Saturday, February 23, 2019

(စိတ်ကျဝေဒနာ) မျိုးမြင့်ချို

0 comments

(စိတ်ကျဝေဒနာ)
၃ လအတွင်း စိတ်ရောဂါကုဆေးရုံ ၃ ကြိမ်တက်ခဲ့ရ။ ရက်အားဖြင့် စုစုပေါင်း ၄ဝ စွန်းစွန်း။ မနှစ်ကလည်း ၁ ကြိမ်တက်ခဲ့ရ။ ဒီပရက်ရှင်န်၊ အင်န်ဇိုက်ယတီး၊ ပီတီအက်စ်ဒီ နဲ့ နိုက်မဲယားစ်၊ အိပ်မပျော်တဲ့ဝေဒနာနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေကြောင့်ဘဲ။

စိတ်ရောဂါဆေးရုံတွေမှာက ဆေးဝါး၊ အစားအစာ၊ ဆရာဝန်၊ သူနာပြု၊ စောင့်ရှောက်ပေးပုံ၊ မုန့်ပဲသွားရည်စာ၊ နေရထိုင်ရအဆင်ပြေမှုတွေ အလွန်ကောင်း အပြည့်အဝရှိပေမယ့် ဘယ်အပြင်မှ ထွက်ခွင့်မရှိ၊ နေ့စဉ် ထောင်ဝင်စာလာတွေ့သလို တနေ့ ၂ နာရီ မိသားစု လာတွေ့ခွင့်ပေးတယ်။ တပြည်လုံးနဲ့ဆိုင်တဲ့ ရုံးပိတ်ရက်တွေမှာ ၂ ကြိမ်( ၄ နာရီ)တွေ့ခွင့်ပေးတယ်။ တယ်လီဖုန်း၊ ကွန်ပြူတာ၊ အင်တာနက်၊ အိုင်ပက်ဒ်၊ အိုင်ပေါ့တ် ဘာမှသုံးခွင့်မပေးဘူး။ အပြင်လောကနဲ့ အဆက်ဖြတ်ထားတဲ့သဘောမျိုးဘဲ။

မိမိနေရာအခန်းတံခါးမှတပါး အဆောက်အဦးတွင်းရှိတံခါးဟူသမျှကို လျှပ်စစ်နည်းသုံး ပါ့စ်ဝါ့ဒ်တွေ၊ ကဒ်ပေါ်က အီလက်ထနောနစ် ဘားကုဒ်တွေနဲ့ခြစ်ပြီး စကင်န်ဖတ်တာ မှန်မှ တံခါးကပွင့်တယ်။ အဆိုးဆုံးက ၂၄ နာရီအပြည့် ၁၅ မိနစ်တခါ လူနာခန်းတံခါးလေးဖွင့်ပြီး Safety Check လုပ်တာဘဲ။ နေ့အိပ်အိပ် ညအိပ်အိပ် ၁၅ မိနစ်တခါ တံခါးဖွင့်သံတိုးတိုးလေးနဲ့ နိုးနိုးသွားရတာဘဲ။ နောက်တော့ အခန်းတံခါးကို ၂၄ နာရီ ဖွင့်ပေးထားလိုက်တယ်။ ဒီတော့မှ သူတို့လည်းအဆင်ပြေ ကိုယ်လည်း မပျော်တချက်ပျော်တချက်နဲ့ အိပ်ရေးမဝတဝလေးပြန်ရတယ်။

စားလိုက်ရတဲ့ဆေးတွေမှ နည်းလား။ တနေ့ ၃ ကြိမ် ဆေးသောက်ရတယ်။ ညဘက်ဆေးသောက်ချိန်ဆို ပဲကြီးလှော်ဝါးသလိုကို စားနေရတာဘဲ။ စိတ်ရောဂါနဲ့ပတ်သက်တဲ့ ဆေးအများစုမှာ လူကို အိပ်နေအောင်၊ ဦးနှောက်ကို အနားပေးထားအောင်၊ တောင်တောင်အီအီတွေ မတွေးမိအောင်လုပ်ပေးထားတဲ့ ဓာတ်ပစ္စည်းတွေပါတယ်မဟုတ်လား။ အဲ့ဆေးတွေသောက်ပြီး လူက အိပ်ရင်တော်သေးရဲ့ မအိပ်တော့ ပိုဆိုးတယ်။ ခေါင်းတွေ နောက်ကျိပြီး၊ စိတ်တွေထိုင်းမှိုင်းပြီး၊ ကိုယ်လက်တွေလေးလံပြီး အနေရအထိုင်ရ အတော်ခက်ပါတယ်။

ကျနော့်ကိုတိုက်တဲ့ဆေးတွေထဲမှာ အတိတ်ကိုအမှတ်သညာပြုတဲ့၊ အတိတ်ဖြစ်ရပ်တွေကိုသိုမှီးတဲ့ ဦးနှောက်အစိတ်အပိုင်းကို အားနည်းနေအောင်လုပ်ထားတဲ့ဆေးလည်းပါတယ်။ သဘောကတော့ ပီတီအက်စ်ဒီ သမားတွေမှာ အတိတ်က စိတ်ပိုင်း/ရုပ်ပိုင်းအရ ဆိုးဆိုးရွားရွား ထိခိုက်နာကျင်စရာတွေ၊ အဖြစ်အပျက်တွေကို သိစိတ်နဲ့ပြန်ပြန်တွေးတတ်တာ၊ မသိစိတ်နဲ့ သူ့အလိုလိုပြန်ပြန်ဝင်လာတတ်တာ။ နိုက်မဲယားလို့ဆိုတဲ့ ခြောက်အိပ်မက်တွေ မက်တတ်တာတွေ ရှိတာကြောင့်ဘဲ။ အဲ့ဒါတွေကဘဲ သူတို့ကို ဒုက္ခပေးနေတာဘဲ။ အမေရိကန်စစ်ပြန်တွေ စစ်ထွက်တွေကြားမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေဖြစ်နေတာလည်း အဲ့ဒီ ပီတီအက်စ်ဒီကြောင့်၊ ဒီပရက်ရှင်န်ကြောင့်၊ အင်ဇိုက်ယတီးတွေကြောင့်ဘဲ။

ကျနော်ကတော့ အဲ့ဒီဆေးကို လွယ်လွယ်ဘဲ ဗမာလို အတိတ်မေ့ဆေးလို့ အမည်ပေးထားတယ်။ ခုလည်း မနက်ည ၂ ကြိမ်သောက်တဲ့အထဲမှာ အဲ့ဆေးကပါနေသေးတယ်။ ဆေးချိန်ကတော့ လျော့သွားပါပြီ။ ဆေးရုံပေါ်နေတုန်းကထက် လေးပုံ တပုံစာလောက်ပဲရှိတော့တယ်။

အဲ့ဒီဆေးတွေကြောင့်ဘဲထင်တယ် ကျနော် လူနံမည်တွေ၊ ကိန်းဂဏန်းတွေ၊ အဖြစ်အပျက်တွေကို တော်တော်ကြီးကို မေ့မေ့နေပြီ။ ကုန်ကုန်ပြောရရင် အမေ့နံမည်တောင် တခါတခါ မနည်းပြန်ဖေါ်ယူရတယ်။ အမေ့နံမည်နဲ့မွေးနေ့ကို ကဒ်ပြားလေးတခုမှာရေးထားပြီး တခါတခါ ထုတ်ထုတ်ကျက်ရတယ်။ သူငယ်ချင်းတွေနံမည်၊ မိတ်ဆွေတွေနံမည်၊ ဖုန်းနံပတ်စတာတွေဆို မေ့တာပိုဆိုးတယ်။ သတိရအောင် ပြန်ပြန်လုပ်ရတာလည်း စိတ်အပမ်းအတော်ကြီးတယ်။ တခါတလေ နာရီနဲ့ချီကြာတယ် လူနံမည်တခုပြန်ဖော်ဖို့ကို။ ဖော်လို့ရသွားပြီဆိုရင်လည်း လူက နုန်းချည့်ပြီး၊ စိတ်တွေထိုင်းမှိုင်းပြီး၊ ခေါင်းတွေနောက်ကျိပြီး ကျန်နေခဲ့တယ်။ အွန်လိုင်းမှာ လူချင်းစိန်ခေါ်ပြီး အချိန်အကန့်အသတ်နဲ့ထိုးရတဲ့ ချက်စ်ပွဲတွေမှာ ကျနော် သတ်မှတ်ချိန်လွန်လွန်သွားလို့ အမြဲရှူံးနေတယ်။ အကောင်တွေရဲ့ပါဝါနဲ့ ရွှေ့ကွက်တွေကို မေ့မေ့နေလို့။ ရထားကို မြင်းလိုခုန်ဖို့ တွေးမိလိုမိ၊ ဘိရှော့ပ်ကို ဘုရင်မလိုရွှေ့ဖို့ စဉ်းစားမိလိုမိနဲ့။

စာမျက်နှာ ၁၅ဝ လောက်ဘဲရှိတဲ့ ဆောင်းပါးပေါင်းချုပ်လေးတအုပ်ကို ဖတ်နေတာ ၁ ပတ်ကျော်ပြီ။ ခုထိ မပြီးနိုင်သေးဘူး။ ရှေ့ကဖတ်လိုက် နောက်ကမေ့သွားလိုက်၊ အစကနေ ပြန်ဖတ်လိုက်နဲ့။ ဖတ်ပြီးသမျှတွေထဲက ဘာတွေ မှတ်မိလည်း ပြန်တွေးကြည့်တော့ ဘာမှမမှတ်မိဘူး။ စာရေးဖို့ဆိုတာကတော့ ဝေလာဝေးဘဲ။ (ဒါ့ကြောင့် စာအဟောင်းတွေ ပြန်တင်နေတာပါ) စာရေးတဲ့လူတွေသိပါတယ် စာတအုပ်ဖြစ်ဖို့အသာထား စာလေးတကြောင်းကိုတောင် စကားလုံးအထားအသို၊ စကားလုံးရွေးချယ်မှု၊ ဝါကျတည်ဆောက်ပုံ၊ ကိုယ်ပြောချင်တာကို အတိုဆုံးနဲ့အရှင်းလင်းဆုံး ပေါ်လွင်အောင်ရေးဖို့ဆိုတာ ဘယ့်လောက် အားထုတ်ရသလဲဆိုတာကို။ ပြောချင်တာလေးတခုရှိလို့ စာလေးနည်းနည်းရေးမယ်လုပ်တိုင်း စိတ်ထဲက ချောနေအောင်စီထားတဲ့စာဟာ တကယ်ချရေးလိုက်တော့ ဖွာလန်ကျဲနေတာဘဲ။ တွေးလိုက် မေ့လိုက်နဲ့ဘဲအချိန်အတော်ကုန် စိတ်ပင်ပမ်းလွန်းတယ်။ ဒါ့ကြောင့် မရေးဖြစ်တော့ဘူး။

ကျနော်ထင်ပါတယ် ဆက်ခဲယားထရစ်နဲ့မှန်မှန်တွေ့၊ ဆေးမှန်မှန်သောက်၊ သာရာပစ်တွေ၊ ကောင်းဆယ်လင်းတွေ ပုံမှန်လုပ်သွားရင်း သက်သာလာတဲ့အခါ ဆေးအသောက်ရ လျော့လျာ့လာပြီး နောက်ဆုံး ဆေးတွေအဆက်ဖြတ်ရမယ်လို့။

အဲ့ဒီအခါကျ စာပြန်ရေးပါမယ်။ ခု ဘာမဟုတ်တဲ့ဒီစာလေးရေးတာတောင် ၆ နာရီနီးပါးကြာတယ်။ ကျနော် နေမြန်မြန်ပြန်ကောင်းချင်လှပြီ။ စာတွေဖတ် စာတွေရေးလုပ်ချင်လှပြီ။ ခြေတွေလက်တွေ ပြန်မပေါက်နိုင်တော့မှန်းသိလို့ ပြန်ပေါက်ရကောင်းနိုးနိုး မမျှော်လင့်ပေမယ့် စိတ်လေးတော့ ပုံမှန်လေးပြန်ဖြစ်ချင်လှတယ်။
မျိုးမြင့်ချို(သြဂုတ်၁၉၊ ၂ဝ၁၈)

0 comments:

Post a Comment