Tuesday, February 5, 2019

(ပြည်ကြေမယ့်အကြံလား) မျိုးမြင့်ချို

0 comments

(ပြည်ကြေမယ့်အကြံလား)
တရုပ်က ရပ်ဆိုင်းထားရသည့် မြစ်ဆုံစီမံကိန်းကိုပြန်စဖို့နှင့် အခြားစီမံကိန်းတချို့ တွန်းတွန်းထိုးထိုးလုပ်ဖို့ အကျပ်ကိုင်နေခြင်းသည် နှစ်ပြည်ထောင်အစိုးရခြင်း မထောင်းတာလှသော်လည်း ဗမာပြည်နေတရုပ်များနှင့် တရုတ်ပြည်နေတရုတ်ပြည်သူများအတွက်ပါ မကောင်းလှချေ။ ထို့အပြင် ဗမာပြည်လာလုပ်ကိုင်နေကြသည့် အခြားတရုပ်ပုဂ္ဂလိကကုမ္ပဏီများအတွက်လည်း မျက်နှာပူစရာ အနေအထိုင်ကျုံ့စရာတွေ ဖြစ်လာနေသည်ဟုမြင်၏။ ဗမာပြည် နတ်ပြည်ရောက်မည် မရောက်မည်တော့ မပြောတတ်သေး။ ဇိအကုပ်ခံရသဖြင့် ဇက်ကျိုးမတတ်ဖြစ်နေရသည်က အထင်အရှား။ ဤနေရာ၌ အရင်းရှင်ပဲကွာဟု စကားနားဖြတ်လိုက်လျှင် ဆက်ပြောစရာမရှိတော့။ သို့သော် တရုတ်သည် စကားနား ဖြတ်ရမည့်သူမဟုတ်။ တရုတ်သည် ကွန်မြူနစ်ပါတီ အုပ်ချုပ်နေ၏။ တရုတ်သည် ကျနော်တို့ အိမ်ချင်းကပ်ပြည် ဖြစ်၏။ တရုတ်သည် ဗမာပြည်နှင့် သမဏိရှည်ကြာဆက်ဆံရေးရှိ၏။ တခါတခါ ရန်ဘက်ဖြစ်ပြီး၊ တချက်တချက် ပေါက်ဖော်ပင်ဖြစ်လိုက်သေး၏။ ဒါကလည်း ခေတ် စနစ်၏ ကာလဒေသပယောဂ အခြေခံပင်။ ထို့ကြောင့် ဆိုရေးရှိလာ၏။ ထို့ကြောင့် ပြောမည်ကြံ၏။


ကမ္ဘာတဝှမ်း တရုတ်စီးပွားရေးလက်တံမှာ အလွန်ရှည်၏။ တိုင်းပြည်တွေကို ဝင်သည့်အခါတွင်လည်း မထင်မရှားပုံစံ Low Profile ဖြင့်ဝင်၏။ ကလလ ကာလတွင် သိဖို့ဝေးစွ၊ ပဋိသန္ဓေတည်စအထိ မသိသာလှသေး၊ တချို့ဆို သိပင်မသိလိုက်ကြ။ အရင့်အမာဖြစ်မှ သို့မဟုတ် ဗြွတ်ကနဲ အကောင်လိုက်ကြီးထွက်ကျလာမှ ဟ..ဒါပါလားတွေ ဖြစ်သည့်အထိပင်ရှိတတ်၏။ ဒါကလည်း ဆိုင်ရာအစိုးရတွေ၏ အဖုံးအဖိ အဖာအထေးနိုင်လွန်းသည်က အခရာဖြစ်နေသည်မှ မငြင်းသာ။ တရုတ်နှင့်လုပ်သည့်စီမံကိန်းတွေကို ထို ဆိုင်ရာနိုင်ငံအစိုးရတွေက ကြိုက်ပြီး လူထုကမကြိုက်သည့်လက္ခဏာမှာလည်း ထင်ရှား၏။


ထိုနိုင်ငံများတွင် Usurpers ဆိုသည့် မတရားသဖြင့်အာဏာယူထားသည့် အစိုးရမျိုးတွေ အအုပ်အချုပ် အကြီးအစိုးများနေသည်ကလည်း လက်တွေ့။ ထိုအစိုးရမျိုးတွေ မင်းမူခွင့်ရနေသည်ကလည်း World Order ကမ္ဘာ့အခင်းအကျင်းတခုခု မပီအပြင်မကျသေးသောကြောင့်ပင်။ မကျရတာကလည်း ကမ္ဘာကို စီးပွားရေးအင်္ဂျင်ကြီး ၂ ခု မောင်းနှင်နေသည်ဟု ယေဘုယျဆိုကြသော်လည်း တကယ့်တကယ်က စစ်ပူကြီးတွေပြီးစ၊ စစ်အေးကြီးပူနေတုန်းကလို ဘယ်သူ့ဘယ်သူမှ ချုပ်ချုပ်ကိုင်ကိုင် စေးစေးပိုင်ပိုင် မလုပ်နိုင်ကြသေး။ အခင်းအကျင်းသစ်အတွက် အကောင်ကြီး Power House တွေ ခတ်ကွင်းပြင်ကြ လက်မောင်းလှဲကြ၊ ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်ကြစဉ်တွင် ဘုစုခရုနိုင်ငံတွေ၌ ဓားမိုးအုပ်ချုပ်သူများ အစိုးတရဖြစ်လာ၏။ ဒါကို 'ကမ္ဘာကြီးကိုက ကံဆိုးတာပါ၊ ဗမာပြည်ကိုက ကံခေတာပါ၊ နိုင်ငံရေးကံမကောင်းလို့ပါ'ဟု ထမင်းရည်ပူလာ လျှာလွှဲလုပ်သူကလုပ်ကာ လူထုကို မှိုင်းကူတိုက်ပေးတာတွေလည်း နားနှင့်မဆန့်အောင်ပင်ကြားနေရ၏။ ထိုအထဲတွင် ပညာတတ်၊ အမတ်ဆိုသူနှင့် နိုင်ငံရေးသမားတွေပင်ပါနေသည်ကို အံ့သြစရာမဟုတ်သည့်တိုင်တွေ့နေရ၏။ တကယ်တော့ မဆန်းလှ။ သူတို့ယုံကြည်ရာ အဘိဓမ္မာအခံကိုက ပြိုင်လာလျှင်အရှူံးပေး နှလုံးအေးတဲ့ဆေးမဟုတ်လား။ အပျော့ဆွဲဖြင့် လက်နက်ချအညံ့ခံရေး မဟုတ်လား။


ထိုသို့ တောင်မင်းနှင့်မြောက်မင်း စစ်လည်းမဖြစ် ငြိမ်းချမ်းရေးလည်းမရ အခြေအနေကို အခွင့်ကောင်းယူကာ မြစ်ဆုံစီမံကိန်းကို ဗမာစစ်အုပ်စု ထိပ်သီးတွေနှင့် တရုတ်ကြီးတွေဗိုလ်ကျကာ စာချုပ် ချုပ်ခဲ့ခြင်းဖြစ်၏။ မရ ဒဿကချိုင်ခြင်းတော့ မဟုတ်။ ရသည့်အရာကို ၂ ဘက်လုံးက ရသလောက်ဆွဲစားခြင်းပင်။ မြစ်ဆုံစီမံကိန်းအကြောင်း လူတွေ ဘာမှမသိရသေးခင်မှာပင် စစ်ထိပ်သီးတွေ အထုတ်ကြီး အထည်ကြီးရသွား၏။ တရုတ်ကြီးကလည်း လုပ်ငန်းတွေ သိုသိုသိပ်သိပ်နှင့် စနေ၏။ မြေထိုးစက်ကြီးတွေလည်သံပင် မကြားကြရ။ တပြည်လုံးအတိုင်းအတာနှင့် အကျယ်အပြန့် မသိလိုက်ကြရ။ သိသည့်အချိန်ကား နောက်ကျသွားပြီ။ ကျွံဝင်သွားပြီ။ ညှောင့်ဆွေးစူးနာက ပြည်တည်နေပြီ။ ဤတွင် လူတွေ လမ်းပေါ်ထွက်လာ၏။ ဘာတွေဆက်ဖြစ်ကုန်သည်ကား လူတိုင်းအသိမို့ပြောစရာမလိုတော့။ စစ်အုပ်စုက နောင်လာမည့်အစိုးရ ‘ထိ’ရန် မြှုပ်ထားသည့် အင်း။ ‘သွင်း’ထားသည့် အပင်း။ ဤနေရာတွင်လည်း Usurper Governments တွေကြိုက်ပြီး လူထုကလက်မခံဆိုသည်ကို အထင်အရှားတွေ့နိုင်၏။


ပြန်ဆက်ရလျှင် တရုပ်အစိုးရနှင့်ဆက်စပ်လုပ်ကိုင်သည့်တိုင်းပြည်တိုင်းတွင် တရုပ်အပေါ်တိမ်းညွှတ်မှုက အစိုးရနှင့်လူထု အတိအလင်း ခြားနားတာတွေ့ရ၏။ လူထုကမကြိုက်ကြောင်းကို နည်းမျိုးစုံဖြင့်ဖော်ပြတတ်၏။ ကောင်းသည့်မှန်သည့်နည်းကိုပင်ဖော်ပြရာ၌ပင် အနည်းငယ် ကွာတတ်၏။ သို့သော်မှန်နေသဖြင့် မဆိုသာချေ။ ဆိုစရာရှိသည်က တခြားလူ့အဖွဲ့အစည်းများနည်းတူ ဗမာပြည်(ပြည်တွင်း/ပြည်ပ)တွင်လည်း ကုလားမနိုင်ရခိုင်မဲအယူအဆရှိသူများ ကြွက်မနိုင် ကျီမီးနဲ့ရှို့တတ်သူများရှိနေခြင်းပင်ဖြစ်၏။ ဆန်းတော့မဆန်းလှ။


ကုလားတွေတုန်းက ဗလီတွေမီးရှို့ရဲပြီး၊ တရုတ်နဲ့ကျမှ ဘုံကျောင်းတွေကို ဒီအတိုင်းကြည့်နေရမလားကွတို့၊ တရုတ်ဆိုရင် အငုတ်တောင် မကျန်စေနဲ့တို့၊ တရုတ်ဓားက ဝက်သားပဲလှီးရတာ၊ ငှက်ကြီးတောင်က လည်ချောင်းသွေးနဲ့ ဆေးထားတာတို့၊ ဥတည်ဘွားကို ထုံး ၃ ရစ်တာခဲ့တာတို့မြန်မာကွတို့စသည့် သွေးထိုးလှုံ့ဆော်သံများ ဟိုတစသည်တစ ပြောက်ကြားပစ်သံကြားရ၏။ ထိုအထဲတွင့် ‘တကယ့်ကိုယ့်လူ’တွေပါသလို ‘သူ့လူကိုယ့်ဘက်သား ပဉ္စမံတပ်သားတွေ’လည်း အမြောက်အများဖြစ်နေ၏။ လူလုံးလည်း ကွဲပါ၏။


သူ့လူကိုယ့်ဘက်သားက ရှင်းသည်။ လက်ရှိဒေါ်စုဦးဆောင်သည့်အစိုးရအား နောက်ထပ်လူမျိုးရေးအဓိကရုဏ်းနွံထဲ ကျွံကျသွားစေရေးဖြစ်၏။ သူ့အလုပ်သူလုပ်သည်မို့ ကိုယ်ကလည်း ကိုယ့်အလုပ်(အစိုးရအလုပ်) ကိုယ်လုပ်ဝံ့လျှင် ပွဲပြတ်ပါသည်။ လုပ် အားလျှင် ဖမ်းချိုးထားလို့ရ၏။ ခေါင်းဖော်လို့မရ။ လုပ်ဝံ့မဝံ လုပ်အား မအားကတော့ သီးခြားပြောရမည်ထင်၏။ ‘တကယ့်ကိုယ်လူ’တွေကျတော့ နိုင်ငံရေးရေချိန် အတိမ်အနက်၊ အတွေးအခေါ်အား အထူအပါး၊ မြော်မြင်နိင်စွမ်းအတိုင်းအရှည် စတာတွေနှင့်ချိန်လျှင်(သူ့ဟာသူ ဘာကောင်ကြီးဖြစ်ဖြစ်) ရေချိန်နိမ့်သူ၊ အတွေးထူသူ၊ အမြော်အမြင်တိုသူတွေ ဖြစ်နေ၏။ သိသိနှင့်လုပ်တာထက် မသိသားဆိုးရွား သို့မဟုတ် ပဉ္စမံတပ်သားတို့၏ မျှားရာနောက်သို့ အသိစိတ်မဲ့ ကောက်ကောက်ပါနေကြသူတွေဖြစ်နေ၏။ အန္တရာယ်ပိုကြီးသော်လည်း။ ကိုင်တွယ်ရတော့ သိတ်မခက်လှ။


ဆိုတော့ ဒီအသံတွေက ဗိုလ်နေဝင်းခေတ်တုန်းကလို တရုတ်ဗမာအရေးအခင်းတခုဆီ ပြန်ဦးတည်ချင်စေမှန်းသိသာ၏။ သို့သော် ဖြစ်ဖို့ မလွယ်။ ဖြစ်ရန် ခဲယဉ်း၏။ ခေတ်က စစ်အေးခေတ်မဟုတ်တော့။ အနောက်အုပ်စုက သူ့ဗျာပါဒနှင့်သူပွေနေ၏။ ကူဖို့ဝေးစွ လှည့်ပင်မကြည့်အား။ နည်းပညာက လူတိုင်းလက်ထဲတွင် အင်တာနက်ဖုန်းတွေပေးထား၏။ လူထုကိုယ်၌က မီဒီယာဖြစ်နေ၏။ တရုတ်က နိုင်ငံတကာကွန်မြူနစ် မဟုတ်တော့။ တရုတ်ပုံစံ ဆိုရှယ်လစ်ခြေဆင်း ကနေ၏။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်နေ၏။ ကမ္ဘာ့ရေးရာတို့တွင်လည်း အရင်ကထက် အဆပေါင်းများစွာ ဝင်ဆန့်လာ၏။ တချို့နေရာတွေဆို မျက်ကွယ်ပြုဖို့အသာထား ရှေ့ကပင် ဇန်းတင်ပေးနေရသည်လည်းရှိ၏။ နောက်တချက် အရေးတကြီး ထည့်တွေးရမည်က ဗမာပြည်ကွန်မြူနစ်ပါတီ။ သူလည်း ယခင်လို ‘အား’မရှိတော့၊ ချည့်နဲ့နေပြီ။ တပ်မရှိ သေနတ် မရှိတော့။ ယူဂျီပါတီဖြစ်နေ၏။ ဗမာပြည်လည်း နေဝင်းခေါင်းကိုင်စစ်အုပ်စု မဟုတ်တော့။ မဆလတပါတီ မဟုတ်တော့။ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ၊ ဖွဲ့စည်းပုံတွေနှင့် အထိုင်ကျနေ၏။ ပိုဟန်ကျသည်မှာ လူထု(အများက)ကလက်ခံသည့် အရပ်သားအမည်ခံအစိုးရတရပ်လည်း ရှိနေ၏။ ထိုအရှိတွေအထဲတွင် သူတို့အတွက်အရှိဆုံးက ဒေါ်အောင်ဆန်းစုကြည်။ မြစ်ဆုံကို စပျစ်သီးချဉ်ခဲ့သူက ခုတော့ ချိုမြမြလေး ဖြစ်နေသည် မဟုတ်ပါလား။ ဘယ်နေရာတွင် ဘယ်လောက် ကတောက်ကဆဖြစ်ဖြစ် နေရာများစွာတွင်တူပါမည်ဟု ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် သစ္စာနှံဂဟေဆက်ထားကြသူများမဟုတ်လား။ နေရာတကာမဟုတ်တောင် တချို့နေရာများတွင် ယခုပင် ဤကို ကျွဲနေကြပြီ မဟုတ်လား။


လူမျိုးရေးအဓိကရုဏ်းတခုခုဖြစ်လာလျှင် ဟိုနိုင်ငံကလူတွေက လေညှာကဆိုသော်လည်း နေသာတော့ အားမည်မထင်။ စကားပမာပြောရရင် ဟိုလူတွေက ကုလား။ ပြည်တွင်းနေတရုတ်တွေက ရခိုင်။ အမဲ ခံရမည်။ တရုတ်အစိုးရက ကြွက်၊ ပြည်တွင်းနေတရုတ်တွေက ကျီ။ မီးအရှို့ ခံရမည်။ ရှေ့တွင်လည်း အမဲခံရဖူးပြီ၊ အရှို့လည်းခံရဖူးပြီ။ ဒီတချီတော့ သူတို့လည်း အဖြစ်ခံနိုင်မည်မဟုတ်။ ဗမာစစ်အုပ်စုနှင့် (အရပ်သား)အစိုးရကလည်း အဖြစ်ခံနိုင်မည်မဟုတ်။ တရုတ်အစိုးရနှင့် မျက်နှာအပျက်မခံလိုကြောင်း နှစ်ပြည့်တပြည် ရွှေလမ်းငွေလမ်း ဖေါက်နေကြတာတွေကြည့်လျှင် သိသာ၏။ သည်တော့ မဖြစ်အောင်တားလိမ့်မည်။ ဖြစ်လာလျှင် ‘ကိုင်’လိမ့်မည်။ တရုတ်အစိုးရနှင့် ဗမာအစိုးရ စိတ်ဝမ်းအကွဲတော့ ၂ ဘက်လုံးက ခံနိုင်ကြမည်မဟုတ်ဟုမြင်၏။ ကွဲစရာလည်း ခုထိတော့ မတွေ့သေး။


တခါ တရုတ်ပြည်သူတွေဘက်ကကြည့် ကြည့်ပါမည်။ တရုတ်ပြည်သူ(အများစု)ကြီးမှာ စီးပွားရေးအရ အရင်ကထက် ချောင်လည်လာကြတာ မှန်၏။ လွတ်လည်း နည်းနည်း လွတ်လပ်လာသယောင်ရှိ၏။ တီယန်မင်ကာလတုန်းတွေကလောက် ကျပ်ကျပ်တည်းတည်း မဟုတ်တော့။ သို့သော် ကျနော်တို့နည်းတူ သူတို့လည်း လိုချင်သည့်ဒီမိုကရေစီမရကြသေး။ အများသုံးစကားဖြင့်ဆိုရလျှင် သူတို့လည်း ကျနော်တို့နည်းတူ အဖိနှိပ်ခံဘဝများပင်။ ကျနော်တို့ ၈၈ အုံကြွမှုစိတ်ဓာတ်နှင့် သူတို့ တီယန်မင်ပုန်ကန်မှုတို့၏သွေးများလည်း နွေးနေကြဆဲပင်ဖြစ်၏။ အဖိနှိပ်ခံ အဖိနှိပ်ခံချင်း သွေးစည်းမှုနှင့်နားလည်မှုတစုံတရာ အတိုင်းအတာတခုအထိတော့ရှိကြ၏။ သို့သော် အဖိနှိပ်ခံဘဝ နားလည်မှုက နားလည်မှု၊ စာနာမှုက စာနာမှုပင်။ တကယ်တမ်း လက်သည်းဆိတ်ခံရလျှင်တော့ လက်ထိပ်နာကြမည်ဖြစ်၏။ ထိုအခါ ပြည်သူပြည်သူချင်း စိပ်ဝမ်း ထပ်ကွဲကြရမည်။ မကောင်းတော။့ တရုတ်အစိုးရအတွက်ရော တရုတ်ပြည်သူအတွက်ရော၊ ဗမာပြည်နေ တရုတ်လူမျိုးတွေအတွက်ရော ဗမာပြည်သားတွေအတွက်ပါ မကောင်းတော့။


အစိုးရခြင်းစိတ်ဝမ်းကွဲလျှင်ပြည်သူ ပါတာမပါတာကနောက်မှ စစ်ကအရင်ဖြစ်သည်။ ပြည်သူပြည်သူချင်း စိတ်ဝမ်းကွဲလျှင် စစ်ကနောက်မှ အဓိကရုဏ်းတွေ သတ်ဖြတ်လုယက် မီးရှို့ဖျက်ဆီးတာတွေက အရင်လာမည်။ လက်နားနီးသူ အရင်နာမည်က သေချာသည်။ ပြည်ကြေတာက နောက်မှ ဖြစ်ချင်လည်းဖြစ်မည် မဖြစ်ချင်လည်း မဖြစ် မသေချာလှ။


ကျနော်တို့ စဉ်းစားရပါမည်။ ကျနော်တို့ တွေးရပါမည်။
(မှတ်ချက်။ ။ ကုလားမနိုင်ရခိုင်မဲကို စကားကိုးကားလို၍ယူသုံးပါသည်) မျိုးမြင့်ချို(ဖေဖော်ဝါရီ ၅၊ ၂ဝ၁၉)

0 comments:

Post a Comment