(ပြင်မပေးရင် ဘာလုပ်မလဲ)
ဝင်-ပြင်လိုင်းကျဖို့ကာလမှာ ၂ဝဝ၈ နဲ့သစ္စာနှံတော့မယ်ဆိုတော့ ခါတော်မီ
ပါတီတွင်းလူစုပွဲတွေ ဂိုဏ်းထောင်ပွဲတွေ စလာတယ်။ ဂိုဏ်းတွေလည်း ကွဲကြပါတယ်။
ငြင်းသံခုန်သံ အခြေအတင်ပြောသံတွေ ကျိုက်ကျိုက်ဆူ လာပါတယ်။ ဖွဲ့စည်းပုံပြင်ရေးဂယက်
ပွက်ပွက်ထ လာပါတယ်။ ဖွဲ့စည်းပုံဟာ ဖျက်စရာမဟုတ် ပြင်စရာသာဖြစ်တယ်။ သူ့အထဲက
ဒီမိုကရေစီမကျတာတွေကို ဖယ်ထုတ်နိုင်ရင် ဒီမိုကရေစီဖွဲ့စည်းပုံဖြစ်သွားမယ်။
ပြင်ဖို့အတွက် လွှတ်တော်ထဲဝင်ရမယ်။ မဖြစ်နိုင်တာတွေ မတောင်းနဲ့။ ဖြစ်နိုင်တာက
စလုပ်။ လုပ်မယ်ဆို Space လိုတယ်။ ခု စပေ့စ်က ပွင့်နေတယ်။ ဘာသောညာသောပြောမနေနဲ့
ရတဲ့အပေါက်ကသာ ခေါင်းလျှိုပြီးတိုးဝင်။ ရှက်မနေနဲ့ အိနြေ္ဒဆောင်မနေနဲ့၊ အရှက်ပြေ
လျှောက်ပြောမနေနဲ့ စတဲ့ ချော့သံမြှူသံ ကလူသံ ဖြဲသံခြောက်သံ
ဟိန်းဟောက်သံတွေနဲ့ ညံနေတဲ့ကာလတခုကို လူထုဟာဖြတ်ခဲ့ပါတယ်။ နောက်ဆုံး
မီးကိုရေနဲ့ငြှိမ်းသလို ဝင်-ပြင်လိုင်းကျသွားပါတယ်။
ဒီအချိန်စလို့ ဖွဲ့စည်းပုံပြင်ရေးဟာ
နိုင်ငံရေးသမားတွေရဲ့ ပါးစပ်ဖျားမှာ တော်တော့်ကို ရေပန်းစားခဲ့ပါတယ်။ လူမတွေ့နဲ့
တွေ့လိုက်တာနဲ့ ပြင်မယ်ဆိုတာချည်းဘဲ။ တပြားမှမလျှော့ဘူး။ ဘယ်လို ပြင်မှာလဲဆိုတော့
လွှတ်တော်တွင်းနည်းနဲ့ ပြင်မှာ။ စစ်အမတ်တွေကို ဖဲ့ထုတ်စည်းရုံးယူမှာ။ စစ်အုပ်စုကို
နားချဖြောင့်ဖျယူမှာ။ လူထု ချွေးတပေါက်မှ မကျစေရဘူး။ သတ္တိရှိတဲ့
တပ်မတော်သားကြီးတယောက် စသည်ဖြင့် ပေါက်ပေါက်တွေ ဖေါက်ခဲ့ကြတဲ့
မီးရှူးမီးပန်းတွေပစ်လွှတ်ခဲ့ကြတဲ့ ကာလတခုလည်း လူထုဘဝမှာ ရှိခဲ့ဖူးပါတယ်။အဲ့ဒီကာလကို လူထုဟာ
လူထုနဲ့အတူဖြတ်ခဲ့ကြပါတယ်။
လူထုဟာ မဖြစ်နိုင်မှန်းသိပေမယ့်
အဆုံးအထိလုပ်ကြည့်ကြပါစေဦးဆိုပြီး သဘောထားကြီးပေးခဲ့ကြပါတယ်။ ပါဝင်ပေးခဲ့ကြ၊
ထောက်ခံပေးခဲ့ကြပါတယ်။ လက်မှတ်တွေကောက်လည်း ထိုးပေးလိုက်ကြပါတယ်။
လူမကြည့်နဲ့ပါတီကြည့်ဆိုလည်း မဲရုံတွေရှိရာ အင်န်အယ်လ်ဒီကိုမျက်နှာမူပြီး
လက်သန်းတွေ မင်အစွန်းခံခဲ့ကြပါတယ်။ ဒါဟာ သက်သောင့်သက်သာနဲ့ပြေလည်သွားလည်း
ပြီးတာပါပဲ။ လောလောဆယ်မှာ အကုန်မရတောင် ၂ ဘက် လက်ခံနိုင်မယ့်
အဆင့်အနေတခုလောက်ရတယ်ဆို မဆိုးပါဘူး။ နောင်ကတော့ နောင်ရောက်လျား
ဖြည်းဖြည်းချင်းလုပ်ယူတာပေါ့ သိတ်လောကြီးလို့ မဖြစ်သေးဘူးလို့
သဘောထားပေးခဲ့ကြတာလို့ ထင်ပါတယ်။ အားလုံး ကောင်းလာမှာပါဆိုတဲ့ ယုံကြည်ကိုးစားမှုနဲ့
မျှော်လင့်ချက်တွေ တပွေ့တပိုက်ကြီးနဲ့ အဲ့ဒီကာလကိုဖြတ်ကျော်ခဲ့ကြတာဖြစ်ပါတယ်။
သိတ်ပင်ပမ်းလွန်းနေတဲ့ လူထုကိုယ်၌ကလည်း
ခြေကုန်လက်ပမ်းမကျခင် အားပြန်ယူရမယ့်ကာလသဘောမို့ တာစထွက်ကတည်း ခတ်လေးလေး
ဖင့်ဖင့်နွဲ့နွဲ့ကြီးလည်းမဟုတ်၊ ခတ်သွက်သွက် ပစ္စလက်ခတ်ကြီးလည်း မဟုတ်ဘဲ
သတိလေးနဲ့ထောက်ခံပါဝင် အားပေးခဲ့ကြပါတယ်။
လူထုမှာတော့ တပြိုင်တည်းမှာ ဒီလူတွေ
ဒီလိုတွေသာပြောနေကြပေမယ့် ရိုးသားမှုအလျဉ်းမှ ရှိပါ့မလားဆိုတဲ့သံသယလည်း
တဘက်ကရှိနေတာ အမှန်ပါ။ လွှတ်တော်တွင်းကနေပြင်မယ်။ ဥပဒေဘောင်တွင်းက သွားမယ်။
လုပ်ထုံးလုပ်ထုံးနည်းနဲ့အညီ လုပ်မယ်။ လွယ်တာက စပြင်မယ်။ လွှတ်တော်ပ လူထုနည်းကို
အရန်ရွေးလမ်းလေးတောင် မထားဘူး။ စစ်တပ် ငြိုငြင်အောင်မလုပ်နဲ့။ ပေးသလောက် စယူထား၊
လိုတာထက် ပိုတောင်းရင် ဘာမှမရဘူးဖြစ်သွားမယ်။ လမ်းပေါ်နိုင်ငံရေး ခေတ်ကုန်ပြီ။
တယောက်အားနဲ့ တသောင်းဗိုလ်ခြေ ညက်ညက်ကြေ၊ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီဆိုတာ
ဘယ်သို့ဘယ်ချမ်းသာ စတဲ့အသံမျိုးစုံနဲ့ ဘေးတီးကြ လှော်ကြ လှန့်ကြ တောခြောက်ကြ
အသံဗလံတွေနဲ့ နိုင်ငံရေးသမားတွေရဲ့စိတ်တွေဟာ တာဝတိံသာတက်လိုက် အဝီစိထိ
ဗြုန်းဆိုပြုတ်ကြသွားလိုက်နဲ့ ရပ်တည်ချက်ရောက်ယက်ခတ်ကာလ လို့ပြောမလောက်အောင်
ကတိမ်းကယိမ်းဖြစ်ခဲ့ဖူးပါတယ်။ လူထုကတော့ မျက်စေ့လည်မသွားခဲ့ကြတာ
အထင်အရှားရှိပါတယ်။
လူထုကို လမ်းပေါ်ထွက်မလာအောင် ဒီနည်းနဲ့
လှည့်ဖျားသိမ်းသွင်းယူလို့ရလိမ့်မယ်လို့ NLD ကတွက်သလို စစ်အုပ်စုကလည်း ဒီမိုကရေစီအင်အားစုတွေရဲ့
ဒီနိုင်ငံရေးမျိုးကို အလွန်သဘောတွေ့ မနောခွေ့နေခဲ့ ပါတယ်။ လက်ခုပ်လက်ဝါးတီး
ချီးကျူးထောမနာ သောင်းသောင်းဖြဖြ ပေးခဲ့ပါတယ်။ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ၊
လွှတ်တော်၊ အရပ်ဝတ်၊ ခေါင်းပေါင်း၊ ပုဝါစုံချတွေနဲ့ ဓာတ်ပုံစားခဲ့တဲ့ခေတ်လို့
ကင်ပွန်းတပ်ရမယ်ထင်ပါတယ်။ လူထုဘဝကတော့ ကျွန်စုပ်တဲ့ သရက်စေ့ကတက်မလာပါ။
အဲ့သလိုလုပ်ရင်းလုပ်ရင်း ဘယ်အထိ
တာဆိုက်သွားသလဲဆိုတော့ ဖွဲ့စည်းပုံကဖျက်စရာမလိုဘူး။ ဖျက်တဲ့လူ ရန်သူလို့
မကြေညာရုံတမယ် ကျန်သည်အထိကို ညံလာတာပါ။ ဖျက်သိမ်းရေးသမားတွေ
ကိုယ်ရှိန်သတ်ရတဲ့ကာလဆို့ ဆိုရမယ် ထင်ပါတယ်။ ပြင်ရေးအသံ ဘဝဂ်ညံ
စကြဝဠာသောင်းတိုက်ကကြား ဖြစ်နေချိန်ကြီးကိုး။
ဒါပေမယ့် လူထုက သူတို့ထင်သလို
သူတို့ထင်သလောက် မ 'အ'ပါ။ မ အကြောင်းဘာနဲ့ပြသလဲဆိုတော့ ဖွဲ့စည်းပုံပြင်ရေးနဲ့
မဲမြှူတဲ့ပွဲတခုမှာ ဒေါ်စုက စင်ပေါ်ကနေ ပြင်ရမယ်ဆိုပြီး လက်သီးလက်မောင်း
တန်းနေချိန်က အောက်က နားထောင်နေတဲ့ပရိတ်သတ်ထဲက မထင်မရှားလူတယောက်က ထပြီး
"ပြင်မပေးရင် ဘာလုပ်မလဲ" လို့မေးပါတယ်။ ဒေါ်စု ရုတ်တရက်
အငိုက်မိသွားပါတယ်။ နှုတ်ဆွံ့ သွားပါတယ်။ ဒါပေမယ့် ချက်ခြင်း သူ့ထုံးစံအတိုင်း
"ရအောင် ပြင်ရမှာပေါ့"လို့ ဘာတရားမှမပါတဲ့စကားနဲ့ လှန်ခွပ်ရတဲ့ဘဝ ရောက်သွားခဲ့ရတာ မှတ်မိကြလိမ့်ဦးမယ်
ထင်ပါတယ်။ သူ့အဖြေဟာ လူထုကို ချွေးမသိပ်နိုင်ခဲ့ပါဘူး။ လူထုကို လုံးဝဥဿုံ
နာခံအောင် မလုပ်နိုင်ခဲ့ပါဘူး။
အဲ့ဒါ လူထုနိုင်ငံရေးပါ။ လူထုနိုင်ငံရေး
ရေချိန်ပါ။ လူထုတွေးတဲ့ အတွေးပါ။ လူထုပြင်တဲ့ အပြင်ပါ။ လူထုနိုးကြားတဲ့
အနိုးအကြားပါ။ လူထု လှန့်တဲ့ တပ်လှန့်သံပါ။ လူထုခေါက်တဲ့ မီးလှန့်သံချောင်းပါ။
လူထုပြောတဲ့ လူထုစကားပါ။
ခုလည်း ဖွဲ့စည်းပုံပြင်ရေး
တပတ်ပြန်လည်လာပါပြီ။ လူထုဟာ ခဲအကြိမ်ကြိမ်မှန်ဖူးပါပြီ။ ကာလအလျှောက်
ခါတော်မီနိုင်ငံရေးဝဲသြဃထဲ ကူးခပ်ရင်း နိုင်ငံရေး ရင့်ကျက်သထက် ကျက်နေပါပြီ။
နိုးကြားသထက် ကြားနေပါပြီ။
ပြင်မပေးရင် ဘာလုပ်မလဲ မေးကြပါလိမ့်ဦးမယ်။
ရအောင်ပြင်မှာပေါ့နဲ့ ချွေးထပ်သိပ်ဖို့ ကြိုးစားလို့မရတော့ပါ။ ပြင်လို့မရမှန်း
လူထုသိတာ ခုမှ စ မဟုတ်ပါ။
ဖြေဖို့ အလုပ် လုပ်ပြပါ။
မျိုးမြင့်ချို
0 comments:
Post a Comment