက်ဆွေ)

0 comments
မိုးပြာဦးဉာဏ ထောင်ကနေလွတ်လာတဲ့ အခါ သူ့တပည့် သာဝကတွေ ကတော့ အပျော်ကြီးပျော်နေကြသလို ဒီအပေါ်မှာ စိုးရိမ်စိတ် တင်းလင်းနဲ့ သံသယမကင်းသူတွေလည်း ဆူညံဆူညံဖြစ်လာတာတွေ့ရပါတယ်။ လူငယ်ပိုင်းတွေထဲက လူသားဝါဒီတွေ ဘာသာမဲ့တွေ ဘာသာလွတ်တွေကတော့ အတွေးအခေါ်လွတ်လပ်ခွင့်အတွက် အယူအမြင် မတူကွဲပြားသူကို အားပေးနေကြတာကို တွေ့ရတယ်။


ထုံးစံအတိုင်း ဘာသာရေးမနူးမနပ်အချို့ ကတော့ သာသနာကြီးပျက်စီးပါပြီ ကယ်တော်မူကြပါဆိုတဲ့သံမျိုးတွေ ဟစ်နေကြတယ်။ ကိုယ်တွေက မနေနိုင်လို့ ဝင်ဆွေးနွေးတဲ့အခါ မင်းကရော မိုးပြာလားဆိုပြီး ရန်လုပ်ပြန်ပါတယ်။

တကယ်တော့ မြန်မာထေရဝါဒဗုဒ္ဓဘာသာဟာ အာဏာရှင်ခေတ်အဆက်အဆက်မှာ အပေါ်စီးအသာစီးရထားခဲ့တာ အမှန်ပါ။ မ-ဆ-လခေတ် န-ဝ-တခေတ်တွေ မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်အချို့ဟာ နတ်ကိုးကွယ်သူတွေကို ဝေဖန် ရှုတ်ချတယ်။ မဟာယာနဗုဒ္ဓဘာသာကို စော်ကားခဲ့တယ်။ ကျန်တဲ့ ခရစ်ယာန် အစ္စလာမ် ဟိန္ဒူ စတဲ့ ဘာသာတရားတွေကိုလည်း အကြောင်းအားလျော်စွာ ဖိနှိပ်ရှုတ်ချခဲ့တာတွေ ရှိတယ်။ စာပေအရေးအသားတွေထဲမှာရော ဟောတရားတွေထဲမှာပါ ဒါတွေကို တွေ့မြင်ခဲ့ကြရမှာပါ။ အဲဒီအချိန်ကာလတွေတုန်းက မင်းအာဏာနဲ့ အကာအကွယ်ယူထားလို့ သူတို့ဖက်က ဝေဖန်ချင်တိုင်းဝေဖန်လို့ရပေမယ့် ပြန်လည်ချေပခွင့် ရေးသားခွင့် ဟောပြောခွင့် ဆိုတာတွေ မရှိခဲ့ဘူးဆိုတာ အဲဒီခေတ်တွေကို မီလိုက်တဲ့သူတွေအားလုံး အသိပါ။ မြန်မာထေရဝါဒဗုဒ္ဓဘာသာအချင်းချင်းမှာတောင်မှ ပင်မရေစီးအယူအဆတွေနဲ့ မတူညီတဲ့သူတွေကိုဆိုရင် အတင်းအကြပ်ခုံရုံးတင်ဝိနိစ္ဆယလုပ်ပြီး အယူဝါဒကို စွန့်လွှတ်ခိုင်းတာတွေ မစွန့်လွှတ် ရင် ထောင်ချမယ်တန်းချမယ်ဆိုတာတွေ ဓမ္မစက်ကို အာဏာစက်နဲ့ထောက်ကူမယ်ဆိုပြီး ဆရာဒကာ လက်ဝါးချင်းရိုက်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။

တကယ်တော့ မိုးပြာဦးဉာဏဟာ မြန်မာထေရဝါဒဗုဒ္ဓဘာသာရဲ့ဘောင်အတွင်းက ပေါ်ပေါက်လာတာပဲဖြစ်တယ်။ အတွင်းစည်းထဲကနေ ဝေဖန်သုံးသပ်မှုအနေနဲ့ ထွက်ပေါ်လာတာဖြစ်လို့ သူ့ကို အကြိမ်ကြိမ်ဖမ်းဆီးထောင်ချ အပြစ်ပေးခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ ခံစားခဲ့ရတဲ့ ထောင်နှစ်ထက်တောင် ပိုလို့ရှည်ကြာစွာ ခံစားခဲ့ရပါတယ်။ အခု သူ့ကို ဦးသိန်းစိန်အစိုးရဟာ တကယ့်လွတ်ရက်မတိုင်ခင် (၂) လလောက်ပဲအလိုမှာ လွတ်ပေးခဲ့တယ်ဆိုတာဟာ တကယ့်စေတနာမှန်လည်းဖြစ်နိုင်သလို အခြားရည်ရွယ်ချက်တွေလည်း ရှိကောင်းရှိမယ်။ ပုဒ်မ (၄ဝ၁)-က အရလွှတ်တယ်လို့သိရတော့ တကယ် ကွင်းလုံးကျွတ်လွှတ်တာမျိုးလည်းမဟုတ်ပဲ ပြစ်မှုကြွေးကျန်နဲ့ လွတ်ရသလို ဖြစ်ပြန် ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူလွတ်လာခဲ့ပြီ။ သူ့အယူအဆနဲ့ သူ့အစုအဖွဲ့ရဲ့အနာဂတ်ကို သူဆက်ပြီးတော့ ပုံဖော်ရဦးမှာပါ။ မြန်မာနိုင်ငံရေးရဲ့ အခင်းအကျင်းကလည်း ချက်ချင်းမဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့ ပြောင်းလည်းလို့လာနေပါပြီ။ ပိုပြီး လွတ်လပ်တဲ့ တရားမျှတတဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်မျိုးကို တည်ဆောက်ကြမယ်ဆိုရင် နိုင်ငံသားတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေပြောဆိုခွင့်တွေကို တဖြည်းဖြည်းချင်း တိုးမြှင့်ဖော်ဆောသွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်ကာလတွေမှာ မြန်မာ့ ဘာသာရေးရှုခင်းနဲ့ စာပေရှုခင်းတွေမှာ မြန်မာထေရဝါဒဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားအခြားသောဘာသာရေးစာပေတွေ အယူဝါဒရေးရာ စာပေတွေဟာ အပြိုင်းအရိုင်း ထွန်းပေါ်လာကြမယ်လို့ မျှော်လင့်လို့ရပါတယ်။ ကျွန်တော်တည်ထောင်ထားတဲ့ တြိကာယစာပေရဲ့ Vision/ Mission တွေကလည်း ဒီလို ဘာသာရေးဗဟုယဉ်ကျေးမှုပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်သွားဖို့ ပါပဲ။

အခု မိုးပြာဦးဉာဏ လွတ်မြောက်လာတာကို ဘာသာရေးဗဟုယဉ်ကျေးမှုပတ်ဝန်းကျင်တစ်ခုကို မျှော်လင့်ယုံကြည်တဲ့သူတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ ဆရာတော် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေပြီး သူ့အစုအမက်ကို သူကွပ်ကဲလို့ ခြားနားတဲ့ဓမ္မလမ်းကြောင်းတစ်ခုကို ဖော်ဆောင်သင်ကြားနိုင်ပါစေလို့လည်း ဆုတောင်းတယ်။ ဒီလိုပဲ အခြားအခြားသော ဘာသာရေးဂိုဏ်းဂဏပေါင်းစုံကိုလည်း မြန်မာ့မြေပေါ်မှာ အပြိုင်အဆိုင် လွတ်လပ်စွာဖူးပွင့်စေချင်ပါတယ်။ အခုဆိုရင် ကရစ်ရှနအနူဿတိအသင်းကြီးကလည်း ဟိန္ဒူဘာသာပြန့်ပွားရေးကို ဆောင်ရွက်လာတာတွေ့ရသလို အစ္စလာမ်ဘာသာမှာလည်း ဆူဖီဓမ္မအစဉ်အလာတွေ တက်ကြွလာတာကိုမြင်ရတယ်။ ခရစ်ယာန်ဘာသာမှာ လည်း သန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားမှုနဲ့ အခြား ဓမ္မအသင်းတွေရဲ့ ဘာသာရေးလှုပ်ရှားမှုတွေ ကြီးမားလာတာကို မြင်တွေ့ကြရမှာပါ။ အရှေ့တိုင်း ဘာသာတရားပေါင်းစုံနဲ့ ဗုဒ္ဓဘာသာအယူအဆကွဲ အမျိုးမျိုးကိုလည်း ရေးသားထုတ်ဝေလာကြတာတွေ တွေ့မြင်နေရပါတယ်။ ဘာသာလွတ်ဂုရုကြီးတွေဖြစ်တဲ့ ခရစ်ရှနာမုရ်တိနဲ့ အိုရှိုးတို့ဟာလည်း လူငယ်ထုအကြားမှာ ရေပန်းစားစပြုလာပါပြီ။ ဒီလို ဘာသာရေးဗဟု ယဉ်ကျေးမှုပတ်ဝန်းကျင်တစ်ခု စတင် အားယူဖြစ်ပေါ်လာတာကို မရှုစိမ့်သူတွေလည်း ရှိနေပါတယ်။ ငါတို့ ဘာသာတော့ပျက်ပါပြီ၊ ငါတို့လူတွေ တစ်ခြားဘက်ကိုပါကုန်ရင် အခက်ပဲ၊ ဒါတွေကို ရန်သူလိုသဘောထားပြီး တားဆီးရမယ်လို့ မြင်လာသူတွေတောင်ရှိပါတယ်။ အဲဒီလူတွေကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရဲ့ရန်သူတွေလို့ မြင်ပါတယ်။
လူတစ်ယောက်ဟာ မြန်မာနိုင်ငံမှာ မိရိုးဖလာထေရဝါဒ ဗုဒ္ဓဘာသာဝင်အနေနဲ့ မွေးဖွားကြီးပြင်းခဲ့ရပေမဲ့ အဲဒီဘာသာနဲ့ သူ့ စိတ်အနေက ကိုက်ချင်မှကိုက်လိမ့်မယ်။ အဲဒီဘာသာရဲ့တန်ဖိုးစနစ်တွေနဲ့ယုံကြည်မှုတွေကို သူ့နှလုံးသားက လက်ခံချင်မှ လက်ခံလိမ့်မယ်။ ဒီတော့ သူ့ အကြိုက် သူ့ရွေးချယ်မှု သူ့လေ့လာမှုအရ သူနှစ်သက်တဲ့ ဓမ္မတစ်ခုကို သူရွေးချယ်မှာပဲ။ အဲဒီရွေးချယ်မှုဟာ မဟာယာနဗုဒ္ဓဘာသာ ဖြစ်ချင်ဖြစ်မယ်။ ဟိန္ဒူ ခရစ်ယာန် အစ္စလာမ်ဂျူး ဆစ်ခ် စတာတွေ ဖြစ်ချင်လည်းဖြစ်မယ်။ ဒါမှမဟုတ် မိုးပြာ ဖြစ်ချင်ဖြစ်မယ်။ ဘာကိုမှ မယုံကြည်တော့တဲ့ ဘာသာမဲ့တွေလည်း ဖြစ်နိုင်တာပဲ။ ဒါကလူတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်ပါတယ်။ ဒါကို ငါတို့ဘာသာကို မရွေးချယ်လို့ဆိုပြီး မရှုတ်ချသင့်ဘူး။ ဘာသာတရားတစ်ခုရဲ့အမြင်ကနေကြည့်ရင် တခြားဘာသာတရားတစ်ခုဟာ အမှားဖြစ်နိုင်သလို အပြည့်အဝမမှန်တဲ့ တစ်ဝက်အမှန်လည်း ဖြစ်နိုင်တာပဲ။ ဒါ သဘာဝပဲ။ ဒါကိုလက်ခံရင် အပြန်အလှန်ဝေဖန်မှုတွေကိုလည်း လက်ခံနိုင်ရမှာ ဖြစ်တယ်။

ဒီနေရာမှာ အကြောင်းအရာအယူအဆကိုဝေဖန်တာနဲ့ အမြင်မတူတာနဲ့ ပုဂ္ဂိုလ်ရေးစော်ကားတိုက်ခိုက်တာနဲ့ကို ခွဲခြားမြင်ဖို့လိုပါတယ်။ ဗုဒ္ဓဘာသာအယူအဆတွေကို ကြိုက်သလိုဝေဖန်လို့ရပေမဲ့ ဗုဒ္ဓရဲ့ ပုဂ္ဂိုလ်ကိုတော့ မစော်ကားသင့်ဘူး။ အလားတူပဲ ဟိန္ဒူ ခရစ်ယာန် အစ္စလာမ်ဂျူး ဆစ်ခ် စတဲ့ ဘာသာတရားတွေရဲ့အယူအဆတွေကို ဝေဖန်ဆန်းစစ် တွေးခေါ်တာတွေလုပ်သင့်ပေမယ့် ဘာသာရေး အမြတ်တနိုးထားတဲ့ခေါင်းဆောင်တွေကို မထော်မနန်း မစော်ကားသင့်ပါဘူး။ ဒါက လူယဉ်ကျေးနဲ့လူယုတ်မာရဲ့ စည်း ပါပဲ။ ဒီတော့ ရှေ့လျောက် ဒီလို အပြန်အလှန်ဝေဖန်ဆန်းစစ်မှုတွေကို ခံရတဲ့အခါ တစ်ဖက်အယူအဆကို မတုန့်ပြန်နိုင်ပဲ လူကိုချတာမျိုးတွေလုပ်ရင် အောက်တန်းကျတဲ့လုပ်ရပ်လို့ မြင်ဖို့လိုပါတယ်။ လူကို မဝေဖန်ပဲ အယူအဆကိုဝေဖန်တဲ့အခါမှာ ဝေဖန်တဲ့သူကို ပုဂ္ဂိုလ်ရေးနဲ့ ပြန်တိုက်ခိုက်တာကလည်း အရှက်ကင်းမဲ့တဲ့လုပ်ရပ်လို့ ဆိုရပါလိမ့်မယ်။

အခုပြောဆိုနေကြတာတွေမှာ မိုးပြာဦးဉာဏဟာ ထေရဝါဒသာသနာကို ဖျက်တယ်။ ထေရဝါဒအတွက် အန္တရာယ်ရှိတယ်လို့ ဆိုကြပါတယ်။ အဲဒါဟုတ်မှန်ကြောင်းသူရဲ့ ပြောဆိုချက်တွေမှာလည်း ကြားသိရပြီးဖြစ်တယ်။ ဒါပေမဲ့ ဒါဟာ အရမ်းကိုထူးဆန်းပြီး အလန့်တကြား ဖြစ်ရလောက်တဲ့ကိစ္စ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဘာသာတရားတစ်ခုရဲ့အမြင်မှာ တစ်ခြားဘာသာတရားတစ်ခုကို အမှား (သို့မဟုတ်) တစ်ဝက်အမှန်လို့ပဲ မြင်တတ်တာ သဘာဝဖြစ်လို့ပါပဲ။ ဒဿနတစ်ခုရဲ့အမြင်မှာ တစ်ခြားဒဿနတစ်ခုကို အမှား (သို့မဟုတ်) တစ်ဝက်အမှန် လို့ပဲမြင်တတ်တာ သဘာဝ ဖြစ်လို့ပါပဲ။

ခင်ဗျား ခရစ်ယာန်တစ်ယောက်ဆိုရင် ခရစ်တော်၌သာကယ်တင်ခြင်းကိုရမယ်လို့ မယုံကြည်တဲ့သူတွေအားလုံး ကို မိစ္ဆာဒိဋ္ဌိတွေလို့ မြင်မှာပဲ။ ခင်ဗျား အစ္စလာမ်ဘာသာဝင်တစ်ယောက်ဆိုရင် တမန်တော်မိုဟာမက်ဟာ ဘုရားသခင်ရဲ့ နောက်ဆုံးတမန်တော်ဖြစ်တယ်ဆိုတာကို မယုံကြည်တဲ့သူတွေအားလုံးကို မိစ္ဆာဒိဋ္ဌိတွေလို့ မြင်မှာပဲ။ ခင်ဗျားက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုရင် အတ္တအရှိတရားကို လက်ခံတဲ့သူတွေ အနတ္တ(သုညတ)တရားကို မယုံကြည်တဲ့သူတွေအားလုံးကို မိစ္ဆာဒိဋ္ဌိတွေလို့ မြင်မှာပဲ။ ဒါက အလွန်ကို သဘာဝကျပါတယ်။ ဖြစ်ရတဲ့ အကြောင်း ဆန့်ကျင်ဘက်အတွေးတွေဟာ အတူတကွ မရပ်တည်နိုင်ကြလို့ပါပဲ။ ဒါကြောင့် မိုးပြာတရားက ထေရဝါဒကိုဖျက်တယ်လို့ပြောရင် ကျန်တဲ့ဘာသာတရားတွေကလည်း ဖျက်နေတယ်လို့ ပြောနိုင်တာပါပဲ။

ဒါပေမဲ့ နည်းနည်းပိုပြီးသဘောထားကြီးတဲ့ ဘာသာတရားတွေလည်း ရှိတယ်= ဒါတွေကတော့ ဟိန္ဒူဘာသာ မဟာယာနဗုဒ္ဓဘာသာ ဘဟာအီဘာသာ သီအိုဆိုဖီနဲ့ ကောင်းဒိုင်ဘာသာတွေပါပဲ။ အဲဒီဘာသာတရားတွေမှာတော့ အမှန်တရားရဲ့ ဗဟုသဘောဆောင်မှုကို လက်ခံထားပြီးတော့ အားလုံးသူ့အတိုင်းအတာသူ မှန်ကြတယ်၊ အကျိုးရှိကြတယ်၊ ပကတိ အမှန်တရားကြီးရဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတွေပဲလို့ သူတို့က မြင်ကြပါတယ်။

မိုးပြာဦးဉာဏရဲ့ ပစ္စုပ္ပန္နကမ္မဗုဒ္ဓဘာသာဆိုတာ (၁) ရှေးဘဝနောက်ဘဝစတာတွေကို မယူမစွဲ ထည့်သွင်းမစဉ်းစားပဲနဲ့ (၂) လူမှာဖြစ်ပွားတဲ့ ကိလေသာနဲ့ကမ္မအမှုတွေနဲ့ (၃) အဲဒါတွေက ဖြစ်ပေါ်လာစေတဲ့အကျိုးဝိပါက်တွေ ၃၁ဘုံ သတ္တဝါအသွင်တွေကို ဒီ ပစ္စုပ္ပန်ဘဝခန္ဓာရဲ့ ဘောင်အကန့်အသတ်ထဲမှာပဲ ပေါ်လွင်လာအောင်ရှုမြင်ရင်း (၄) လွန်ကျူးတဲ့ကံအမှားတွေ (ကာမ ရူပ အရူပ အစွဲတွေ) မဖြစ်ပွားအောင် မိမိကိုယ်ကို သမ္မာတဲ့အယူအမြင် အတွေးအကြံ အပြောအဆို အလုပ်အကိုင် နေထိုင်သက်ဝင်မှုကြိုးစားမှု သတိတရားရှိမှုနဲ့ တည်ကြည်မှုတို့ ကိုပွားပြီးတော့ (၅) အစွန်းလွတ်တဲ့လူ လူသားပကတိနဲ့အတူဆုံး သာမညလူ ငြိမ်းချမ်းဖြူစင်ရိုးသားဖြောင့်မတ်တဲ့လူ (အရိယာ)အဖြစ် လွတ်မြောက်ရှင်သန်နေထိုင်နိုင်ရေးပန်းတိုင်ကို ဦးတည်စေတဲ့လူမှုဒဿန တစ်ခုဖြစ်ပါတယ်။ ဒီအယူအဆ ဒဿနကို ဟောပြောခြင်းဟာ ထေရဝါဒရဲ့ ဘဝအသင်္ချေ ကမ္ဘာအသင်္ချာနဲ့ စကြဝဠာကုဋေတစ်သိန်းချီတဲ့အယူအဆတွေကို ဖျက်ပစ်တယ်ဆိုတာက အမှန်ပါပဲ။ အယူအဆ တစ်ခုက အခြားအယူအဆတစ်ခုကို ဖျက်ပစ်တယ်ဆိုတာ မဆန်းကြောင်းဆိုခဲ့ပါပြီ။ မဟာယာနဟာ ထေရဝါဒကို ပုံကြီးချဲ့ထားတာလို့ဆိုရင် ပစ္စုပ္ပန္နကမ္မဗုဒ္ဓဘာသာက ထေရဝါဒကို ပစ္စုပ္ပန်ဘဝခန္ဓာရဲ့ ဘောင့်အကန့်ထဲမှာဝင်အောင် အကျဉ်းချုံပပစ်လိုက်တယ်လို့ မြင်နိုင်ပါတယ်။

ဒီတော့ တစ်ချို့ ထေရဝါဒီတွေဟာ ပစ္စုပ္ပန္နကမ္မဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းရောက်ရှိသွားကြတာဟာ မဆန်းဘူးလို့သာ ဆိုရမယ်။
အမေရိကန်စိတ်ပညာရှင် ဒေါက်တာဝီလျံဂျိမ်းစ်က လူတွေကို စိတ်နုသမား(Tender-minded) နဲ့ စိတ်ရင့်သမား(Tough-minded) ရယ်လို့ နှစ်မျိုးခွဲတယ်။ စိတ်နုသမားတွေက ရုပ်လွန်သဘာဝတွေနဲ့ တက္ကိကဆန်တာတွေကို ယုံကြည်ကြတယ် စိတ်ရင့်သမားတွေကတော့ လက်တွေ့ဆန်မှုနဲ့ယုတ္တိနည်းကျမှုဖက်ကို ပိုအလေးပေးကြတယ်လို့ ဆိုပါတယ်။ ဒီတော့ စိတ်ရင့်သမားတွေတစ်ချို့ဟာ ဘာသာမဲ့တွေ ဖြစ်သွားကြသလို ပစ္စုပ္ပန္နကမ္မဗုဒ္ဓဘာသာလို လက်တွေ့ဘောင်ထဲမှာပဲနေတဲ့ ဒဿနအမြင်တွေကို လက်ခံကြတာ သဘာဝကျတယ်လို့ ဆိုနိုင်တယ်။

နောက်ထပ် မြင်တွေ့နေရတဲ့ စွပ်စွဲချက်တစ်ခုလည်းရှိတယ်။ အဲဒါကတော့ ဦးဉာဏဟာ သူများဘာသာကိုခိုးယူတယ်ဆိုတာမျိုးပြောတာ ကြားရတယ်ဆိုတော့ ဒါ မဟုတ်ပါဘူးလို့ ဆိုချင်တယ်။ ဦးဉာဏဟာ ငယ်ရွယ်စဉ်ကတည်းက ကိုရင်လေးဘဝနဲ့ ထေရဝါဒရဟန်းတော်တစ်ပါး ဖြစ်လာတဲ့အထိ ၁၅ ဝါလောက် ထေရဝါဒသာသနာ့ဘောင်မှာ နေခဲ့တယ်။ သူလေ့လာခဲ့တာလည်း ပါဠိပိဋကတ်နဲ့ထေရဝါဒဆိုင်ရာ စာပေတွေပဲဖြစ်တယ်။ ပါဠိပိဋကတ်ပေါ်မှာလေ့လာရင်း ဘုရားရှင်ရဲ့အမြင်အစစ်လို့ သူ အနက်ဖွင့်ဆိုမိတဲ့သဘောတရားသစ်တစ်ခုကို သူတွေ့ရှိခဲ့စဉ်က သူဟာ ဂိုဏ်းသစ်တစ်ခုတည်ထောင်ဖို့ စိတ်ကူးမရှိပါဘူး။ သူ့ မိဘရိုးရာထေရဝါဒဟာ ဘုရားဟောနဲ့လွဲနေပြီလို့ သူမြင်ပြီး ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ပဲ ကြိုးစားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒီလို မလုပ်နိုင်တဲ့အခါ လုပ်ဖို့အခွင့်မသာတဲ့အခါ မိမိဘာသာမိမိရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်တယ်။ အဲတော့ သူ့ ကို တရားခိုးယူတယ်လို့ဆိုမယ့်အစား ထေရဝါဒကို မပြုပြင်နိုင်ခဲ့သူလို့သာ ဆိုရမယ်။ သူ့ အယူအဆတွေဟာ ပါဠိပိဋကတ်ကိုအခြေခံပေမယ့် ထေရဝါဒရဲ့ အနက်ဖွင့်ဆိုချက်တွေကိုလက်မခံတဲ့အတွက် ထေရဝါဒနဲ့ လမ်းခွဲထွက် တယ်လို့ပဲဆိုနိုင်ပြီး ထေရဝါဒရဲ့ ဂိုဏ်းကွဲတစ်ခုမဟုတ်ဘူးလို့ ဆိုရပါလိမ့်မယ်။ မည်သူမဆို ပါဠိပိဋကတ်ကို လေ့လာဆန်းစစ်ပြီး မိမိရဲ့ ကိုယ်ပိုင်နားလည်သိမြင်မှုနဲ့ အနက်ဖွင့်ရင် ထေရဝါဒ မိုးပြာ စတာတွေနဲ့မတူတဲ့ နောက်ထပ် ဗုဒ္ဓဘာသာအသစ်တစ်မျိုးကို ရရှိဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ မိုးပြာဦးဉာဏရဲ့ ပစ္စုပ္ပန္နကမ္မဗုဒ္ဓဘာသာဆိုတာ ဘာသာတရားတစ်ခုထက် ဗုဒ္ဓရဲ့ပါဠိပိဋကတ်ကိုအခြေခံတဲ့ လူမှုဒဿနတစ်ခု ဘဝရှင်သန်နေထိုင်မှုအတတ်ပညာတစ်ခု လွတ်မြောက်ခြင်းလမ်းတစ်ခုလို့သာ ဆိုနိုင်ပါလိမ့်မယ်။ နောက်ဆုံးကြားမိတဲ့ ဦးဉာဏရဲ့ဟောပြောချက်ထဲမှာလည်း ဒီလို အသင်းအဖွဲ့ပုံစံမျိုးနဲ့ပဲ ဆက်လက်ရပ်တည်သွားမယ်လို့ သိရှိရပါတယ်။

ပစ္စုပ္ပန္နကမ္မဗုဒ္ဓဘာသာရဲ့ အယူအဆတွေအားလုံးကို လက်မခံပေမယ့် ထေရဝါဒတရားဟောဆရာတွေက ညွှန်ပြဖို့လစ်လပ်နေတဲ့ မျက်မှောက်ဘဝရဲ့ ပကတိတန်ဖိုးနဲ့ လူရဲ့ရိုးသားဖြူစင်ဖြောင့်မတ်မှုရဲ့တန်ဖိုးတွေကို ဖော်ထုတ်ဦးစားပေးလာတဲ့အတွက် ပစ္စုပ္ပန္နကမ္မ ဗုဒ္ဓဘာသာဟာ အနာဂတ်မြန်မာနိုင်ငံရဲ့ အတွေးအခေါ်အယူဝါဒရှုခင်းမှာ တစ်ထောင့်တစ်နေရာကနေ အလှဆင်ပေးနိုင်မဲ့ လောကအကျိုးပြု ဒဿနတစ်ရပ်လို့ ရှုမြင်မိပါကြောင်း တင်ပြအပ်ပါတယ်။
(စာကြွင်း။ ကျွန်တော်ကတော့ မဟာယာနဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကျင့်ကြံနေတဲ့ ဘာသာရေးဗဟုဝါဒီ တစ်ယောက် ဖြစ်ပါတယ်။ ထေရဝါဒ မိုးပြာ အပါအဝင် လူသားရဲ့ လွတ်မြောက်ငြိမ်းအေးမှု ကို လမ်းညွှန်သင်ပြနေတဲ့ ဘာသာဓမ္မတရား တွေ အားလုံး ကိုလည်း တန်းတူ လေးစားမြတ်နိုးသူ ဘာသာလွတ်ဝါဒီတစ်ယောက် ဖြစ်ပါတယ်။)
January 28, 2016

0 comments:

Post a Comment