လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)
(၂)
မဲဇလီပွင့်တွေထိန်ထိန်ဝါနေတဲ့ ပန်ဆန်း
ပန်ဆန်းမြို့ကလေးဟာ
တရုတ်နယ်စပ်အတိုင်း မြောက်ဖက်ကနေ တောင်ဖက်ကိုစီးလာတဲ့နမ့်ခါမြစ်နဲ့
အရှေ့ဖက်ကနေအနောက်ဖက်ကိုလာတဲ့ နယ်နိမိတ်မျဉ်းဆုံရာ တံတောင်ဆစ်ကွေးထဲမှာတည်ရှိနေတယ်။
အဲဒီနေရာမှာ နမ့်ခါမြစ်ဟာ တောင်ယွန်းယွန်းကို ဆက်စီးမသွားမီ အရှေ့ဖက် ကို နဲနဲကွေပပြီး
ဂငယ်ကွေ့ထပ်ကွေ့ကာ တောင်ကြားထဲပတ်ဆင်းလာတယ်။ ဟတ်ချုံးဆိုတဲ့ရွာနားရောက်မှ
တောင်ဖက်ကိုဆက်စီးသွားပြီး သံလွင်မြစ်နဲ့ပေါင်းသွားတာဖြစ်ပါတယ်။ ပန်ဆန်းတဝိုက်မှာ
လယ်ကွက်လေးတွေနဲ့မြေပြန့်နဲနဲရှိပြီး ကောင်းဟုန်နဲ့ကောင်းမူး ရှမ်းရွာကြီးတွေ ရှိတယ်။
ဘုရားစေတီတွေ ဘုန်းကြီးကျောင်းတွေ ဈေးတွေလဲရှိတယ်။
ပန်ဆန်းကွင်းကနေ
ကုန်းတစ်ကုန်းကျော်ပြီး အနောက်ဖက်ကို သွားလိုက်ရင် ဟတ်ချုံးရွာတို့
နားလော့ရွာတို့ကိုရောက်သွားပြီး ပန်ပွဲတို့ ညက်ကန်တို့က တဆင့် ဝိန်းကောင် ပန်ယန်း
မန်မန်းဆိုင် စတဲ့ ဝနဲ့ရှမ်းရွာတွေဆီရောက်တယ်။ အဲဒီကနေ သံလွင်မြစ်ကူးတို့တွေကို သွားနိုင်တယ်။
ပန်ဆန်းမြောက်ဖက် တောင်တန်းကြီးပေါ်ကိုတက်သွားရင် ဝနယ် အလယ်ပိုင်းနဲ့
မြောက်ပိုင်းကိုပေါက်တယ်။
ပန်ဆန်းဟာ
နမ့်ခါချောင်းကရစ်ခွေထားသလို မယ်ဇလီပင်တွေအုပ်တွေလဲ ရှိနေတဲ့အတွက်စိမ်းစိမ်းစိုစိုရှိတယ်။
၁၉၇၉ နှစ်ဆန်း ကျွန်တော်တို့ ပန်ဆန်းကိုရောက်သွားတော့ အမှတ်အရဆုံးအရာက
ပန်ဆန်းဈေးထဲက အနံ့တစ်မျိုးပါဘဲ။ ဝဆေးတံတွေထဲမှာထည့်သောက်တဲ့ ဆေးက ဘာမှ ပြုပြင်မထားတဲ့
ဆေးရွက်ကြီးခြောက်တွေဖြစ်တဲ့အတွက် ဆေးနံ့ကအတော်ပြင်းတယ်။ အဲဒီဆေးရွက်ကြီးနံ့နဲ့အတူ
စိမ်းရွှေရွှေ ဘိန်းနံ့တွေရောနေတော့ ဈေးထဲမှာ ဒီအနံ့ကလှိုင်နေတယ်။ ဈေးဘေးကဖြတ်သွားရင်တောင်
ဒီအနံ့က မူးချင်စရာ ကောင်းနေတယ်။ နောက်တော့မှ တဖြေးဖြေးယဉ်သွားတာပါ။ ကိုယ်တိုင်လဲ
အဲဒီဆေးရွက်ကြီးအကျေတွေနဲ့ ပွတ်ချွန်းလိပ်သောက်လာတယ်။ အဲဒီတုံးက ပန်ဆန်းဈေးဟာ
မီးခိုးတလူလူအုံ့ဆိုင်းထားတဲ့အမိုးနိမ့်နိမ့် တန်းလျားလေးတွေနဲ့ပြည့်နေပြီး
ဈေးနေ့ဆိုရင် တန့်ယန်းဖက်ကလာတဲ့ ကုန်သယ်တွေ တရုတ်တွေ ဝတွေ ရှမ်းတွေ လားဟူတွေနဲ့
စည်ကားနေတယ်။
အဲဒီအချိန်က
ဗကပရုံးဌာနသစ်တွေ အလုံးအရင်း ဆောက်နေချိန်ဖြစ်လို့ ပစ္စည်းသယ်တဲ့ကားတွေ အများကြီးသွားလာနေတယ်။
လမ်းတွေ ဆိုရင်လဲ ကားတွေ ဒလစပ်မောင်းနေကြလို့ ဖုန်တထောင်းထောင်းနဲ့ဖြစ်နေတယ်။
ဘယ်ဌာနကြည့်ကြည့် တဲတွေအိမ်တွေ ဆောက်နေတာ တွေ့နေရတယ်။ ပြည်သူ့အသံထုတ်လွှင့်ဖို့
အသံလွှင့်ရုံတည်ဆောက်ရေးကတော့ အကြီးဆုံးတည်ဆောက်ရေးတွေလို့ ဆိုနိုင်ပါတယ်။
ဌာနအများစုကတော့
နမ့်ခါချောင်းအပေါ်ပိုင်းကိုတက်ပြီး သစ်တွေဝါးတွေခုတ်ကြတယ်။ ခုတ်ပြီးရင်
ချောင်းအတိုင်း မျှောယူလာပြီး တဲတွေ တန်းလျားတွေဆောက်ကြတာပါ။ ကျွန်တော်တို့ဌာနက
ဘာသာပြန်နဲ့စာပုံနှိပ်ဌာနဆိုတော့ ပုံနှိပ်စက်ထားဖို့ အုတ်တွေ ကျောက်တုံးတွေနဲ့
ကိုယ့်ဖာသာ သက်ကယ်မိုး အုတ်တိုက်တစ်လုံးဆောက်ကြရတယ်။ လူနေတန်းလျားတွေကတော့
သက်ကယ်မိုး ရွှံ့ကောက်ရိုးသရွတ်ကိုင် အကာတွေပါ။ ပြတင်းပေါက်ကလေးတွေပါပေမဲ့
တံခါးမတပ်ဘူး။ လူဝင်ပေါက်တွေကိုတော့ ဝါးခြမ်းတွေနဲ့ တံခါးရွက်လုပ်တယ်။ ခုတင်လဲ
မြေစိုက်ဝါးတိုင်ဝါးကြမ်းခင်း၊ စားပွဲတွေထိုင်ခုံတွေလဲ မြေစိုက်ဝါးတိုင် ဝါးခင်းတွေပါဘဲ။
ပန်ဆန်းနွေရာသီကလဲ အတော်လေးပူတယ်။ မနက်ဖက်မှာ တည်ဆောက်ရေးအားသွန်လုပ်ပြီး
နေ့လည်ထမင်းစားပြီးတာနဲ့ နေအေးချိန်အထိနားကြရတယ်။ ငှက်ဖျားလဲထူတယ်။
ဆေးရုံမကြာခဏသွားနေရတယ်။
ကျွန်တော်မှတ်မိသလောက်ဆိုရင်
အဲဒီနှစ်က မိုးကျတာ အတော်နောက်ကျတယ်။ ကျွန်တော်တို့စခန်းမှာ ၂ လစာ ရိက္ခာကိုယ့်ဖာသာ
ဖြည့်တင်းရေးဆိုတဲ့ပေါ်လစီအရ ပြောင်းဖူးစိုက်ဖို့ပြင်ကြရတယ်။ မြေကအတော်ညံ့လို့
တန့်ယန်းကုန်သည်တွေတည်းခိုတဲ့နေရာက မြင်းဇောင်းထဲကနေ မြင်းချေးတွေသယ်ပြီး
တစ်ကျင်းခြင်းလိုက်ထည့်ကြတယ်။ မျိုးစေ့ကိုတော့ မိုးကျတာနဲ့ထည့်ဖို့ပြင်ထားကြတယ်။
ကံမကောင်းချင်တော့ မိုးကတော်တော်နဲ့ မရွာ ဖြစ်နေတယ်။ အဲသလိုမိုးခေါင်တဲ့ ဒဏ်က
ကျွန်တော်တို့အတွက် မထောင်းသာလှပေမဲ့ တချို့ဝရွာတွေမှာတော့ အတော်လေး
အလူးအလဲခံလိုက်ရတယ်။
ပန်ဆန်းမြို့နယ်မှာ
၁၉၇၆ ခုက ကြွက်ကပ်ကျလို့ နာလံကောင်းကောင်းမထူသေးဘူး။ အခုမိုးခေါင်တဲ့အခါ
စားစရာပြတ်ပြီး အငတ်ဘေးကို ရင်ဆိုင်ကုန်တယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင်
ယုတ်အောတို့ နမ့်ဖတ်တို့ ကာဝိုင်းတို့ ဘက်မှာရော ယုန်တင့်တို့ တိန်အောတို့ ဝမ်မိုင်တို့
ဘက်မှာပါ အငတ်ဘေးဆိုက်တယ်။ ကာဝိုင်းဒိုင်နယ်မှာဆိုရင် အစာရေစာပြတ်ပြီး သေဆုံးသူ ၁ဝ
ယောက်ကျော်တယ်။
ပန်ဆန်းအထူးမြို့နယ်နဲ့
အရှေ့မြောက်စစ်ဒေသကနေ အငတ်ဘေးသင့်ဒေသတွေကို စားနပ်ရိက္ခာသွားပို့တာတွေ ဆေးကုတာတွေ အမြန်
လုပ်တယ်။ အဲဒီအဖွဲ့တွေရောက်သွားတော့ ရွာထုံးစံအရ မသင်္ဂြီုဟ်ရသေးတဲ့အလောင်းတွေ
ရွာထဲမှာရှိနေတယ်။ တချို့ဆိုရင် စားစရာလာဝေ နေတယ် သတင်းကြားလို့ တောင်ဝှေးထောက်ပြီး
ခွက်ကလေးတလုံးကိုင်ရောက်လာပေမဲ့ အဲဒီနေရာရောက်ပြီး ခဏနားနေတုံး ပြန်ထမလာ တော့တာတွေလဲရှိတယ်တဲ့။
ဆေးအဖွဲ့ကပြန်ပြောတာတွေကလဲ အတော်စိတ်ထိခိုက်စရာကောင်းတယ်။ ဆေးအဖွဲ့တွေဟာ
အဟာရပြတ်ပြီး မသေအောင် ပဲပိဇပ်တွေကို ပြုတ်ပြီးတိုက်တာ ဓာတ်ဆားရည်တိုက်တာတွေ
ဖိလုပ်ကြပေမဲ့ ညကြီးသန်ခေါင် ကိုယ့်အိမ်သားတစ်ယောက် သေလို့ ကျန်အိမ်သားတွေရဲ့ဆို့နင့်တဲ့
အော်ငိုသံကြီးတွေ ကြားနေတတ်တယ်တဲ့။ အတော်လေး ကြေကွဲစရာကောင်းပါတယ်။ အဲဒီကာလ
အငတ်ဘေးကယ်ဆယ်ရေးလုပ်ငန်းကို ဗကပရဲဘော်တွေသာမက တပ်ပေါင်းစုဝင်တွေဖြစ်တဲ့
ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့က ရဲဘော်တွေ အင်ဒိုနီးရှား ထိုင်းစတဲ့
နိုင်ငံတကာ့ရဲဘော်တွေပါ အားတက်သရော လိုက်ပါလုပ်ဆောင်ခဲ့ကြတာပါ။ ကလလတအဖွဲ့ကဆိုရင်
တိမ်အောလေးရွာဘက်မှာ အမှတ်တရ လယ်သစ်တစ်ကွက်တောင် ဖော်ပေးသွားခဲ့တယ်။
၁၉၇၆ ကြွက်ကပ်ဘေးကတော့
ဒီထက်အဆပေါင်းများစွာပိုဆိုးပါတယ်။ ကြွက်ကပ်ဟာ ဝနယ်တောင်ပိုင်းကို အတော်လေးဖျက်ဆီးပစ်ခဲ့တယ်။
ထောင်သောင်းချီတဲ့ ကြွက်အုပ်တွေက သီးနှံတွေတောင်ယာစိုက်ခင်းတွေအားလုံးကို
စားသောက်ပစ်ကြတယ်။ ကြွက်ကပ်မကျခင် အဲဒီဒေသ ဝါးရုံတွေမှာ ဝါးပွင့်တွေပွင့် ဝါးသီးတွေသီးတယ်။
အဲဒီဝါးသီးတွေကြောင့် ကြွက်ပေါက်ပွားနှုန်း ရုတ်တရက်ကြီးထွားလာပြီး ဝါးတွေသုဉ်းတဲ့အခါ
လူတွေစိုက်တဲ့သီးနှံတွေကို လာစားကြတာပါ။ ကျွန်တော်တို့စခန်းက ဝရဲဘော်လေးတွေတအံ့တသြ
ဖြစ်နေတဲ့အချက်က အဲဒီထောင်သောင်း ချီနေတဲ့ကြွက်အုပ်ကြီးဟာ
ဖျက်ဆီးလို့ဘာမှမကျန်တဲ့အခါ ဒီဒေသကနေ အစရှာမရအောင် ပျောက်ကုန်ကြတယ်တဲ့။ ဘယ်ရောက်ကုန်မှန်းလဲ
မသိဘူးတဲ့။ ကြွက်သေတို့ဘာတို့တောင် မတွေ့ရဘူးတဲ့လေ။ ကြွက်တွေက ရှာမရတော့ပေမဲ့
လူတွေကတော့ ဒဏ်ချက်ပြင်းပြင်းခံလိုက် ရတယ်။
ကြွက်ကပ်နဲ့အတူလိုက်လာတဲ့
အငတ်ဘေးက ရွာသူရွာသားတွေကို ရွာထဲမှာနေလို့မရအောင် မောင်းထုတ်လိုက်သလိုဘဲ။ သူတို့တတွေဟာ
တောထဲကိုဝင်ပြီး သစ်သီးသစ်ဥတွေ၊ သစ်ရွက်တွေကို ရှာစားကြတယ်။ အဆိပ်ပါတဲ့အသီးအရွက် စားမိသူကသေကြတယ်။
တောထဲမှာ ကျက်စားတဲ့ ဝက်ဝံတို့ ကျားသစ်တို့ တောဝက်တို့နဲ့တိုးပြီး ဝံကုပ်ခံရတာ တောဝက်ပက်ခံရတာ
ကျားသစ်ကိုက်ခံရတာတွေလဲကြုံကြရတယ်။
မိဘဖြစ်သူက
သားသမီးတွေကို ရှာလို့ရသမျှ သူတို့မစားဘဲကျွေးပေမဲ့ စားစရာကမလောက်လို့ ကလေးတွေက တငိုငို။
လူရုပ်ပင်မပေါ်တော့။ လမ်းဘေး လဲကျသေဆုံးနေသူတွေလဲ တွေ့ကြရတယ်။ တချို့က
ကျောက်သားမြေနုတွေတောင် ခြစ်ပြီး စားကြတယ်။ တချို့ရွာတွေမှာတော့ ရွာကနေတရွေ့ရွေ့ထွက်ရင်း
အရှေ့ဘက်တရုတ်ပြည်ကို ရောက်သူရောက်။ သံလွင်မြစ် အနောက်ဖက်ရောက်သူရောက်။
ခွက်လက်ဆွဲပြီး တောင်းရမ်းစားသောက်ကြရတယ်။ နဂိုကမှ တစ်နှစ်မှာ ရိက္ခာ
လေးငါးလစာသာရှိတဲ့၊ လယ်ကွင်းလေးဘာလေးရှိမှ တစ်နှစ် ၇ လ ၈လစာရှိတဲ့ ရွာတွေဟာ ကြွက်တွေကြောင့်
မျိုးစေ့တောင်ပြန်မရဖြစ်ကုန်ကြတယ်။ ဒီအခြေအနေမှာ စစ်ဒေသနဲ့ဗဟိုကနေ ဆန်တွေ ဆေးဝါးတွေ
အိုးခွက်တွေ အဝတ်အစားနဲ့စောင်တွေ ပေးပို့ပြီးကယ်ဆယ်ရေးတွေ အများကြီးလုပ်ခဲ့တယ်။
မျိုးစပါးတွေ အရင်းအနှီးတွေကို ထုတ်ပေးတယ်။
ဒီကြွက်ကပ်ထဲမှာ
ဒေသခံ ဝတောင်သူတွေ ဘေးဒုက္ခသင့်တာကို လက်တွေ့မြင်နိုင်ပေမဲ့ ဗကပကို
အတော်လေးအထိနာစေတဲ့ဒဏ်ရာတစ်ခု ပေးသွားတာကိုတော့ လူတိုင်းမမြင်နိုင်ပါဘူး။
နောင်မှာ ဗကပနေပြီး ဝတပ်ဖွဲ့ခွဲထွက်ကြတဲ့အခါ အဲဒီဒဏ်ရာကို လက်ညှိုးထိုးပြခဲ့ကြတယ်။
ကြွက်ကပ်မတိုင်မီက ဝနယ်မှာရှိတဲ့ဖိနှိပ်သွေးစုပ်သူတွေကို ချေမှုန်းနိုင်ခဲ့တဲ့အတွက်
တော်လှန်ရေး အရှိန်တက်နေတဲ့အနေအထားအောက်မှာ ဝနယ်မှာ
လွှမ်းမိုးထားတဲ့ဘိန်းတိုက်ဖျက်ရေး၊ ဘိန်းအစားထိုးသီးနှံများပြောင်းလဲရေးစီမံကိန်းနဲ့
ကုန်ထုတ်လုပ်မှုတဆင့်တက်ဖို့ လယ်ယာ သမဝါယမစနစ်များကို တက်လှမ်းရေးစီမံကိန်းတွေဟာ ကြွက်ကပ်နဲ့အတူ
အကောင်အထည် ဖော်နိုင်စွမ်းမရှိတော့ဘူး။ ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့ လယ်ယာသမဝါယမစနစ်ဆိုတဲ့
လက်ဝဲအမှားကလဲ ပွင့်ကျသွားခဲ့တယ်။
ဒီအမှားကို
ပြန်ပြင်ပေမဲ့ ဖျက်မရတဲ့အမည်းစက်လိုဖြစ်သွားတယ်။ ဝနယ်ရဲ့ကုန်ထုတ်ရေးနိမ့်ကျမှုအကြောင်း
သိသူတွေဟာ ပြည်ပကမြန်မာ့ အရေးကျွမ်းကျင်သူဆိုတဲ့ စာရေးဆရာရဲ့စာအုပ်ထဲမှာ ဝနယ်မှာ
မြေယာဝေခြမ်းရေးမလုပ်ကြလို့ ဗကပတွေကျဆုံးတယ်လို့ မှန်းတုတ်လိုက်တာ ကြားရတော့
မရယ်ဘဲ မနေနိုင်ဘူး။
ဒီစီမံကိန်းတွေ
ချကြတာဟာ အဲဒီကာလက တပ်ဖွဲ့အသီးသီး အတော်ကလေး တက်ကြွနေကြတာနဲ့လဲဆိုင်ပါတယ်။ စစ်ရေးဘက်မှာဆိုရင်
သံလွင်မြစ် အရှေ့ဖက်ဒေသအများပိုင်းမှာ အစိုးရတပ်တွေ မရှိတော့ဘူး။ အစိုးရကဖွဲ့ပေးထားတဲ့
ကာကွယ်ရေးတွေလဲ ထွက်သွားကြပြီ။ စော်ဘွားဆိုးတွေရဲ့ ကာကွယ်ရေးတပ်တွေလဲ
စော်ဘွားဆိုးတွေနဲ့အတူပြေးကုန်ပြီ။ အင်အား ၄ဝဝဝ ကျော်ရှိတဲ့ ဗိုလ်ချုပ်ကြီးလီဝင်ဟွမ်နဲ့
ဗိုလ်ချုပ်လီမင်ရဲ့ ကိုမင်တန် တပ်မ ၉၃ နဲ့ အတူ ဝနယ်မှာခြေကုတ်ယူထားတဲ့ CIA
လက်အောက်ခံ တရုပ်ပြည်မကြီးဆိုင်ရာအလုပ်အဖွဲ့ဆိုတဲ့ ထောက်လှမ်းရေးတွေကိုလဲ
တိုက်ထုတ်နိုင်ခဲ့တယ်။ ဒီအင်အားစုတွေဟာ ဝနယ်ကိုခေတ် နောက်ကျစေတဲ့၊ ဘိန်းစီးပွားရေးထဲမှာသွတ်သွင်းပြီး
အခွန်အဆမတန်ကောက်နေသလို တပ်သားသစ်တွေ အဆက်မပြတ်စုဆောင်းနေတဲ့ ဖိနှိပ်တဲ့အင်အားစုတွေဖြစ်လို့
အလွန်လေးလံတဲ့ ထမ်းပိုး တုံးကြီးကိုခါချလိုက်တာနဲ့လဲတူနေတယ်။ ဒါကြောင့်လက်ရှိ
ပဒေသရာဇ်တစ်ပိုင်းစီပွားရေးစနစ်ကိုလဲ အလွယ်တကူပြောင်းလဲပစ်လို့ ရမယ်လို့
ထင်ခဲ့ကြတယ်။
အမှန်တော့
ဝနယ်ဟာ စီးပွားရေးအရဖွံ့ဖြိုးမှု အလွန်နောက်ကျတယ်။ အများစုကြီးက
ရွှေ့ပြောင်းတောင်ယာစနစ်ကို အားကိုးနေရပြီး မိမိ ဖာသာဖူလုံရေးစီးပွားရေးစနစ် အဆင့်မှာဘဲရှိတယ်။
အဲသလိုမိုးရွာသွန်းမှုကိုအမှီပြုတဲ့ တောင်ယာစနစ်မှာတောင် တစ်နယ်နဲ့တစ်နယ်အကြား မြေလုပွဲတွေ၊မြေကြောင့်
စစ်ခင်းကြတာတွေရှိနေတယ်။ ဝနယ်ကြီးထဲမှာ စော်ဘွားနယ် ၁ဝ ခုရှိပြီး စော်ဘွားကာကွယ်ရေးအဖွဲ့ကလဲ
၁ဝ ခု ကျော်ရှိတယ်။ အင်္ဂလိပ်ခေတ်အစောပိုင်းမှာ ပန်လုံမြို့စား၊ ဟိုပန်မြို့စား၊
မိုင်းလွန်းမြို့စားလို မြို့စားတွေပေါ်လာတယ်။
အင်္ဂလိပ်ခေတ်နှောင်းကာလမှာ
ယောင်ဒင်းမြို့စားတို့ ပန်ဆန်းမြို့စားတို့ထပ်ပေါ်လာတယ်။ အခွန်အတုတ်ကလဲ
မျိုးစုံရှိတယ်။ ဆား ဝါးကျည် တောက်တစ်လုံး ဝနယ်ကိုရောက်ဖို့ ကာကွယ်ရေးဂိတ် ၂ဝ
ကျော်ဖြတ်ရပြီး ဂိတ်တိုင်းမှာအခွန်ဆောင်ကြရတယ်။ ဒါ ကြောင့် ဆား ဝါးကျည် တောက်တစ်ခုဟာ
အဲဒီခေတ်က ခေါင်းဖြတ်ဖို့ ကလေးငယ်တစ်ယောက်နဲ့ အလဲအလှယ်လုပ်လို့ ရနေတယ်။
အဲသလိုမြို့တွေမှာ ဝလူမျိုး အပြင်ရှမ်းတွေ ပလောင်တွေ လားဟူတွေ
မြောင်ဇီးတွေလဲနေထိုင်ကြပြီး လယ်ယာလုပ်ငန်းတွေ၊ ရေသွင်းစနစ်တွေ ဖွံ့ဖြိုးလာတယ်။
ဒါပေမဲ့
ဝနယ်အများပိုင်းကတော့ တောင်ယာစနစ်ကိုအားကိုးနေရပြီး တစ်နှစ်မှာ ဝမ်းစာ ၃ လစာ ၄ လစာ
လောက်သာရှိရကြတယ်။ ကျန်တဲ့ အချိန်တွေမှာ တောထဲမှာ သစ်သီးသစ်ဖုကိုဘဲ အားကိုးပြီး
မသေရုံအသက်ဆက်နေရတယ်။
၁၉၅ဝ
ခုတွေမှာ ကိုမင်တန်တရုပ်ဖြူတွေ ဝနယ်မှာတပ်စွဲလာတော့ ဘိန်းစီးပွားရေးကို
ဇောင်းပေးလုပ်ခိုင်းကြတယ်။ ဝအများအပြားလဲ ကာကွယ်ရေးတပ်သားနဲ့ဘိန်းစားတွေ ဖြစ်ကုန်တယ်။
ကာကွယ်ရေးတပ်တွေဟာ ဘိန်းလုပ်ငန်းတပ်တွေဖြစ်နေတယ်။ ဒီအခြေအနေကို ဆယ်စုနှစ် ၂
ခုလောက် ဖြတ်သန်းပြီးတဲ့အခါ ဒေသခံ ဝလူမျိုးလက်ဝဲပြောက်ကျားတပ်ဖွဲ့တွေပေါ်လာတယ်။
၁၉၆၆ခု နောက်ပိုင်း ခွင်းမား ပြောက်ကျား၊ ၁၉၆၇ အိုက်ချိန်ပြောက်ကျား၊ ၁၉၆၈
ဟိုစွမ်ပြောက်ကျား၊ ၁၉၆၉ ပန်ဝိုင်ပြောက်ကျားတွေပေါ်လာတယ်။ မရှေးမနှောင်းမှာ ဗကပ
တပ်တွေလဲ ရောက်ရှိလာခဲ့တယ်။ တပ်အင်အားကြီးထွားလာပြီး စစ်ရေးအောင်ပွဲတွေလဲဆက်တိုက်
ရလာတယ်။
ဒါပေမဲ့
စာမတတ်တဲ့သူတွေ၊ သင်္ချာအပေါင်းအနှုတ်တောင် မတတ်တဲ့သူတွေအကြားမှာ လုပ်အားမှတ်နဲ့ရေတွက်ပြီး
ထွက်လာတဲ့သီးနှံကို ခွဲဝေရေးဆိုတဲ့ လယ်ယာသမဝါယမစနစ်ဟာ ဆိုရှယ်လစ်စနစ် ရှေ့ပြေးကုန်ထုတ်လုပ်မှုဖြစ်နေတယ်။
ဒါကြောင့် လူထုဆန့်ကျင်တာ ခံရပြီး စီမံကိန်းကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။
ဘိန်းပပျောက်ရေးကတော့ ၁၉၇၅ ကနေ ၁၉၈ဝ ခုများအထိ ကြိုးပမ်းပေမဲ့ အရာမထင်ဖြစ်ခဲ့သလို
နောက်ပိုင်းမှာ တရားဝင်လုပ်ကိုင်ခွင့်ရသွားတဲ့ အဲဒီဘိန်းကဘဲ တပ်ခေါင်းဆောင်နဲ့
ဒေသခေါင်းဆောင် တော်တော်များများကို ဖျက်ဆီး ပစ်လိုက်ပါတော့တယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ
ကူးယူဖော်ပြပါသည်
0 comments:
Post a Comment